အဟ်လေ့ဘိုက်သ် (အ.စ) နိုင်ငံတကာသတင်းဌာန (အဗ်နာ)
ကြေညာချက်တွင် လစ်ဗျားနိုင်ငံ၏ မြေပိုင်နက်နှင့် ရေပိုင်နက်အတွင်း မည်သည့်နိုင်ငံခြားစစ်ဆင်ရေးမျိုးကိုမဆို ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။ ရုရှားနှင့် ယူကရိန်းအကြား ပဋိပက္ခဆက်လက်ဖြစ်ပွားနေခြင်းသည် မည်သည့်ဘက်ကိုမျှ လစ်ဗျားပိုင်နက်အတွင်းသို့ စစ်ဆင်ရေးများ ယူဆောင်လာခွင့် မပေးကြောင်းလည်း အလေးပေးပြောကြားခဲ့ပါတယ်။
ထို့အပြင် လစ်ဗျားအစိုးရ၏ တရားဝင်ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားစစ်တပ်များကို လက်ခံထားခြင်းသည် နိုင်ငံတော်လုံခြုံရေးအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် တရားမဝင် နိုင်ငံခြားစစ်တပ်များ၏ တည်ရှိမှုကို အဆုံးသတ်ရန်လည်း တောင်းဆိုခဲ့ပါတယ်။လစ်ဗျားနိုင်ငံ၏ မြေပိုင်နက်၊ ဆိပ်ကမ်းများနှင့် ရေပိုင်နက်တို့သည် နိုင်ငံတကာ ကိုယ်စားပြုစစ်ပွဲများ ဆင်နွှဲရာ နေရာမဟုတ်ကြောင်း အတိအလင်း ကြေညာခဲ့ပါတယ်။
တနင်္လာနေ့ နံနက်အစောပိုင်းတွင် လစ်ဗျားနိုင်ငံ အရှေ့ပိုင်းရှိ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ရုရှားသင်္ဘောတစ်စင်း တိုက်ခိုက်ခံရမှုကြောင့် ရုရှားနှင့် လစ်ဗျားနိုင်ငံသားများအပါအဝင် လူ ၁၀ ဦးမှာ အပေါ်ယံဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါတယ်။
တစ်ချိန်တည်းတွင် လစ်ဗျားအရှေ့ပိုင်းရှိ တပ်ဖွဲ့များက ၎င်းတို့၏ ရေတပ်နှင့် လေတပ်တပ်ဖွဲ့များသည် စစ်ရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ခြိမ်းခြောက်မှုများကို တုံ့ပြန်ခဲ့ပြီး အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အယ်လ်ဂျဇီးရားသတင်းဌာန၏ ဖော်ပြချက်အရ လစ်ဗျားအရှေ့ပိုင်းအာဏာပိုင်များနှင့် နီးစပ်သည့် မီဒီယာများကလည်း ဘင်္ဂါဇီကမ်းရိုးတန်းအနီးတွင် လူမဲ့အသေခံလှေများဖြင့် နောက်ထပ်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထို့အပြင် ဘင်္ဂါဇီမြို့ အရှေ့ပိုင်းရှိ အယ်လ်ဆာဘရီဒေသအနီးတွင် အခြားကုန်သွယ်ရေးသင်္ဘောတစ်စင်းလည်း လူမဲ့လှေများဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။
ဘင်္ဂါဇီဆိပ်ကမ်းဘက်သို့ ဦးတည်လာသည့် အသေခံလှေများ၏ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကိုလည်း တားဆီးနိုင်ခဲ့ကြောင်း အဆိုပါမီဒီယာများက ဆိုပါတယ်။
အမေရိကန်အခြေစိုက် အက်ဆိုးစီယေးတက်ပရက်စ် (AP) သတင်းဌာနက လစ်ဗျားအရှေ့ပိုင်း စစ်ဘက်အရာရှိများကို ကိုးကားဖော်ပြရာတွင် အဝေးထိန်းစနစ်ဖြင့် မောင်းနှင်နိုင်သော ရေယာဉ်ငယ် (USV) အနည်းဆုံး ၄ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး ယင်းတို့အနက် ၂ စင်းမှာ ရုရှားစစ်သင်္ဘောကို ထိမှန်ခဲ့ကြောင်း သိရသည်။
အဆိုပါအရာရှိများက ယူကရိန်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် လစ်ဗျားအနောက်ပိုင်းရှိ စခန်းတစ်ခုမှ အဆိုပါ လူမဲ့ရေယာဉ်များကို ရုရှားသင်္ဘောဘက်သို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
အခြားတစ်ဖက်တွင် လစ်ဗျားအရှေ့ပိုင်း စစ်ဘက်သတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနသို့ ပြောကြားရာ၌ မော်လ်တာနိုင်ငံအလံလွှင့်ထူထားသော ကုန်သွယ်ရေးသင်္ဘောတစ်စင်းသည် ဘင်္ဂါဇီကမ်းရိုးတန်းအနီးတွင် ဗုံးတပ်ဆင်ထားသည့် လူမဲ့လှေတစ်စင်း၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း ဆိုသည်။
ထို့အပြင် လစ်ဗျားအရှေ့ပိုင်း ရေတပ်နှင့် လေတပ်တပ်ဖွဲ့များသည် ဘင်္ဂါဇီကမ်းရိုးတန်းအနီးတွင် လူမဲ့လှေ ၁၂ စင်းကျော်ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်းလည်း အဆိုပါသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အယ်လ်ဂျဇီးရားသတင်းဌာနက လစ်ဗျားအရှေ့ပိုင်း အရာရှိများကို ကိုးကား၍ ဖော်ပြရာတွင် ရုရှားသင်္ဘောသည် ရုရှားနိုင်ငံသို့ ပြန်လည်ထွက်ခွာနေသည့် လမ်းကြောင်းပေါ်တွင် ရှိနေပြီး ဘင်္ဂါဇီမြို့၌ ရပ်နားခဲ့ခြင်းမှာ လောင်စာဆီဖြည့်တင်းရန်နှင့် လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများ ရယူရန်ဖြစ်ကြောင်း သိရသည်။
အလားတူ လစ်ဗျားအမျိုးသားညီညွတ်ရေးအစိုးရကလည်း လစ်ဗျားနိုင်ငံအား နိုင်ငံတကာပဋိပက္ခများနှင့် နိုင်ငံခြားအင်အားကြီးနိုင်ငံများအကြား အပြန်အလှန်လက်စားချေမှုများ ပြုလုပ်ရာ နယ်မြေအဖြစ် အသုံးချခြင်းကို လက်မခံကြောင်း ကြေညာခဲ့သည်။
နောက်ဆုံးတွင် အစိုးရ၏ တရားဝင်မူဘောင်ပြင်ပ၌ ပြုလုပ်သည့် မည်သည့်စစ်ရေးအစီအစဉ် သို့မဟုတ် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပံ့ပိုးမှုမျိုးမဆိုသည် လစ်ဗျားအစိုးရကိုယ်စား ဆောင်ရွက်ခြင်းမဟုတ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment