အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တရုတ်သည် နိုင်ငံ၏ အချိန်အကြာဆုံး လူလိုက်ပါ တာဝန်ထမ်းဆောင်မည့် အာကာသ ခရီးစဉ်ကို အစပြု လွှတ်တင်ခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာ ၁၇ ရက် ခရီးစဉ်၌ လိုက်ပါသွားသည့် အာကာသယာဉ်မှူး နှစ်ဦးတို့သည် ကမ္ဘာပတ် လမ်းကြောင်းအတွင်း တည်ဆောက်နေသည့် အာကာသ သုတေသန ဌာနတစ်ခုတွင် တစ်လကျော် နေထိုင်မည် ဖြစ်သည်။ အဆိုပါ အသေးစား ဌာနနေရာသည် ၂၀၂၂ ခုနှစ် ဝန်းကျင်တွင် အပြီးတည်ဆောက်ရန် ရည်ရွယ်ထားသည့် အာကာသ စခန်းကြီး၏ အစိတ်အပိုင်းဖြစ်သည်။ ထိုအာကာသစခန်းတွင် လူသားများ ကာလရှည်ကြာ အခြေချ နေထိုင်၍ တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်သည်။
Shenzhou 11 အာကာသယာဉ်သည် ဒေသစံတော်ချိန် နံနက် ၇း၃၀ နာရီခန့်တွင် ဂိုဘီသဲကန္တာရ အတွင်းရှိ လူသူအရောက်အပေါက် နည်းပါးရာ ဂျီယူကွင် လွှတ်တင်ရေးစခန်းမှ စတင်ပျံတက်သွားခဲ့သည်။ အဆိုပါ လွှတ်တင်မှု အစီအစဉ်ကို တရုတ် ရုပ်မြင်သံကြား ဌာနများက တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ကြသည်။
အာကာသယာဉ်မှူး နှစ်ဦးတို့သည် Tiangong 2 အာကာသ လေ့လာရေးဌာနတွင် တစ်လမျှ နေထိုင်သွားမည် ဖြစ်သည်။ ယင်းသည် တရုတ် အာကာသယာဉ်မှူးများ ကမ္ဘာ့အပြင်ဘက်တွင် အချိန်အကြာဆုံး တာဝန်ထမ်းဆောင်မှု အဖြစ်လည်း မှတ်တမ်းဝင်လာမည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။
ခရီးစဉ် မစတင်မီတွင် တရုတ်၏ ဩဇာကြီးမားသော ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဖန်ချန်လောင်က အာကာသ ယာဉ်မှူးများ ဖြစ်ကြသည့် ဂျင်ဟိုင်ပန်နှင့် ချန်ဒေါင်တို့ကို သွားရောက်နှုတ်ဆက်ကာ ဆုမွန်ကောင်း တောင်းပေးခဲ့ကြောင်း Xinhua သတင်းဌာနက ဆိုသည်။ “တရုတ်ရဲ့ အာကာသသိပ္ပံ အိပ်မက်တွေနောက် လက်တွေ့လိုက်ပါဖို့ ကြိုးစားပေးကြပါ”ဟု ၎င်းက အာကာသ ယာဉ်မှူးများကို တိုက်တွန်း မှာကြားခဲ့သည်။
Shenzhou 11နှင့်အတူ လိုက်ပါသွားမှုသည် ဂျင်အတွက် အာကာသထဲ တတိယ အကြိမ်မြောက် သွားရောက်သည့် ခရီးစဉ်လည်း ဖြစ်လာသည်။ ၎င်းသည် ယခုခရီးစဉ်ကို အဓိက ကွပ်ကဲမည်ဖြစ်ပြီး အသက် ၅၀ ပြည့် မွေးနေ့ကို အာကာသထဲတွင် ဖြတ်သန်းမည်ဟု သိရသည်။
တရုတ်၏ လက်ရှိ အချိန်အကြာဆုံး လူလိုက်ပါသည့် အာကာသ ခရီးစဉ်မှာ ၂၀၁၃ ခုနှစ်က လွှတ်တင်ခဲ့ပြီး ထိုစဉ်က အာကာသယာဉ်မှူး ၃ ဦးသည် Tiangong 1 သုတေသနဌာနတွင် ၁၅ ရက်ကြာ နေထိုင် တာဝန်ထမ်းဆောင်ခဲ့သည်။
===================
251 / End
၁၇ အောက်တိုဘာ ၂၀၁၆ - ၁၆:၄၄
News ID: 786102
တရုတ်သည် နိုင်ငံ၏ အချိန်အကြာဆုံး လူလိုက်ပါ တာဝန်ထမ်းဆောင်မည့် အာကာသ ခရီးစဉ်ကို အစပြု လွှတ်တင်ခဲ့ကြောင်း သိရှိရသည်။