အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ မြင့်မြတ်မူလှသောအလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါသည်။.....အတ်စ်စလာမို့အလိုင်ကွမ်းဝရဟ်မသွလ္လာဟေ့ဝဗရကာသိုဟ် *** နိစ္စဓူဝံ လူ့လောက၏ အမှောင်ထုဝယ် အမှန်၊အမှား ၊ အရှိတရား ၊ အသိတရား ၊ ပညတ် ၊ပရမတ်တို့အား အလုံးစုံကို သိနားလည်ရန်မှာ အစစအရာရာအားနည်းချို့တဲ့သော လူသားတို့သည် အလ္လာဟ်အရှင်အသျှင်မြတ်၏ပညတ်ချက် တရားတော်များအား ခရေစေ့တွင်းကျသိနားလည်ရန်အလို့ငှာမတတ်စွမ်းနိုင်ပေ။ သို့သော်လည်း ဥာဏ်ကြီးရှင်လူသားတို့မှာ ခြောက်လက်မသာသာရှိသောယနေ့ခေတ်သိပ္ပံမှ ရည်ညွှန်းချက်များနှင့် စာတိုပေစများ၏ အကျိုးဆက်ဖြင့်မွတ်စ်လင်မ်လူတန်းစားတချို့သည် မိမိ၏ ဦးနှောက်ဥာဏ်အမြော်အမြင်ဖြင့်မအပ်စပ် သော အတွေးအမြင်များကို တွေးတောခြင်းနှင့် မိမိ၏အသိဖြင့်လက်လှမ်းမမီနိုင်သော မသိတရားများအား ပေါ်လွင်စွာ၊ ရဲတင်းစွာဖြင့် သာသနာရေးရာများအား ဝေဖန်သုံးသပ်နေကြသည်မှာ ၀မ်းနည်းစရာပင်။*** ခေတ်၏မီးရှုးတန်ဆောင်များ၏ ဆုံးမမှုများကို မိမိအထင်ဖြင့် ရှုံ့ချနေသည်မှာလည်း အံ့သြစရာအတိပင်။ သာသနာ့အသိတတ်ကျွမ်းမှု၏နောက်ဝယ်တွင် “ ဆိုခဲစေ ၊ မြဲစေ” ဟူသောထုံးအားနှလုံးမူသင့်ပေသည်။ နားမလည် ၊မတတ်ကျွမ်းသူများအတွက်ဆိုလျင်ပြောဖွယ်ရာမရှိပေ။ ကျွန်ုပ်တို့မွတ်စ်လင်မ်များသည် တခြားသော ကိုးကွယ်မှုဆိုင်ရာ လူတန်းစားများနှင့်လားလားမျှ မသက်ဆိုင်။ အဘယ်ကြောင့်ဆိုသော ကျွန်ုပ်တို့မွတ်စ်လင်မ်များသည် အတွေးအခေါ်ကို ဦးနှောက်၏အတွေးအခေါ်ကိုဦးစားမပေး၊ လိုက်နာဆောက်တည်တ်သော စိတ်နှလုံးသာဦးစားပေးသည်။ အတွေးအခေါ်ကိုလက်မခံခြင်းမဟုတ်။ အလ္လာဟ်အသျှင်မြတ် သခင်၏ အမိန့်များသည် ထူးခြားဆန်းကြယ်သော ဒေဿနာများဖြင့် လွမ်းခြုံလျှက်ရှိပြီး ၊လူသား၏ဦးနှောက်သည် မက်ဆန္န ၊ ရမ္မက်တို့ဖြင့်ရှိနေကြသည်။ (နဗီအန်ဗေယာများနှင့်အလ္လာဟ့်အချစ်တော်သူတော်စင်များကိုမပါဝင်ပေ) ထို့ကြောင့်ပုံပမာဖြင့်ဆိုလျင်....“.ကြီးမားလှသောသမုဒ္ဒရာရေထုအား ရေခွက်ငယ်ထဲသို့ဝင်ဆံ့ရန်ကြိုးပမ်းခြင်းနှင့်တူလှပေ သည်။” လူသား၏ဗီဇသည် အသိတရားဖြင့်တည်ရှိနေခြင်းမဟုတ်။ မက်ဆန္နသာဖြစ်သည်။ အလ္လာဟ်အသျှင်မြတ်၏ စီမံချက်တော်များသည် နက်နဲလှပေသည်။ အထူးသဖြင့် အေလ်မေ့ဝဟီသည် လူသား၏အသိသက်သက်ဖြင့် တရားသဘောမပေါက်ရောက်နိုင်ပေ။ ထို့ကဲ့သို့...လူသားအတွက်ခက်ခဲလှသော ဒေဿနာတော်များအားနားလည်နိုင်ရန်အလို့ငှာ အသျှင်မြတ် ချစ်သူ ( ကျွန်ုပ်တို့၏နှစ်ဘ၀သခင်)ကိုယ်တော်မြတ်(ဆွ)၏ အမိန့်တော် ဟဒီးစ်များပြည့်စုံစေခဲ့ပါသည်။ ကျမ်းတော်မြတ်ကုရ်အာန်တော်တွင် နမာဇ်ဖတ်ရန် အလ္လာဟ်အသျှင်မြတ်သခင်က မိန့်ကြားထားတော်မူသည်။ ရကအသ်အရေအတွက်အား မဖေါ်ပြထားပေ။ ထိုအခက်အခဲအား ကိုယ်တော်မြတ်(ဆွ)၏ နှုတ်ချွေမိန့်ခွန်းတော်များဖြင့် ကျွန်ုပ်တို့မွတ်စ်လင်မ်များအား လွယ်ကူစွာ ၊ သက်သာစွာဖြင့် အသျှင့်အမိန့်တော်များကို လိုက်နာနိုင်ခွင့်ရခဲ့ပါသည်။ ထိုကဲ့သို့ အဖက်ဖက်မှ အားနည်းသော ကျွန်ုပ်တို့လူသားများအနေဖြင့် အလ္လာဟ်အသျှင်သခင်၏ အမိန့်တော်ဖြင့် ဖြစ်ပေါ်တည်တံ့နေသော အကြောင်းအရာများအား မိမိ၏ဦးနှောက်ငယ်လေးဖြင့် ဝေဖန်ခြင်း ၊ ထင်မြင်ချက်ပေးခြင်း တို့သည် အလ္လာဟ်အသျှင်မြတ်၏ အစီအစဉ်တော်များအား အားနည်းသော လူသားမှဝေဖန်ခြင်းသည် အမှန်မရောက် အမှားသာလျှင်သက်ရောက်စေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ မိမိ၏သာသနာ့အသိသည် အဘယ်မျှရှိနေသနည်း ? မိမိ၏ ပညာဖြင့်သာသနာ့တော်အား မည်မျှအကျိုးပြုနေနိုင်သနည်း ? မိမိ၏ ယုံကြည်မှုသည် ကိုယ်တော်မြတ်(ဆွ)၏ အလ္လာဟ်အသျှင်မြတ်သခင်အပေါ်သို့ သက်ဝင်ယုံကြည်သော ယုံကြည်ခြင်းမျိုးဖြစ်နေပြီလား ? စသဖြင့် မေးခွန်းများမေးစေချင်ပါသည်။ ကိုယ်တော်(ဆွ)သခင်သည် အလ္လာဟ်အသျှင်အပေါ်ယုံကြည်ထားသည်အတိုင်း ကျွန်ုပ်တို့တတွေသည်လည်း ယုံကြည်ကြလျှင်( အင်န်ရှာအလ္လာဟ်) အကွယ်မှတည်တံ့သော အကြောင်းအရာများ၏ နက်နဲမှုတစိတ်တဒေသအား သိခွင့်ရပေလိမ့်မည်။သေချာသည်မှာထိုအသိရသွားချိန်တွင် အကျိုးမဲ့သော စကားလုံးများ လည်းပျောက်ဆုံးကုန်ပေလိမ့်မည်မှာ အသေချာပင်..................................။ အဆုံးသတ်နိဂုံးချုပ်ရလျှင်.............မိမိကြောင့်သာသနာ့ဂုဏ်သိက္ခာမညိုးနွမ်းပါစေနှင့်........ ( အမုန်းမဖက်.........အပြုံးသက်သက်ဖြင့်ခံစားနားလည်ပေးနိုင်ကြပါစေ).....