အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယခုနှစ်ပွင့်လင်းရာသီအစတွင် ကရင်ပြည်နယ် တောင်ဝိုင်း တောင်ခရီးစဉ်သည် ပြည်တွင်းခရီးသွားများ စိတ်ဝင်စားမှုအများဆုံး ဒေသအဖြစ် ရေပန်းစားနေပြီး ခရီးသွားသူဦးရေမှာလည်း နှစ်ဆခန့်မြင့်တက်လာကြောင်း ပြည် တွင်းခရီးသွားကုမ္ပဏီများထံမှ သတင်းရရှိသည်။
‘‘တောင်ဝိုင်းမှ တောင်ဝိုင်းပဲ ဖြစ်နေကြတယ်။ ခရီးစဉ်အသစ်ကလည်း ဖြစ်တဲ့အတွက် တခြားခရီးစဉ်တွေကိုတောင် သိပ်စိတ်မ၀င်စားကြဘူး။ ကျုံထော်ရေတံခွန်ထက်တောင် သွားတဲ့လူတွေ များနေသေးတယ်။ လက်ရှိအချိန်မှာ ပုံမှန်ထက် နှစ်ဆကျော်လောက်ကို ခရီးသွားဦးရေ မြင့်တက်နေပါတယ်’’ဟု ပြည်တွင်း ခရီးသွားကုမ္ပဏီ EI Dorado Travel and Tour ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ မမြတ်ဘုန်းက ပြောသည်။
ယခင်က ကရင်ပြည်နယ်ခရီးစဉ်ကို တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ ပြေးဆွဲလေ့ရှိသော်လည်း တောင်ဝိုင်းတောင်ခရီးစဉ် ပေါ်ပေါက်လာပြီးနောက်ပိုင်း တစ်ပတ်လျှင် နှစ်ကြိမ်အထိ ပြေးဆွဲပေးနေရာ တစ်ကြိမ်လျှင် အနည်းဆုံးကားနှစ်စီးမှ သုံးစီးအထိ ပြေးဆွဲပေးနေရကြောင်း ပြည်တွင်းခရီးသွားကုမ္ပဏီများက ဆိုသည်။
‘‘ဒီနှစ်ပြည်တွင်းခရီးစဉ်တွေထဲမှာ တောင်ဝိုင်းဘက်ကို တော်တော်အသွားများလာပါတယ်။ သွားတဲ့လူအရမ်းများတဲ့အတွက် တစ်ပတ်ကို နှစ်ကြိမ်အထိ တိုးချဲ့ပြီး ပြေးဆွဲပေးနေရတယ်’’ဟု Tango Travel and Tour မှ Tour Leader ကိုရန်နိုင်ဦးကပြောသည်။
အဆိုပါခရီးစဉ်တွင် သဘာဝရှုခင်းအလှများ ခံစားနိုင်မည့် တောင်ဝိုင်းတောင်၊ ဂျက်စကီးနှင့် Banan Boat များစီးနိုင်မည့် ချစ်သူမြိုင်ဥယျာဉ်၊ လွန်းညရေပြာအိုင်၊ ဇင်းကျိုက်ရေတံခွန် စသည့်နေရာများကို ခရီးစဉ်တစ်ခုတည်း သွားနိုင်၍ လူစိတ်ဝင်စားမှု အများဆုံးခရီးစဉ်တစ်ခုအဖြစ် ရပ်တည်နေကြောင်း ခရီးသွားကုမ္ပဏီများထံမှ သိရသည်။
===================
251 / End
၅ အောက်တိုဘာ ၂၀၁၆ - ၁၅:၀၇
News ID: 783600
ယခုနှစ်ပွင့်လင်းရာသီအစတွင် ကရင်ပြည်နယ် တောင်ဝိုင်း တောင်ခရီးစဉ်သည် ပြည်တွင်းခရီးသွားများ စိတ်ဝင်စားမှုအများဆုံး ဒေသအဖြစ် ရေပန်းစားနေပြီး ခရီးသွားသူဦးရေမှာလည်း နှစ်ဆခန့်မြင့်တက်လာကြောင်း ပြည် တွင်းခရီးသွားကုမ္ပဏီများထံမှ သတင်းရရှိသည်။