၂၁ နိုဝင်ဘာ ၂၀၁၃ - ၂၀:၃၀
သမဝါယမ ဘဏ်တွင် မင်္ဂလာဦးအပ်ငွေ ထားသူများ ကျပ်နှစ်သောင်း လက်ဖွဲ့မည်

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ    

ပြည်တွင်း ဘဏ်များတွင် ထားရှိမှု နည်းပါသော အပ်ငွေစနစ် တစ်မျိုးဖြစ်သည့် မင်္ဂလာ ဦးအပ်ငွေ ထားရှိသောသူများကို လက်ဆောင်အဖြစ် ကျပ်နှစ်သောင်းပေးမည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက်ထံမှ သိရသည်။

 

မင်္ဂလာဦး အပ်ငွေ ထားရှိမည် ဆိုပါက လက်ထပ်စာချုပ် မိတ္တူ ဘဏ်တွင် ထားရှိရမည် ဖြစ်ပြီး ကျပ် ၁၀ သိန်းနှင့် အထက်ကို လက်ထပ်အပြီး ခြောက်လအတွင်း အပ်နှံရမည် ဖြစ်ကြောင်း၊ ဘဏ်တိုးနှုန်း တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်း ရရှိမည် ဖြစ်ပြီး အနည်းဆုံး တစ်နှစ်အပ်နှံရမည် ဖြစ်ကြောင်း သမဝါယမ ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းကဲ့သို့ ဘဏ်အပ်ငွေအဖြစ် ကျပ် ၁၀ သိန်း ထားရှိရမည်မှာ သာမန် လူတန်းစားများအတွက် များပြားသည့် ပမာဏ ဖြစ်သောကြောင့် ထားရှိရန် စိတ်မဝင်စားကြောင်း ဒီဇင်ဘာလတွင် မင်္ဂလာဆောင်မည့် လှိုင်မြို့နယ်မှ စုံတွဲတစ်တွဲက ပြောဆိုသည်။ “အပ်မယ့်အစား တစ်ခုခု ရင်းနှီးစားသောက် လိုက်တော့မယ်” ဟု အဆိုပါ စုံတွဲမှ အမျိုးသမီး ဖြစ်သူက ဆိုသည်။

 

ယခုပြုလုပ်သည့် မင်္ဂလာအပ်ငွေ စာရင်းမှာ စာရင်းသေ အပ်ငွေ ကဲ့သို့ပင် ဖြစ်ပြီး စာရင်းသေအပ်ငွေ (Fixed Deposit) ထားပါက သုံးလမှစတင်၍ နှစ်သက်သလို ထားနိုင်ပြီး သုံးလ အပ်နှံပါက ဘဏ်တိုး ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ခြောက်လ အပ်နှံပါက ၉ ရာခိုင်နှုန်း၊ ကိုးလ အပ်နှံပါက ၉ ဒသမ ၅ ရာခိုင်နှုန်း၊ တစ်နှစ်ဆိုပါက ၁၀ ရာခိုင်နှုန်း ရရှိမည် ဖြစ်ကြောင်း သမဝါယမဘဏ်၏ ဘဏ်တိုးနှုန်းများအရ သိရသည်။