အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီတလီ အစိုးရသည် ငလျင်ဘေးသင့် ဒေသများကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာချက် သတ်မှတ် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဩဂုတ် ၂၄ ရက်က လှုပ်ရှားသွားသည့် ရစ်ခ်ျတာစကေး ၆.၂ အဆင့်ရှိ ငလျင်ကြီးကြောင့် အသေအပျောက် ပမာဏ ၂၅၀ ကျော်ထိ မြင့်တက်လာခဲ့ပြီး အပျက်အစီးပုံများအောက် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရန် မျှော်လင့်ချက်များ တဖြည်းဖြည်း မှေးမှိန်လာပြီ ဖြစ်သည်။
အီတလီ ဝန်ကြီးချုပ် မက်တီယို ရန်ဇီက ငလျင် ဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် အစိုးရက ယူရို သန်း ၅၀ မတည်သွားမည်ဟု ကြေညာသည်။ ငလျင်ကြောင့် ဒဏ်ရာရရှိသူ ၃၆၅ ဦးထက်မနည်း ရှိနေပြီး ကယ်ဆယ်ရေးများက အပျက်အစီးပုံများကို ယန္တရားကြီးများ အသုံးပြု ဖယ်ရှားကာ အသက်ရှင် ကျန်ရစ်သူများကို ရှာဖွေလျက်ရှိသည်။
သို့သော် နောက်ဆက်တွဲ ငလျင်ငယ်များ အကြိမ်ပေါင်း ရာနှင့်ချီ လှုပ်ရှားနေခဲ့သောကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် အဟန့်အတားများ ကြုံနေရသည်။ ငလျင်ဒဏ် အဆိုးဆုံး ခံခဲ့ရသည့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်သား ၅၀၀၀ မျှ အချိန်လု အလုပ်လုပ်နေကြကြောင်း သိရသည်။
ယခုအခါ အီတလီ အစိုးရသည် ငလျင်ဒဏ် အဆိုးဆုံး ခံရသည့် ဒေသများဖြစ်သော အေမာထရိုက်စ်၊ အာကွေတာ၊ အကူမိုလီနှင့် ပက်စ်ကာရာ ဒယ်လ် ထရွန်တိုတို့တွင် အရေးပေါ် အခြေအနေများ အသီးသီး ထုတ်ပြန် ကြေညာလိုက်သည်။ သမိုင်းဝင် မြို့တစ်မြို့ဖြစ်သည့် အေမာထရိုက်စ်တွင်ပင် သေဆုံးသူ အရေအတွက် ၂၀၀ ကျော်မျှ ရှိခဲ့သည်။
ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် မီးသတ်ဌာန အရာရှိ တစ်ဦးဖြစ်သူ လိုရန်ဇို ဘိုတီက အချိန်ကြာမြင့်လာသည်နှင့်အမျှ အသက်ရှင် ကျန်ရစ်သူများ ရှာတွေ့ရန် အခွင့်အလမ်း နည်းလာကြောင်း ဝန်ခံခဲ့သည်။ “ကျွန်တော်တို့ အချိန်နဲ့ ပြိုင်ပြီး အလုပ်လုပ်နေရတာပါ။ ဒီလို အခြေအနေမှာ အသက်ရှင် ကျန်သူတွေ ထပ်တွေ့ဖို့က တော်တော်တော့ မလွယ်ဘူး။ ကောင်းပြီ။ ဒါဟာ စိန်ခေါ်မှု တစ်ခုလို့လည်း ပြောနိုင်ပါတယ်”ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။
ကယ်ဆယ်ရေးများက အပျက်အစီးပုံများ အောက်တွင် ပိတ်မိနေသူများ အဆက်အသွယ် လုပ်နိုင်ရန်အတွက် ငလျင်ဘေးသင့် ဒေသများတွင် လူအများအနေဖြင့် ၎င်းတို့၏ Wifi ကွန်ရက်များကို Passwordဖြုတ်ထားပေးပြီး ဝိုင်းဝန်းကူညီကြရန် ပန်ကြားထားသည်။ ကြက်ခြေနီ တပ်ဖွဲ့ကလည်း ကယ်ဆယ်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတွင် နေအိမ် ကွန်ရက်များကို အသုံးပြုနေရကြောင်း ဆိုသည်။
ရဲတပ်ဖွဲ့က အေမာထရိုက်စ်မြို့အတွင်း ငလျင်ဘေးရှောင်သူ မိသားစု တစ်ခု၏ နေအိမ်ထဲ ပစ္စည်းခိုးရန် ဝင်ရောက်ခဲ့သူ တစ်ဦးကို ဖမ်းဆီးထားကြောင်းလည်း သိရှိရသည်။
==================
251/End
၂၆ ဩဂုတ် ၂၀၁၆ - ၁၈:၄၀
News ID: 774557
အီတလီ အစိုးရသည် ငလျင်ဘေးသင့် ဒေသများကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာချက် သတ်မှတ် ထုတ်ပြန်လိုက်ကြောင်း သိရသည်။