အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရသစ်၏ မူဝါဒများကို မြန်ဆန် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် တိုင်းပြည်ကို e – Government စနစ်ဖြင့် စီမံခန့်ခွဲ အုပ်ချုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။
e – Government Master Plan ကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အကူအညီဖြင့် ၂၀၁၄ ခုနှစ်က စတင် ရေးဆွဲခဲ့ရာ ၂၀၁၅ ခုနှစ်၊ မတ်လတွင် မူကြမ်း ပြီးစီးခဲ့ကြောင်း၊ မူကြမ်းကို အစိုးရသစ် လက်ထက်တွင် ပြည်ပ ပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် ပူးပေါင်း၍ ပြင်ဆင် ဖြည့်စွက်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုးက ပြောသည်။
အဆိုပါ မူကြမ်းအား ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် နေ့တွင် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားပြီး ဖြစ်ကြောင်း ဒုဝန်ကြီး ဦးကျော်မျိုးက ပန်းဘဲတန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေဖူး ဗဆွေ၏ e – Government နှင့် ပတ်သက်သည့် အဆိုတရပ်အား အစိုးရက လွှတ်တော်တွင် ပြန်လည် ရှင်းလင်းစဉ် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေဖူးဗဆွေက နိုင်ငံအတွင်းရှိ ပြည်သူများ၊ စီးပွားရေး လုပ်ငန်းများနှင့် အကျိုးပါဝင် ပတ်သက် သူများ အားလုံးသည် e– Government များနှင့် Mobile Application များမှတဆင့် ဌာနဆိုင်ရာ ၀န်ဆောင်မှုများနှင့် သတင်းအချက် အလက်များကို ရယူသုံးစွဲနိုင်ရေးအတွက် e– Government စနစ်များ ပိုမို ထိရောက် အောင်မြင်စွာ အရှိန်အဟုန်ဖြင့် အကောင်အထည် ဖော်ပေးရန် အဆိုတရပ် တင်သွင်း၍ အစိုးရကို စက်တင်ဘာလဆန်းပိုင်းက တိုက်တွန်းခဲ့သည်။
၎င်းအဆိုကို စက်တင်ဘာ ၁၅ နှင့် ၁၆ ရက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၄ ဦးတို့က ထောက်ခံ ဝေဖန် အကြံပြု ဆွေးနွေး ခဲ့ကြသည်။
အဆိုတင်သွင်းသူ ဦးနေဖူးဗဆွေက ယခုအဆိုဖြစ်လာရန် ၃ လကျော် အချိန်ယူခဲ့ရကြောင်း၊ ၄င်းပါဝင်သည့် ပြည်သူ့ လွှတ်တော် ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီက ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်၊ NLD စီးပွားရေး ကော်မတီ၊ တပြည်လုံးကို ကိုယ်စားပြုတဲ့ ပညာရှင် ၁၂ ယောက်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးဆောင်သည့် အဖွဲ့တခု၊ မြန်မာအင်ဂျင်နီယာ အသင်းတို့အပါအ၀င် အဖွဲ့အစည်းပေါင်း ၁၂ ခုကို လွှတ်တော်သို့ ခေါ်ယူ ညှိနှိုင်းပြီးမှ ပြည်သူ့လွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောဆိုသည်။
“ကျနော်တို့ ကော်မတီဟာ စုပေါင်းပြီးတော့ အစိုးရ ဘက်စုံ တိုးတက်ဖို့အတွက် အရွေ့တခုကို လွတ်အောင် ဆောင်ရွက်ခြင်းဖြစ်သလို အနာဂတ်မျိုးဆက်တွေအတွက် အမွေကောင်းပေးနိုင်အောင် တိုင်းပြည်အနေနဲ့လည်း အရှိန်အဟုန်နဲ့ ထွက်ပေါက်တခုရအောင် တနည်း အားဖြင့် ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ပြီး ၀န်ဆောင်မှုတွေမှာ ပါဝင်နိုင်အောင် ရည်ရွယ်ပြီး တင်ပြရခြင်း ဖြစ်ပါတယ်”ဟု သူက ပြောသည်။
သို့သော် အစိုးရက ယင်းအဆိုကို မှတ်တမ်းတင်ထားရန်သာ အကြံပြုသည့်အခါ ဦးနေဖူးဗဆွေက လက်ခံခဲ့ပြီး စောင့်ကြည့်သွားမည်ဟု ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။
E-government လုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရန် အမျိုးသား e-Government လုပ်ငန်းများ ဗဟိုဌာန၊ e-government လုပ် ငန်းများ လုပ်ငန်းများ လုံခြုံရေးအတွက် မူဝါဒများ ချမှတ်ရန် အမျိုးသား ဆိုက်ဘာ လုံခြုံရေး ဗဟိုဌာန၊ လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးမည့် အမျိုးသား ICT သုတေသနနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ဗဟိုဌာနတို့အား ဆက်လက်ဖွဲ့စည်း ဆောင်ရွက်ရန် လိုအပ်မည်ဟု ဒုဝန်ကြီး ဦးကျော်မျိုးက လွှတ်တော်တွင် ပြောသည်။
“မြန်မာနိုင်ငံမှာ e-Government လုပ်ဖို့ဆိုရင် လုပ်ပိုင်ခွင့် အခွင့် အာဏာ အပ်နှင်းထားခံရတဲ့ အမျိုးသား ICT ကောင်စီ/ဦးစီး ကော်မတီတခုကို နိုင်ငံတော် သမ္မတရုံးရဲ့ တိုက်ရိုက်ကြီးကြပ် ကွပ်ကဲမှုနဲ့ ဖွဲ့စည်းဖို့ လိုပါတယ်”ဟု ဦးကျော်မျိုးက ပြောသည်။
e-Government စနစ် လုပ်ဆောင်ပါက အဂတိ လိုက်စားမှုကို တိုက်ဖျက်နိုင်ခြင်း၊ အချိန်ကုန် လူပန်း မဖြစ်တော့ခြင်း၊ ၀န်ဆောင်မှု လုပ် ငန်းများ မြန်ဆန်လာနိုင်ခြင်း၊ အစိုးရ၏ မူဝါဒများတွင် ပြည်သူများ လျင်မြန်စွာ သိရှိ၍ ပါဝင်ဆောင်ရွက်လာနိုင်ခြင်း၊ နိုင်ငံခြား ရင်းနှီး မြှပ်နှံမှု တိုးတက်လာနိုင်ခြင်းနှင့် အခွန်ဘဏ္ဍာများ တိုးတက်လာနိုင်သည့် အခြေအနေများ ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် အများစုက ပြောဆိုကြသည်။
မြစ်သားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော်ကလည်း “ပြည်ထောင်စုအဆင့် Website ၅၁ ခုမှာ ၃၀ လောက်ကပဲ အလုပ်လုပ်တယ်။ အဲဒီထဲမှာ လိပ်စာရှိပြီး ၀င်ကြည့်လို့မရတာတွေလည်း ရှိတယ်။ ၀င်လို့ ရပေမယ့် update မဖြစ်တာ တွေလည်း အများကြီးပဲ”ဟု လွှတ်တော်တွင် ပြောသည်။
==================
251/End
၁၆ စက်တင်ဘာ ၂၀၁၆ - ၁၆:၂၅
News ID: 779481
အစိုးရသစ်၏ မူဝါဒများကို မြန်ဆန် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် တိုင်းပြည်ကို e – Government စနစ်ဖြင့် စီမံခန့်ခွဲ အုပ်ချုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။ e – Government Master Plan ကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အကူအညီဖြင့် ၂၀၁၄ ခုနှစ်က စတင် ရေးဆွဲခဲ့ရာ ၂၀၁၅ ခုနှစ်၊ မတ်လတွင် မူကြမ်း ပြီးစီးခဲ့ကြောင်း၊ မူကြမ်းကို အစိုးရသစ် လက်ထက်တွင် ပြည်ပ ပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် ပူးပေါင်း၍ ပြင်ဆင် ဖြည့်စွက်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုးက ပြောသည်။