၁၈ နိုဝင်ဘာ ၂၀၁၂ - ၂၀:၃၀

အဟ်လေဘိုက်(အ.စ)အဗ်နာသတင်းဌာနမှတင်ပြသည်မှာ

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာ န ၊ အဗ်နာ ။ ။

ဝါရှင်တန်- အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဘာရက်အိုဘားမားက စိန်ခေါ်သူ ရီပတ် ဘလီကန် သမ္မတလောင်း မစ်ရွမ်နေကို အနိုင်ရကာ ဒုတိယအကြိမ် သမ္မတ သက်တမ်း ဆက်လက်ထမ်းဆောင်ရန် လူထု၏ ရွေးချယ်ခံလိုက်ရပြီး အောင်ပွဲခံ သွားသည်။

အမေရိကန်ပြည်ထောင်စုတွင် စီးပွားရေး ပြန်လည် နာလန်ထူမှု လွန်စွာ နှေးကွေးလျက်ရှိပြီး အလုပ်လက်မဲ့ ဦးရေအလွန်များနေသည့်ကြားမှ သမ္မတ အိုဘားမား ဤသို့ အနိုင်ရခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အိုဘားမားသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်းတွင် အိမ်ဖြူတော်၌ ဒုတိယ လေးနှစ် သက်တမ်းအတွက် ဆက်လက်ရွေးချယ်ခံရသော ဒုတိယမြောက် ဒီမိုကရက်တစ် သမ္မတအဖြစ် မှတ်တမ်းတင်သွားသည်။

ယခုအချိန်ထိ ဘာရက်အိုဘားမားက ကိုယ်စားလှယ်မဲ ၃၀၃ မဲ အနိုင်ရနေပြီး၊ ရွမ်နေက ၂၀၆ မဲ သာရနေရာ သမ္မတဖြစ်ရန် လိုအပ်သော ကိုယ်စား လှယ်မဲဦးရေ ၂၇၀ ထက် အိုဘားမား က များစွာ ပိုနေပြီဖြစ်သည်။

ရီပတ်ဘလီကန် သမ္မတလောင်း ရွမ်နေ၏လူများကတော့ သူတို့နိုင်မည် ဟု အပိုင်တွက်ထားသည်။ စီးပွားရေး အကျပ်အတည်းကြီးမှ ကြုံနေရချိန်တွင် အလုပ်လက်မဲ့ ဦးရေလည်း များနေဆဲ ဖြစ်နေသဖြင့် အိုဘားမားကို လူထုက သမ္မတအဖြစ် ဆက်ထားတော့မည် မဟုတ်ဟု ရီပတ်ဘလီကန်တွေက တွက်ထားသည်။

သို့သော် ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်မှ ကိုယ်စားလှယ်မဲ ၂၀ ကို အိုဘားမား အနိုင်ရလိုက်သောအခါ အိုဘားမား အောင်နိုင်ရေးဌာနချုပ် တစ်ခုလုံး ဆူညံသွားပြီး ၀စ္စကွန်ဆင်နှင့် မီရှီဂန်ပြည်နယ်တို့မှ မဲရလဒ်များ ထွက်ပေါ်လာသောအခါ ဒီမိုကရက်တို့ အောင်ပွဲခံကြတော့သည်။

ဘော်စတွန်မြို့ရှိ ရွမ်နေ အောင်နိုင်ရေးဌာနချုပ်မှာမူ တိတ်ဆိတ်စပြုသွား ပြီး ရီပတ်ဘလီကန်တို့မှာ မိမိတို့၏ စမတ် ဖုန်းများကိုသာ မျက်လုံးအပြူးသားနှင့် ၀မ်းနည်းပက်လက်ကြည့်ရင်း စိတ်ပျက် လက်ပျက် ဖြစ်နေကြတော့သည်။

အထူးသဖြင့် ရွမ်နေ၏ နွေရာသီ စံအိမ်ကြီးရှိရာ နယူးဟမ့်ရှိုင်းယား ပြည်နယ်နှင့် ဒုတိယသမ္မတလောင်း ပေါလ်ရိုင်ယန်၏ဇာတိ ၀စ္စကွန်ဆင်ပြည် နယ်တို့တွင် အရှုံးနှင့်ရင်ဆိုင်လိုက်ရ သောအခါ ရီပတ်ဘလီကန်တို့အဖို့ နှလုံးကြေကွဲဖွယ် ဖြစ်သွားရသည်။

ဝါရှင်တန်မြို့လယ်တွင် ရွမ်နေ အောင်ပွဲကြီးခံလိုက်မည်ဟဲ့ဟု အားခဲ ထားကြသော ရီပတ်ဘလီကန် ပါတီဝင် တို့လည်း ထိုနေရာတစ်ဝိုက်မှ တဖြုတ် ဖြုတ် ထွက်ခွာသွားကြသည်။

အိုဘားမား၏ အမာခံ မဲဆန္ဒရှင်များ ဖြစ်သော အမေရိကန်လူငယ်များ၊ စပိန်ဘာသာစကားပြောသူများ၊ အာဖရိကနွယ်ဝင် လူမည်းအမေရိကန် များသည် အိုဘားမားကို အင်နှင့် အားနှင့် မဲထည့်ခဲ့ကြသည်။

အမေရိကန် စီးပွားရေးတိုးတက်နေပါသည်ဟု ယုံကြည်သူ ၃၉ ရာခိုင်နှုန်းသာ ရှိသော်လည်း ဤအခြေအနေဆိုး၏ လက်သည်မှာ ယခင်သမ္မတဟောင်း ဂျော့ဒဗ္ဗလျူဘွတ်ရှ်သာဖြစ်ပြီး သမ္မတ အိုဘားမားကြောင့်မဟုတ်ဟု အမေရိ ကန်တစ်ဝက်လောက်က ယုံကြည်ကြသည် ကို ယခုဆန္ဒမဲရလဒ်က ပြဆိုနေသည်။

ယခုအချိန်တွင် သမ္မတ ဘာရက် အိုဘားမားသည် သူ၏ဇာတိမြို့ ရှီကာဂိုတွင် သူ၏ကံကြမ္မာ နောက်ဆုံး တရားဝင်ရလဒ်ကို စောင့်နေပြီး ကုဋေ ကြွယ်သူဌေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် မန်နေဂျာ၊ မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး၊ ရီပတ်ဘလီကန် သမ္မတလောင်း မစ်ရွမ်နေကမူ ဘော်စတွန်မြို့ ဟိုတယ်တစ်ခုတွင် နောက်ဆုံးရလဒ်များကို တိတ်ဆိတ်စွာ စောင့်စားလျက်ရှိနေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် အမေရိကန် အောက်လွှတ်တော် House of Represent-ative ကို ရီပတ်ဘလီကန် တို့က လွှမ်းမိုးထားပြီး အထက်လွှတ်တော် ဆီးနိတ်ကို ဒီမိုကရက်တို့က လွှမ်းမိုး ထားသည်။

ထိုအခြေအနေမှာမူ မပြောင်းလဲချေ။ သို့ဖြစ်ရာ လက်ရှိ နိုင်ငံရေး ရှေ့မတိုး၊ နောက်မဆုတ် အခြေအနေမှာမူ ဆက်ရှိနေမည်။

အမေရိကန် သမ္မတရွေးကောက်ပွဲ သည် လူထုဆန္ဒမဲဖြင့် တိုက်ရိုက် ဆုံးဖြတ်သည်မဟုတ်ဘဲ ကိုယ်စားလှယ် မဲအရေအတွက်နှင့်သာ ဆုံးဖြတ်သည်။

Electoral Votes ကိုယ်စားလှယ်မဲ စုစုပေါင်း ၅၃၈ မဲရှိရာ သမ္မတ အရွေး ခံရန် အနည်းဆုံးကိုယ်စားလှယ်မဲ ၂၇၀ ရရန် လိုအပ်သည်။

ကိုယ်စားလှယ် မဲများကို ပြည်နယ်တစ်ခုချင်းအလိုက် လူဦးရေပေါ်မူတည်၍ သတ်မှတ်သည်။

သို့ဖြစ်ရာ သမ္မတတလောင်းတစ်ဦး သည် လူထုဆန္ဒမဲ တစ်နိုင်ငံလုံးတွင် အသာရပါသော်လည်း Electoral College တွင် လိုအပ်သော ကိုယ်စား လှယ်မဲ ၂၇၀ မရပါက သမ္မတမဖြစ် နိုင်ပေ။ ယခုထိ ရထားသော ရလဒ် အရ အိုဘားမားက ကိုယ်စားလှယ်မဲ ၃၀၃ မဲ အထိရပြီး ရွမ်နေက ၂၀၃ မဲသာရရှိ ထားရာ သမ္မတအိုဘားမားအနိုင် ရဖို့ရာ သေချာသလောက်ရှိသွားပြီ ဖြစ်သည်။