၂၁ အောက်တိုဘာ ၂၀၁၃ - ၂၀:၃၀
မြန်မာပြည်၏ မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှု နှင့် လူမြင်မခံ အင်အားစုများ (By Francis Wade)

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ

( ရိုဟင်ဂျာမွတ်စ်လင်မ်အား ဘင်္ဂါလီအဖြစ် သတ်မှတ်ပြီး လူမျိုးရေးသွေးချောင်းစီးမှုကို ဦးတည်နေကြသော ဗုဒ္ဓဘာသာဝင်ရခိုင်များ)

 

စစ်တပ်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းမှ လက်လွှတ်ဆုတ်ခွာမည့် အနေအထား ရှိနေ၏။ ပြန်လည် ချုပ်ကိုင်ရေး အတွက် သွေးချောင်း စီးလမ်းကြောင်း ခင်းကျင်းခြင်းလည်း ဖြစ်နိုင်ပေသည်။

 

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အသက် ၉၄ နှစ်အရွယ် မွတ်စ်လင်မ်အမယ်အိုကြီးတစ်ဦးကို ဗုဒ္ဓဘာသာဝင်များမှ ရက်စက်စွာသတ်ဖြတ်ပြီးနောက်တွင် မြန်မာနိုင်ငံသမ္မတသည် အကြမ်းဖက်ခံဒေသထံသွားသော ပထမဆုံး ခရီးစဉ်အဖြစ် သံတွဲမြို့သို့ ရောက်ရှိခဲ့သည်။ ၄င်းအလျင် ၂ ရက်က မွတ်စ်လင်မ် နိုင်ငံရေး ခေါင်းဆောင်တစ်ဦး နှင့် ဆိုင်ကယ်တက္ကစီသမားတစ်ဦးအကြား အချင်းများကြခြင်းကို ခုတုံးလုပ်၍ အောက်တိုဘာ ၁ ရက်နေ့တွင် သံတွဲအနီးရှိ ယင်းအမယ်အို၏ရွာသို့ လူရမ်းကားအုပ်စု တစ်စု ရောက်လာ၏။ သူမ၏သမီးဖြစ်သူသည် လွတ်မြောက်သွားသော်လည်း ပြန်လာကြည့်ရှုသောအခါ ဦးခေါင်း၊ လည်ပင်း၊ ၀မ်းဗိုက်တွင် ဓားခုတ်ခံထားရသည့် မိခင်အိုနှင့်တစ်ကွ မီးကျွမ်းနေသော နေအိမ်ကိုသာ တွေ့လိုက်ရလေသည်။

 

အိမ်ခြေ ၁၀၀ နီးပါး မီးရှို့ခံရသည့် သံတွဲတိုက်ခိုက်မှုဖြစ်စဉ်၌ သံသယဖြစ်ဖွယ်ရာများရှိနေကြောင်း သမ္မတဦးသိန်းစိန်၏ ပြောကြားချက်ကို နိုင်ငံပိုင်မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။ “ (ဗုဒ္ဓဘာသာဝင်) ရခိုင်တိုင်းရင်းသား နဲ့ ကမန်တိုင်းရင်းသား(မွတ်စ်လင်မ်) တို့ဟာ နှစ်များစွာကတည်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာကြတာပါ။ ပြင်ပ ပယောဂကြောင့် အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရတယ်။ လက်ဝယ်ရှိ အထောက်အထားအရ ရွာတွေကို မီးရှို့အကြမ်းဖက်သူများဟာ ပြင်ပကလာ သူများဖြစ်ကြောင်းတွေ့ရတယ် ” ဟု ပြောဆိုခဲ့၏။

 

လွန်ခဲ့သော ၁၆ လတစ်လျှောက်ဖြစ်ပွားခဲ့သော မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အကျွမ်းတ၀င်မရှိသူ တစ်ဦးအတွက်တော့ ယင်းပြောဆိုချက်မှာ ထူးခြား ဆန်းကြယ်နေပေလိမ့်မည်။ ၄င်း၌ အစွန်းရောက် ဗုဒ္ဓဘာသာဝင်တို့၏ စံနစ်တကျ ဖွဲ့စည်းထားသော ကွန်ရက်များက မြန်မာပြည်အတွင်း စီမံလှုပ်ရှားလျက်ရှိကြောင်း အဆုံးသတ်သော် ၄င်းအနေနှင့် သဘောပေါက်သိမြင်သွားစမြဲသာ။

 

စောင့်ကြည့်လေ့လာသူများထံတွင် သံသယဖြစ်ဖွယ်အချက်များ ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်၏။ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့်အခြားဒေသများတွင် ဖြစ်ပွားသော တိုက်ခိုက်ခြင်းနည်းလမ်းနှင့်ပုံဟန်မှာ ထပ်တူထပ်မျှ နီးပါးဖြစ်နေသည်။ အသေးအဖွဲပြဿနာလေးများမှ စတင်သည်။ ရုတ်တရက် ချက်ခြင်း လူအုပ်ကြီး ပေါ်ပေါက်လာပြီး မြို့တွင်းသို့ ၀င်ရောက်လာကြသည်။ လက်နက်များကလည်း အရံသင့်။ ဖြစ်ရပ်အများစု၌ ရဲတပ်ဖွဲ့ဝင်များက ငုတ်တုတ် ရပ်ကြည့်ရှုစားနေစမြဲ။ မြင်ကွင်းများဝယ် ဒေသခံတို့ကိုတွေ့မြင်ရပါသော်လည်း အကြမ်းဖက်အုပ်စုမှာ ပြင်ပမှ စုရုံးဝင်ရောက်လာသည်ဟု ကြိမ်ဖန်များစွာ ဆိုပြန်၏။ ဤတစ်ပတ် သံတွဲဖြစ်ရပ်မှတ်တမ်း ဓာတ်ပုံတစ်ခု၌ ခေါင်းစည်းနီများပတ်၍ လက်နက်ကိုင်ဆောင်ပြီး ဆူပွက်သွေးကြွနေသည့် ဒေသခံများကိုပင် ထရပ်ကားအပြည့်ဖြင့် တွေ့လိုက်ရခြင်းက ယင်းအဆိုမှာ ဆန့်ကျင်ဖက်ဖြစ်နေကြောင်း ပေါ်လွင်သွားပါတော့သည်။

 

ဖြစ်စဉ်သစ်တစ်ရပ် မဟုတ် —————————— အကယ်၍ ဤဖြစ်စဉ်များ၌ စံနစ်တကျ ကြိုတင်ကြံစည်သူရှိသည်ဟုဆိုလျှင် ထိုသူသည် မည်သူနည်း၊ မည်သည့်အတွက် လုပ်ရသနည်းဟူသော မေးခွန်းထုတ်ရပါမည်။ ရှင်းလင်းသောအဖြေ မရှိသေး။ သို့သော် မြန်မာပြည်ရှိ စစ်တပ် နှင့် အာဏာပိုင်များအဖို့ ဤမတည်ငြိမ်မှုများမှ အမြတ်ထွက်မည်ကား သေချာနေသည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ဖြစ်ပွား ခဲ့သော ပြဿနာ များစွာကိုကြည့်လျှင် ပြည်တွင်းနိုင်ငံရေးကို လူနည်းစုဝင် လူမျိုးတစ်စုစုနှင့် တိုက်ဆိုင်ရောထွေး၍ အကြမ်းဖက်တိုက်ခိုက်မှုထံ ဦးတည်လေ့ရှိကြောင်း တွေ့ရ၏။ တိုင်းပြည်စီးပွားရေး စံနစ်အပေါ် ဗိုလ်ချုပ်နေ၀င်း၏ တလွဲတချော် စီမံခန့်ခွဲမှုအား အာရုံလွှဲရန် တရုတ်လူမျိုးတို့၏ ပိုင်ဆိုင်မှုများကို တိုက်ခိုက်စေခြင်းဖြင့် ၁၉၆၇ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ ၄င်းနောက် ၁၉၈၈ ခုနှစ် တောင်ကြီးမြို့ နှင့် ပြည်မြို့များတွင် မွတ်စ်လင်မ်များအပေါ် တိုက်ခိုက်ခြင်းဖြင့် အာဏာရှင်ဆန့်ကျင်ရေး ကိစ္စကို လွှဲဖယ်ခဲ့သည်။ ထိုစဉ်ကတည်းပင် စစ်တပ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ရှေ့ပြေးလက္ခဏာများအား ဖြိုခွဲရေးအတွက် လူမျိုးရေးတင်းမာမှုများကို ဖန်တီး သွတ်သွင်းနိုင်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း လူပေါင်းများစွာမှ ယုံကြည်ထားခဲ့ကြ၏။

 

ယနေ့မြန်မာပြည်တွင် ဤသီအိုရီအား အသုံးချနေခြင်း မဖြစ်နိုင်သလော ? ဦးသိန်းစိန်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများက နိုင်ငံ့ဘဏ္ဍာ အားလုံး၏ ငါးပုံ တစ်ပုံကျော် ခံစားရရှိနေသည့် စစ်တပ်ကို တုန်လှုပ်သွားစေနိုင်သည်။ ဒီမိုကရေစီ အုပ်ချုပ်ရေးရှေ့ဆက်နေခြင်းနှင့်အတူ စစ်တပ်နှင့် ဆက်စပ်နေသည့် အင်အားစုကြီးအပေါ် မေးခွန်းထုတ်စရာများ ရှိလာသည်။ မြန်မာလူ့အဖွဲ့အစည်း၏ သာသနာပိုင်ကဲ့သို့ဖြစ်နေသော ၄င်း၏အနေအထားက တန်ခိုးထွားနေဆဲဖြစ်၏။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ပြောင်းလဲပါက ဆိုးဝါးပြင်းထန်သည့် အန္တရာယ် နှင့် မမှန်းနိုင်သည့်အကျိုးဆက်ကို ခံစားရမည်ဖြစ်ကြောင်း စစ်တပ်ကျောထောက်နောက်ခံ အာဏာရ ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယခုအပတ်တွင် သတိပေးပြောကြားလိုက်သည်။ ယင်းသို့ အတိုက်အခံ ဆန့်ကျင်ရသည့် အကြောင်းတစ်ရပ်မှာ စစ်အာဏာရှင်အကြိုက် ၂၀၀၈ ဖွဲ့စည်းပုံစည်းမျဉ်းအား ပြန်လည်ဆန်းသစ်ပါက စစ်တပ်၏သြဇာ မှေးမှိန်သွားမည်ဖြစ်သောကြောင့်တည်း။

 

လူမျိုးစုတင်းမာမှုများကြောင့်လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် ပဋိပက္ခ ရှေ့ဆက်မှုကြောင့် လည်းကောင်း ဖြစ်ပေါ်လာသည့် လူ့အဖွဲ့အစည်းအတွင်း မတည်ငြိမ်မှုက မည်သည့်စစ်တပ်ကိုမဆို ၄င်း၏သြဇာပြန်လည် လွှမ်းမိုးရေးအတွက် အဓိက အခွင့်အလမ်းတစ်ရပ် ရရှိစေသည်။ လူမျိုးရေးနှင့်နိုင်ငံရေးခွဲခြားမှု အရိုးစွဲပြင်းထန်လှသည့်နိုင်ငံတစ်ခုတွင် ယင်းသို့ ဖြစ်ပွားသွားရ စမြဲကို တွေ့မြင်နိုင်ပေသည်။ မိမိတို့၏နယ်မြေ၌ စစ်တပ်များ တပ်စွဲထားမှုကို ရေရှည်ဆန့်ကျင်လာကြသည့် ရခိုင်တို့က ယခုအခါ ၄င်းတို့အား (၄င်းတို့အမြင်အရ) အစ္စလာမ့်လွှမ်းမိုးမှုမှ တားဆီးကာကွယ်ရန် စစ်တပ်ကိုပင် တောင်းဆိုနေသည်။ “ကျူးကျော်ဝင်ရောက်လာသူများ” အဖြစ် အမည်ပေးထားသော လူ