အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ နှစ်ပေါင်း ၅၀ နီးပါး အကြာ ပထမဆုံး ပြန်လည် သွားရောက်မည့် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ သမိုင်းဝင် အမေရိက ခရီးစဉ် အတွင်း မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်နေသည့် ဘာသာရေးနှင့် လူမျိုးစု ပဋိပက္ခများ ကိုင်တွယ် ဖြေရှင်းမှုနှင့် တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးဖွယ် ရှိကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများနှင့် နိုင်ငံရေး လေ့လာ သူများက သုံးသပ်ကြသည်။
နိုင်ငံတော် သမ္မတကြီး၏ အဆိုပါ သမိုင်းဝင် ခရီးစဉ်တွင် နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ လိုက်ပါ သွားကြောင်း အစိုးရအဖွဲ့နှင့် နီးစပ် သူများထံမှ သိရသည်။
ယင်းအပြင် သမ္မတ ဦးသိန်းစိန်နှင့် သမ္မတ ဘားရက် အိုဘားမားတို့ မေလ ၂၀ ရက်နေ့ အိမ်ဖြူတော်၌ တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ တိုးတက် ဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် ဖြတ်ကျော်ရ ဦးမည့် ဘာသာရေးနှင့် လူမျိုးစု ပဋိပက္ခများ၊ ပြည်သူများ အတွက် စီးပွားရေး အခွင့် အလမ်းများ ဆောင်ကြဉ်းနိုင်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေး သွားမည်ဖြစ် ကြောင်း အမေရိကန် သံရုံးက ထုတ်ပြန် ထားသည်။
"ပါသွားတဲ့ လူတွေကြည့်ရင် ဆွေးနွေးမယ့် အကြောင်းအရာ မှန်းဆလို့ ရနိုင် ပါတယ်။ အမေရိကန်သံရုံး ထုတ်ပြန်ချက်မှာ လည်း အရိပ်အမြွက် ပြောထားတာ လေးတွေ ထောက်ကြည့်ရင် ပြည်တွင်းမှာ ဖြစ်နေတဲ့၊ နောင်ဖြစ်ဖို့ရှိတဲ့ ပဋိပက္ခတွေကို စနစ်တကျ ကိုင်တွယ် တတ်ဖို့၊ ပြည်ထဲရေးကို ပဋိပက္ခ ဖြေရှင်းရေး အဆင့်မြင့် နည်းစနစ်တွေ သင်ကြားပေးဖို့ ဆွေးနွေး တာတွေ ဖြစ်လာ နိုင်တယ်။ နောက်ပြီး အရှေ့တောင်အာရှ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ အတွက် အရေး ပါတဲ့ မြန်မာနိုင်ငံ အတွက် ခေတ်မီ တပ်မတော်ဖြစ်ဖို့ တပ်ရေး တပ်ရာတွေ ဆွေးနွေးဖို့ သေချာပါတယ်" ဟု နိုင်ငံရေး လေ့လာသူ တစ်ဦးက သုံးသပ်ပြသည်။
ယင်းအပြင် အဆိုပါ ခရီးစဉ်တွင် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးလည်း လိုက်ပါသွားရာ မြန်မာနိုင်ငံ၏ စွမ်းအင် ထုတ်လုပ်မှု ကဏ္ဍတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေသည့် အမေရိကန် ကုမ္ပဏီများ ပြည်တွင်း စွမ်းအင် ထုတ်လုပ်မှု ကဏ္ဍတွင် များစွာ ရင်းနှီးမြှုပ်နှံမှုပြုလာ နိုင်ကြောင်း စီးပွားရေး လေ့လာသူများက သုံးသပ်သည်။
ဧပြီလ ၁၁၇က်နေ့က မြန်မာနိင်ငံ၏ ကမ်းနီးရေနံ လုပ်ကွက် ၁၁ခုနှင့် ကမ်းဝေး ရေနံလုပ်ကွက် ၁၉ခုအတွက် တင်ဒါခေါ်ယူ ရာတွင် အမေရိကန် စွမ်းအင် ကုမ္ပဏီများ ဖြစ်သော Osprey Petroleum Company Inc. နှင့် ESSO Exploration International Ltd. တို့ ဝင်ရောက် ယှဉ်ပြိုင် ထားသည်။ မေလ ၁၆ ရက်နေ့က Center for Strategic and International Studies (CSIS) က ထုတ်ပြန်သည့် အကြံပြုစာတမ်းတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား အနေနှင့် မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်၏ အမေရိကခရီးစဉ် အတွင်း ပင်တဂွန် စစ်ဌာနချုပ်သို့ သွားရောက်မည့် ခရီးစဉ်တစ်ခု စီစဉ်သင့်ကြောင်း၊ မြန်မာနိုင်ငံမှာ အာဆီယံ အသင်းအတွက် အရေးပါသည့် အသင်းဝင် ဖြစ်သကဲ့သို့ တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ အတွက်လည်း အရေးပါသည့် နိုင်ငံတစ်ခု ဖြစ်သဖြင့် အမေရိကန်ပြည်ထောင်စု အနေနှင့် မြန်မာ့တပ်မတော်ကို အဆင့်မြင့် တပ်မတော် ဖြစ်အောင် ပံ့ပိုးသင့်ကြောင်း အကြံပြုထားသည်။
ဦးသိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်နေသည့် အပေါ် အမေရိကန်အစိုးရက ဆက်လက် ထောက်ခံ အားပေးနေကြောင်း၊ သမ္မတ အိုဘားမားအနေနှင့် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံချိန်တွင် မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ တိုးတက်ဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် ကြုံတွေ့ရဦးမည့် ဘာသာရေးနှင့် လူမျိုးစု ပဋိပက္ခများ ၊ ပြည်သူများအတွက် စီးပွားရေး အခွင့် အလမ်းများ ဆောင်ကြဉ်းနိုင်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ယင်းအပြင် အမေရိကန် ပြည်ထောင်စုဘက်က အကူအညီပေးနိုင်မည့် နည်းလမ်းများကို ဆွေးနွေး အဖြေရှာသွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံး၏ အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သမ္မတကြီးဦးသိန်းစိန်၏ ယခု အမေရိကခရီးစဉ်မှာ အမေရိကန် အစိုးရ၏ ဖိတ်ကြားချက်အရ ပထမဆုံး သွားရောက်သော ခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရအဖွဲ့ အမြင့်ဆုံး ခေါင်းဆောင်တစ်ဦး၏ ခရီးစဉ် လည်းဖြစ်သည်။ ၁၉၆၆ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံး ပြန်လည်သွားရောက်မည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အဆိုပါ အမေရိကခရီးစဉ်အတွင်း ဝါရှင်တန်ဒီစီ ခရီးအပြီးတွင် ဆန်ဖရန်စစ္စကိုရှိ ဆီလီကွန် တောင်ကြားသို့ သွားရောက်ကာ Google ဥက္ကဋ္ဌနှင့် တွေ့ဆုံရန်ရှိကြောင်း၊ ယင်းနောက် အဆိုပါပြည်နယ်သို့ ရောက်ရှိ နေသော မြန်မာနိုင်ငံသားများ နှင့်လည်း တွေ့ဆုံသွားရန် ရှိကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများ ကဆိုသည်။
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု အေဂျင်စီ USAID ၏ ဦးဆောင်မှုဖြင့် Cisco၊ Google၊ HP၊ Intel နှင့် Microsoft စသည့် အမေရိကန်ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးများမှ ကိုယ်စား လှယ်များသည် မြန်မာနိုင်ငံသို့ မတ်လဆန်း ပိုင်းက ကနဦး လာရောက်လေ့လာခဲ့ပြီး နောက် Google အမှုဆောင်ဥက္ကဋ္ဌနှင့် Intel ထိပ်တန်းအရာရှိများ ဆက်တိုက် လာရောက်ခဲ့သည်။ ယင်းကြောင့် အမေရိကန်အခြေစိုက် ကမ္ဘာကျော် နည်းပညာကုမ္ပဏီများ စိတ်ဝင်စားခြင်း ခံနေရသည့် မြန်မာနိုင်ငံအတွက် နိုင်ငံတော်သမ္မတကြီး၏ ယခုခရီးစဉ်မှာ မြန်မာနိုင်ငံတွင် ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီများ လာရောက်လုပ်ကိုင်ရေး အတွက် များစွာ အထောက်အပံ့ကောင်း ဖြစ်မည် ထင်ကြောင်း အိုင်တီပညာရှင် တစ်ဦးက ဆိုသည်။