၁၂ စက်တင်ဘာ ၂၀၁၃ - ၁၉:၃၀
ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ ပြန်သုံးရန် ရန်ကုန်တိုင်း လွှတ်တော်တွင် အဆိုတင်

    

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

အစိုးရက ထုတ်ဝေလျက် ရှိသော ငွေစက္ကူများတွင် အမှတ်အသား အဖြစ် ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံ ပြန်လည် သုံးစွဲပေးရန် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်က အဆိုတင်သွင်း ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ကပြောကြားသည်။

 

လက်ရှိ သုံးစွဲနေသော ငွေစက္ကူများသည် အဖွဲ့အစည်းတစ်ခု၏ အမှတ်သင်္ကေတ နှင့် တူနေသည့်အတွက် အဆိုပါနေရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကို ပြန်လည် ထည့်သွင်းပေးရန် အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ဆိုသည်။ ယင်းအဆိုသည် နိုင်ငံတော် ဗဟိုဘဏ်နှင့် သက်ဆိုင်သည့်ကိစ္စ ဖြစ်သောကြောင့် ပြည်ထောင်စုလွှတ်တော်တွင်သာ ဆွေးနွေး သင့်ကြောင်း မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် မှ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စောလှထွန်းက ပြောကြားသည်။

 

ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ ပြန်လည် အသုံးပြုရေး အဆိုကို မဲခွဲရာ ထောက်ခံသူ နှစ်ဦးသာရှိပြီး ကန့်ကွက်သူ ၁၁၃ ဦး ရှိသောကြောင့် ယင်းအဆိုမှာ ရှုံးနိမ့်ခဲ့သည်။ ယင်းကဲ့သို့ နိုင်ငံတော် ဗဟိုဘဏ်နှင့် သက်ဆိုင်သည့် အဆိုမျိုးသည် တိုင်းဒေသကြီး လွှတ်တော်တွင် မဆွေးနွေးသင့်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်တွင်သာ ဆွေးနွေးသင့်သည့် အဆိုမျိုးဖြစ်ကြောင်း၊ နိုင်ငံတော် ဗဟိုဘဏ် ကိစ္စသည် တိုင်းဒေသကြီး လွှတ်တော်၏ ဥပဒေပြုခွင့်တွင် မရှိကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

 

လွတ်လပ်ရေး ရပြီးကာလ ၁၉၄၈ ခုနှစ်က နိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူများတွင် လွှတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံပါ အမှတ်အသားဖြင့် ထုတ်ဝေ ခဲ့သော်လည်း မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ အာဏာ လွဲပြောင်းရယူမှု နောက်ပိုင်းတွင် အခြား အမှတ်အသားများ သုံးစွဲခဲ့သည်။