၂၄ ဩဂုတ် ၂၀၁၃ - ၁၉:၃၀
ဖောက်ခွဲရေး သတင်းများကြောင့် နိုင်ငံတစ်ဝန်း လုံခြုံရေး တင်းကျပ်

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

ဖောက်ခွဲရေး အကြမ်းဖက် သမားများ မြန်မာနိုင်ငံ အတွင်း ဝင်ရောက်နိုင်  သည်ဆိုသည့် သတင်းများကြောင့် မြန်မာနိုင်ငံ နေရာ အများအပြားတွင် လုံခြုံရေးများ တင်းကျပ် ထားကြောင်း သက်ဆိုင်ရာ ဒေသအာဏာ ပိုင်များထံမှ သိရှိရသည်။

 

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် အတွင်းသို့ ရေကြောင်းမှ တစ်ဆင့် ဖောက်ခွဲရေး သမားများ ဝင်ရောက်လာမည် ဟူသည့် သတင်းများကြောင့် ကျေးရွာများ အထိ လုံခြုံရေး အဆင့်မြှင့်တင် ထားကြောင်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့နယ်တွင်လည်း တရုတ်နယ်စပ်မှ လူတစ်စု ဝင်ရောက် ဖောက်ခွဲမည် ဆိုသည့် သတင်းများကြောင့် လုံခြုံရေး တင်းကျပ်ကာ စစ်ဆေးနေကြောင်း အဆိုပါ ဒေသများမှ ရဲအရာရှိ များက ပြောဆိုသည်။ ရခိုင်ပြည်နယ် တွင်လည်း မြို့နယ်များစွာတွင် လုံခြုံရေး တိုးမြှင့် ထားကြောင်း သက်ဆိုင်ရာ ဒေသအာဏာ ပိုင်များနှင့် ဒေသခံ များထံမှ သိရှိရသည်။

 

“သာသနိက အဆောက် အအုံတွေမှာ လုံခြုံရေးတွေ အရမ်းတိုး ထားတယ်။ ဘာကြောင့်လဲတော့ မသိဘူး” ဟု ရခိုင်ပြည်နယ် မင်းပြားမြို့ ဒေသခံ ဦးစိုးမင်းက မင်းပြားမြို့တွင် သြဂုတ်လ ၂၃ ရက်နေ့ က မြင်တွေ့ရမှုကို ရှင်းပြသည်။ ရခိုင်ပြည်နယ် မောင်တော ခရိုင်တွင်လည်း ဖောက်ခွဲရေး သမားများ ဝင်ရောက်နိုင်သည် ဆိုသည့် သတင်းများကြောင့် လုံခြုံရေး အစီအမံများ အထူးတိုးမြှင့် လုပ်ဆောင်ရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးများက သြဂုတ်လ ၇ ရက်နေ့မှ စတင်ကာ ညွှန်ကြားစာများ ထုတ်ပြန်ခဲ့ကြောင်း အဆိုပါ ရုံးများမှ သိရှိရသည်။

 

စစ်တွေမြို့တွင် ဒုက္ခသည် စခန်းများနှင့် မြို့အစပ်တို့တွင် လုံခြုံရေး တိုးမြှင့်ထားကြောင်း စစ်တွေမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။ မြိတ်ခရိုင်တွင် ဝင်ရောက် ဖောက်ခွဲမည်ဟု ယူဆရသည့် ဖောက်ခွဲရေးသမား သုံးဦး၏ အမည်နှင့် ဓာတ်ပုံများကို တပ်မတော် သားများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ဝေငှထားကြောင်း ရဲအရာရှိတစ်ဦးက ပြောဆိုထားသည်။