အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ

ပုပ်ရဟန်းမင်းကြီး ဘနဒစ် ၁၆ ဟာ မွတ်စလင်မ် အများစုနေထိုင်တဲ့ မလေးရှား နိုင်ငံနဲ့ နှစ်နိုင်ငံသံဆက်သွယ်မှုတွေကို ပြုလုပ်ပြီး ၁၈ လအကြာမှာ ပုပ်ရဟန်းမင်းကြီးရဲ့ သံအမတ်ကို ပထမဆုံး ခန့်အပ်လိုက်တယ်လို့ သောကြာနေ့မှာ ၀န်ကြီးချုပ် နဂျစ်ရာဇတ်က ပြောကြားလိုက်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတစ်ခုက မွတ်စလင်မ်နဲ့ ခရစ်ယာန်တွေအကြား တင်းမာမှု အချို့ ဆက်လက်ရှိနေတဲ့ကြားထဲမှာ ဒီလို ခန့်အပ်လိုက်တာဖြစ်ပါတယ်။

“မလေးရှား နိုင်ငံ ဆိုင်ရာ ပထမဆုံး ပုပ်ရဟန်းမင်းကြီးရဲ့ သံအဖွဲ့ အနေနဲ့ ဘုန်းတော်ကြီး ဂျိုးဇက်မာရီနို ဒီလိုခန့်အပ်လိုက်တာနဲ့ပတ်သက်ပြီး ကျွန်တော်အနေနဲ့ ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်လို့ နဂျစ်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။”

“၂၀၁၁ မှာ သံတမန်အဆက်အသွယ် ထူထောင်လိုက်ခြင်းအားဖြင့် ပုပ်ဘနဒစ် ၁၆ နဲ့ ကျွန်တော့် အနေနဲ့ ခရစ်ယာန်နဲ့ မွတ်စလင်မ်တွေ အကြား နားလည်မှုတိုးပွားလာစေဖို့ သံဓိဌာန် ပြုခဲ့တယ်၊ အခုဒီလို ခန့်အပ်မှုက အဲဒီ ကတိ ကို သက်သေထူတာပါ” လို့ပြောကြားခဲ့ပါတယ်။

အမေရိကန် ဘုန်းကြီးအနေနဲ့ မလေးရှားရဲ့ အိမ်နီးချင်းနိုင်ငံငယ်လေးတွေဖြစ်တဲ့ ဘရူနိုင်းနဲ့ အရှေ့တီမော အတွက်ပါ တာဝန်ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ဗါတီကန် အတွင်းလူတွေရဲ့ ၀က်ဆိုက်တွေက အစီရင်ခံစာတွေမှာ ရေးသားထားပါတယ်။ ခရစ်ယာန်ကို မလေးရှားနိုင်ငံရဲ့ တရားဝင် ဘာသာအဖြစ် အစ္စလာမ်ဘာသာနေရာမှာ အစားထိုးဖို့ ခရစ်ယာန်တွေက လိုလားတယ်ဆိုတဲ့ အစီရင်ခံမှုတွေ ပေါ်ပေါက်ခဲ့အပြီး ဖြစ်ခဲ့တဲ့ ဘာသာနှစ်ခု အကြားတင်းမာမှုတွေ ကိုလျော့သွားစေဖို့ နဂျစ်က မလေးရှားကချာခ်ျ ခေါင်းဆောင်တွေနဲ့ တွေ့ပြီး မှာ နဂျစ်ဟာ ၂၀၁၁ ဇူလိုင်လ အတွင်းမှာ ပုပ်ရဟန်းမင်းကြီးထံ အလည်အပတ်သွားတဲ့ ခရီးစဉ်ဖြစ်ခဲ့ပါတယ်။ ဒီနောက်မှာ အခုလို သံတမန်ဆက်သွယ်မှု တရားဝင်ထူထောင်နိုင်ခဲ့တာဖြစ်ပါတယ်

မွတ်စလင်မ်မဟုတ်တဲ့သူ တွေက God ဆိုတဲ့ စာလုံးကို မလေးဘာသာနဲ့ ဘာသာပြန်တဲ့အခါ အလ္လာဟ်လို့ ဘာသာပြန်ခဲ့မှုနဲ့ပတ်သက်ပြီး ၂၀၁၀ ခုနှစ်မှာ အစိုးရက ပိတ်ပင်ထားမှုကို တရားရုံးချုပ်က ပယ်ဖျက်ပေးခဲ့ အပြီး ဘာသာရေးဆိုင်ရာ တင်းမာမှုတွေနဲ့ တိုက်ခိုက်မှု အချို့ဖြစ်ခဲ့ပါတယ်။ဒီလို တိုက်ခိုက်မှုတွေ အပေါ် အစိုးရ က ပြင်းပြင်းထန်ထန် ပြစ်တင်ခဲ့ပေမဲ့လည်း ဒီတင်းမာမှုက ဆက်လက်ပြီး တအုံနွေးနွေးရှိနေဆဲဖြစ်ပါတယ်။

ဘာသာရေးနဲ့ ဘာသာစကား အရေးဟာ လူမျိုးပေါင်းစုံနေထိုင်တဲ့ မလေးရှားမှာ ထိလွယ်ရှလွယ်တဲ့ အရေးတွေဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ လူဦးရေ ၂၉ သန်း အနက် ၆၀ ရာခိုင်နှုန်းကျော်ဟာ မလေးလူမျိုးမွတ်စလင်မ်များဖြစ်ကြပေမဲ့လို့ တရုတ်နဲ့ အိန္ဒိယ တွေလဲ အတော်တော်များများ နေထိုင်ကြပါတယ်။ လူဦးရေ စုစုပေါင်းရဲ့ ၉ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘာသာကိုးကွယ်ကြပြီး အဲဒီမှာ ကက်သလစ် ၈သိန်းခွဲ ရှိနေပါတယ်။