အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
=======================================
မြေယာသိမ်းဆည်းခံ တောင်သူများ တောင်ကြီးမြို့ပေါ်၌ ဆန္ဒပြချီတက်လာစဉ် (ဓာတ်ပုံ – ကျော်မျိုးထွန်း / ဧရာဝတီ)
ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) နှင့် အသွင်ပြောင်းဌာနေ ပြည်သူ့စစ် (PNA) တို့ သိမ်းထားသည့် မြေယာများ ပြန်လည် ရရှိရေးအတွက် ပအိုဝ်းတောင်သူ ၄၀၀ ကျော်က တောင်ကြီးမြို့၌ ယမန်နေ့က ဆန္ဒပြခဲ့ကြသည်။
ယင်းဆန္ဒြပပွဲကို တောင်ကြီး၊ ရပ်စောက်နှင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သော ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်မြို့နယ်များ အတွင်းရှိ ကျေးရွာ ၁၄ ရွာမှ မြေ ၃၃၀၀ ဧကကျော် အသိမ်းခံထားရသည့် ပအိုဝ်းနှင့် ဓနုတောင်သူများ အပါအဝင် တောင်သူ ၄၀၀ ကျော် ပါဝင်သည်။
ဦးဆောင်ဆန္ဒပြခဲ့သည့် မြေသိမ်းခံတောင်သူ မနန်းမေစိုးဦးက “ပြေပြေလည်လည် လာညှိပေးရင် ကျမတို့က လက်ခံပါတယ်။ အခုက တခါလာညှိလိုက်ရင် သေနတ်နဲ့၊ ကျမတို့ ပြည်သူလူထုမှာ သေနတ်မပြောနဲ့၊ ဓားတောင် လူတိုင်းမကိုင်နိုင်ဘူး” ဟု ပြောသည်။
မြေသိမ်းခံတောင်သူများက မြေလုယူရောင်းစားမှု ချက်ချင်းရပ်၊ မြေသိမ်း (PNO/PNA) အလိုမရှိ၊ ဒို့ရဲ့မြေယာ ဒို့ပိုင်ရမည်၊ ပြည်သူ့ဆန္ဒ အောင်ရမည် စသည့် ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။
၁၉၉၆ ခုနှစ်တွင် ယာမြေ ၁၁ ဧကကို PNO မှ သိမ်းယူခဲ့ကြောင်း၊ လုပ်စားစရာ မြေမရှိတော့သဖြင့် နေ့စားအလုပ်ကို ပြောင်းလဲ လုပ်ကိုင်ခဲ့ရပြီး စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ ခိုနားကျေးရွာမှ ဓနုတောင်သူ ကိုအောင်လင်းက ပြောသည်။
PNO သည် ၁၉၉၁ ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီး အသွင်ပြောင်းဌာနေ ပြည်သူ့စစ် (PNA) ၏ နိုင်ငံရေးဦးဆောင် အဖွဲ့အစည်းလည်း ဖြစ်သည်။
ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာမှ မြေသိမ်းခံ ပအိုဝ်းတောင်သူ မနန်းအုပ်က “PNO အနေနဲ့ ကိုယ့်ပြည်သူကို ဒီလိုမလုပ်သင့်ဘူးပေါ့။ မျှမျှတတ လုပ်ပေးစေချင်တယ်။ ဖား ဖားချင်း မစားနဲ့လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
PNA ပြည်သူ့စစ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ခွန်လာက လွန်ခဲ့သည့် ၁၉၅၈ ခုနှစ် ကတည်းက ပအိုဝ်းအမျိုးသားများ အကျိုးစီးပွားအတွက် မြေယာသိမ်းဆည်းမှုများ ရှိခဲ့သည်ကို ဝန်ခံကြောင်း၊ ယင်းသို့ ခေါင်းဆောင် အဆင့်ဆင့် ထိန်းသိမ်းခဲ့သည့် မြေများကို ပြန်ပေးရန် ခဲယဉ်းကြောင်း တုံ့ပြန်ပြောဆိုသည်။
“၁၉၉၁ ခုနှစ် နောက်ပိုင်းကနေ စပြီးမှ ပြန်ပြီးလုပ်ထားတဲ့ မြေတချို့ကတော့ အထောက်အထား ခိုင်လုံစွာ ဒါမှမဟုတ်ရင် ကျေးရွာက သိက္ခာသမာဓိရှိတဲ့ ပုဂ္ဂိုလ်တွေက ဒါ သူစိုက်ခဲ့ပျိုးခဲ့တာ မှန်ပါတယ်ဆိုရင် ဒါဖြေရှင်းဖို့ ကျနော်တို့ စဉ်းစားထားပါတယ်” ဟု ဆိုသည်။
ဆန္ဒပြသူများ ကိုင်ဆောင်သော ပိုစတာများပေါ်မှ PNO ဆိုသည့် စာသားများကို ရဲတပ်ဖွဲ့က လိုက်လံဖုံးအုပ်စေခဲ့ကြောင်း တွေ့ရသည်။
နေ့လည်ပိုင်းတွင် ဆန္ဒပြတောင်သူများက တောင်ကြီးမြို့ရှိ အောင်မြေဘုံစံကျောင်းတိုက်၌ မီဒီယာသမားများနှင့် တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။