အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရုရှားအခြေစိုက် Izvestia သတင်းစာက Su-24နှင့် Su-34 တိုက်လေယာဉ်များသည် ဆီးရီးယားရှိ အချက်အခြာ ဆိပ်ကမ်းမြို့ တစ်ခုဖြစ်သော လာတက်ကီရာသို့ ဆိုက်ရောက်နေပြီဟု ဖော်ပြခဲ့သည်။ ထို့အပြင် လိုအပ်ပါက အားဖြည့်ရန် Su-25 ဗုံးကြဲတိုက်လေယာဉ် အုပ်စုတစ်ခုကိုလည်း အသင့်အနေအထား ပြင်ဆင်ထားသည်ဟု ဆိုသည်။
ရုရှား တိုက်လေယာဉ်များသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆတ်၏ သစ္စာတော်ခံ တပ်ဖွဲ့များကို ပူးပေါင်းကူညီကာ အေလက်ပိုရှိ သူပုန်အင်အားစုများကို ထိုးစစ်ဆင်ရာ၌ ပါဝင်ကြဖွယ် ရှိနေသည်။ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က အေလက်ပိုတွင် အစိုးရတပ်များက အကြီးအကျယ် ဗုံးမိုးရွာပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း ပြောကြားထားသည်။
ရုရှားနှင့် အမေရိကန်တို့ ညှိနှိုင်းပြီး ဆီးရီးယားတွင် အပစ်အခတ် ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့သော်လည်း ယင်း၏သက်တမ်းသည် ရက်အနည်းငယ်သာ ကြာရှည်ခဲ့ပြီး တကျော့ပြန် တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။
ရုရှားသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၃၀ တွင် အာဆတ် အစိုးရဘက်မှ ကူညီကာ သူပုန်တပ်များကို ဗုံးကြဲတိုက်ခိုက်မှု စတင်ခဲ့ရာ ယခုအခါ တစ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ထိုစဉ်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မိမိတို့သည် မဟာမိတ်နိုင်ငံ အစိုးရ တစ်ရပ်၏ အကူအညီ တောင်းခံမှုကို တုံ့ပြန်ခြင်းသာဖြစ်ပြီး ဆီးရီးယား ပဋိပက္ခတွင် ကာလရှည်ကြာ ပါဝင်ရန် ဆန္ဒမရှိဟု ပြောကြားခဲ့သော်လည်း ယခုကဲ့သို့ နှစ်နှင့်ချီ ဆက်လက် ကြာမြင့်နေခြင်း ဖြစ်သည်။
===================
251 / End
၁ အောက်တိုဘာ ၂၀၁၆ - ၁၈:၅၆
News ID: 782649
ဆီးရီးယား စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန်အတွက် ရုရှားအစိုးရက တိုက်လေယာဉ်များ ထပ်မံအားဖြည့် ပေးပို့ထားကြောင်း သိရသည်။