၃၁ မတ် ၂၀၁၅ - ၀၇:၄၁
ထိုင်းလေကြောင်းလိုင်းများ ဘေးကင်းရေး စိုးရိမ်မှုများကြောင့် နိုင်ငံတကာလေကြောင်းပျံသန်းမှု ပိတ်ဆို့ခံရနိုင်

ထိုင်းအစိုးရက ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အရပ်ဖက် လေကြောင်းအဖွဲ့ကြီး(အိုင်စီအေအို) ကနေ အဆင့်နှိမ့်ခံရမယ့်ဘေးကြောင့် လေကြောင်းသွားလာရေးလုပ်ငန်းအတွင်း ဘေးကင်းရေး စံချိန်တွေကို တိုးတက်အောင် လုပ်မယ်လို့ ကတိပြုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ 

ထိုင်းအစိုးရက ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အရပ်ဖက် လေကြောင်းအဖွဲ့ကြီး(အိုင်စီအေအို) ကနေ အဆင့်နှိမ့်ခံရမယ့်ဘေးကြောင့် လေကြောင်းသွားလာရေးလုပ်ငန်းအတွင်း ဘေးကင်းရေး စံချိန်တွေကို တိုးတက်အောင် လုပ်မယ်လို့ ကတိပြုလိုက်ပါတယ်။

 

ထိုင်းလေကြောင်းလိုင်းတွေဟာ သိသာတဲ့ ဘေးကင်းရေး စိုးရိမ်စရာတွေ ရှိနေတယ်လို့ အိုင်စီအေအိုက သုံးသပ်ပြီး နိုင်ငံတကာ လေကြောင်းပျံသန်းမှုတွေ ပိတ်ဆို့ခံရနိုင်တယ်လို့ မတ် ၃၀ ရက်နေ့က ကြေညာခဲ့တာပါ။

 

တရုတ်၊ တောင်ကိုရီးယာနဲ့ ဂျပန်တို့က ဘေးကင်းရေး စိုးရိမ်မှုတွေကြောင့် ထိုင်း လေကြောင်းလိုင်းတွေကို လမ်းကြောင်းသစ် ပျံသန်းမှုကနေ ရပ်ဆိုင်းလိုက်ပါတယ်။

 

တကယ်လို့ အိုင်စီအေအိုက ထိုင်းလေကြောင်းလိုင်းတွေကို ပျံသန်းမှုအဆင့် ၁ ကနေ ၂ ကို ချလိုက်မယ်ဆိုရင် အမေရိကန်နဲ့ တခြားနိုင်ငံတွေကပါ ပျံသန်းမှု ရပ်ဆိုင်းမယ့်ဘေးကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

 

ဒါဟာ ၂၀၁၄ ခုနှစ် နိုင်ငံရေးဆန္ဒပြပွဲတွေကြောင့် ခရီးသည်ကျဆင်းခဲ့ရာက နလံထူရေး ကြိုးစားနေတဲ့ ထိုင်းလေကြောင်းလိုင်းတွေအတွက် ထိုးနှက်ချက် တခု ဖြစ်လာမှာပါ။

 

ထိုင်းအရပ်ဖက်လေကြောင်းဌာနက အိုင်စီအေအိုရဲ့ လေကြောင်းဘေးကင်းရေး စံချိန်စံညွန်း တွေကို လိုက်နာဖို့ ရုန်းကန်ကြိုးစားနေတာ ဆယ်စုနှစ်ချီ ကြာခဲ့ပါပြီ။

 

ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာကတော့ အရင်အစိုးရလက်ထက်က အရင်းတည်လာတဲ့ အရေးကိစ္စကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ဝန်ခံ ပြောဆိုပါတယ်။

 

သယ်ယူပို့ဆောင်ရေးဝန်ကြီးကတော့ အရပ်ဘက်လေကြောင်းဘေးကင်းရေး စံချိန်တွေမြှင့်တင်ရေး အမြန်လှုပ်ရှားမယ်လို့ ကတိပြုပါတယ်။

 

အချိန် ၂ လအတွင်း လှုပ်ရှားမှုတွေစပြီး အစစ ရှင်းလင်းအောင် လုပ်မယ် ကျန်တဲ့အလုပ်တွေ အားလုံးကိုတော့ ၈ လ အချိန်အတွင်း ပြီးစီးအောင် လုပ်မယ်လို့ သူက သတင်းထောက်တွေကို ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့က ပြောပါတယ်။

 

ဝန်ကြီးဌာနဟာ ဒီအရေးကို ဖြေရှင်းဖို့ ကော်မတီ ၂ ရပ်ကို ဖွဲ့စည်းမှာဖြစ်ပြီး တရုတ်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျတို့နဲ့ ဘေးကင်းရေး စံချိန်တွေ သေချာစေရေး ပူးပေါင်းမယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

 

အိုင်စီအေအိုရဲ့ တွေ့ရှိချက်ဟာ ချက်ချင်း သက်ရောက်မှု ရှိမှာတော့ မဟုတ်ဘဲ အမေရိကန် လေကြောင်းဘေးကင်းရေးအဖွဲ့က ဒီတွေ့ရှိချက်ကို သုံးပြီး သူတို့ရဲ့ စောင့်ကြည့်စာရင်းထဲမှာ ထိုင်းနိုင်ငံကို ထည့်ထားနိုင်တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအရာရှိတယောက်က ဆိုပါတယ်။

============================