၁၅ ဩဂုတ် ၂၀၁၃ - ၁၉:၃၀
နေပြည်တော်မှ ကျားဖြူ ရန်ကုန် တိရစ္ဆာန်ရုံရောက်

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်သို့ နေပြည်တော် ဆာဖာရီဥယျာဉ်မှ အရွယ်ရောက်ပြီး ကျားဖြူမ တစ်ကောင် သြဂုတ်လ ၁၂ ရက်က ရောက်ရှိကြောင်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက The Voice သို့ ပြောကြားသည်။

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၃ ရက်တွင် နေပြည်တော်၌ ပေါက်ဖွားခဲ့သည့် ကျားဖြူမကို စနိုးဟု အမည်ပေးထားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိလာသည့် ကျားထီးနှင့် ကျားမတို့မှ မွေးဖွားခဲ့ခြင်းဖြစ်၍ အဆိုပါကျား၏ တန်ဖိုးကို မခန့်မှန်းနိုင်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ကျားဖြူမသည် ကိုယ်အလေးချိန်ပေါင် ၁၁၀ ခန့်ရှိကာ ခန္ဓာကိုယ်အရှည် လေးပေနှင့် အမြီးအရှည် သုံးပေခန့် ရှိကြောင်း၊ အသက် ၂ နှစ်နှင့် ရှစ်လရှိပြီဖြစ်ပြီး ၂၀၁၃ ဇူလိုင်လက မြိုင်လက္ခဏာ (Oestrus) များ တွေ့ခဲ့ရသဖြင့် အရွယ်ရောက်ပြီး ကျားမဖြစ်ကြောင်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ယခင်အစိုးရ တာဝန်ယူစဉ် ကာလကတည်းက တာဝန်ထမ်းဆောင်ခဲ့သည့် တိရစ္ဆာန် ဆေးကုဆရာဝန် ဒေါက်တာထွန်းမြင့်က ပြောကြားသည်။ “အသားစားသတ္တဝါ အကုန်လုံးကို ကျန်းမာရေးအရ အစာအိမ် အနားပေးတဲ့ Fasing Day အနေနဲ့ ဗုဒ္ဓဟူးနေ့တိုင်း အစာမကျွေးဘူး” ဟု ၎င်းကဆိုသည်။

ကျားဖြူမကို တစ်ရက်လျှင် ကာလတန်ဖိုး ၁၄,၅၀၀ ကျပ်ဖိုး အမဲသား သုံးပိဿာနှင့် ကြက်ဥငါးလုံး ရောနယ်၍ ကျွေးကြောင်း၊ လူနှင့်ယဉ်ပါးနေဟန် ရှိသော ကျားဖြူမသည် ခြံပြောင်းခါစဖြစ်၍ စိတ်ဖိစီးမှု အနည်းငယ်ရှိသည်ဟု ယူဆသဖြင့် ဗုဒ္ဓဟူးနေ့တွင် ကြက်သား နှစ်ပိဿာ ကျွေးကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

အထက်ပါ ကျားဖြူသည် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၏ ၁၂ ကောင်မြောက်နှင့် လက်ရှိတစ်ကောင်တည်းသော ကျားဖြူဖြစ်ပြီး၊ မျိုးစိတ် ၁၃၀ တွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၏ ၁၃၃၄ကောင်မြောက် တိရစ္ဆာန် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ၅၈ ဒသမ ၁၆ ဧက အကျယ်အဝန်းရှိ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သည် ၁၀၇ နှစ် သက်တမ်းရှိပြီဖြစ်ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစ၍ ထူးကုမ္ပဏီက နှစ်ရှည်လွှဲပြောင်း လုပ်ကိုင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။