၂ နိုဝင်ဘာ ၂၀၁၆ - ၁၉:၀၈
ဆန်ရှင်အလွန်မှာ နိုးထလာတော့မည့် ပတ္တမြားမြေ

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၀၀၀ ကျော်အမြင့်တွင်ရှိသည့် မိုးကုတ်မြို့၏ တည်နေပုံက ဒယ်အိုးတစ်လုံးအသွင်။ အလယ်တွင်ခွက်နေပြီး ဘေးပတ်လည်၌စိမ်းညို့နေသည့် တောင်ကုန်းတောင်တန်းကြီးများ ၀န်းရံထားသည်။ စိမ်းညို့ညို့တောင်တန်းကြီးများ၊ ထုံးဖြူဖြူစေတီ ပုထိုးများ၊ မိုးကုတ်အင်းနှင့် နီညိုရောင်နေအိမ်အဆောက်အအအုံများ ပနံရစွာတည်ရှိနေသည့် မိုးကုတ်မြို့၏ မြင်ကွင်းကလှပလွန်းသည့် ပန်းချီကားတစ်ချပ်သဖွယ် ဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၀၀၀ ကျော်အမြင့်တွင်ရှိသည့် မိုးကုတ်မြို့၏ တည်နေပုံက ဒယ်အိုးတစ်လုံးအသွင်။ အလယ်တွင်ခွက်နေပြီး ဘေးပတ်လည်၌စိမ်းညို့နေသည့် တောင်ကုန်းတောင်တန်းကြီးများ ၀န်းရံထားသည်။ စိမ်းညို့ညို့တောင်တန်းကြီးများ၊ ထုံးဖြူဖြူစေတီ ပုထိုးများ၊ မိုးကုတ်အင်းနှင့် နီညိုရောင်နေအိမ်အဆောက်အအအုံများ ပနံရစွာတည်ရှိနေသည့် မိုးကုတ်မြို့၏ မြင်ကွင်းကလှပလွန်းသည့် ပန်းချီကားတစ်ချပ်သဖွယ် ဖြစ်သည်။

ခေတ်မမီတော့သည့်တိုင်တစ်မြို့လုံးတွင် အပြိုင်အဆိုင် တည်ဆောက်ထားကြသည့် အုတ်ခံ၊ ပျဉ်ကာနံကပ် နှစ်ထပ်တိုက်ကြီးများကလည်း မိုးကုတ်မြို့၏ တစ်ချိန်ကချမ်းသာကြွယ်ဝခဲ့မူကို လှစ်ပြနေသည့်နှယ်။

သို့သော် လက်ရှိတွင်တော့အဆိုပါ နေအိမ်အဆောက်အအုံအများစုက သစ်လွင်တောက်ပမှု မရှိတော့ဘဲ ဟောင်းနွမ်းလျက်ရှိနေသည်။ နှစ်ပေါင်းများစွာကြာ သည့်တိုင် ဆေးမသုတ်၊ အသစ်မလဲ၍ အရောင်ပြယ်ကာ ဟောင်းနွမ်းနေသည့် နေအိမ်ခေါင်မိုးများစွာ တွေ့ရမည်ဖြစ်သည်။

တစ်ချိန်က ပတ္တမြားမြေအဖြစ် နာမည်ကျော်ခဲ့ပြီး သူ့ရင်ခွင်သို့ ခိုလှုံလာသူတိုင်းကို သူဌေးလောင်း အိပ်မက်မက်ခွင့်ပေးခဲ့သော မိုးကုတ်မြို့သည်မှာ ရာစုနှစ်ဝက်ခန့်ကြာ စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် အရာအားလုံးပြောင်းလဲသွား ခဲ့သည်။ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများတွင် ဒေသခံများဝင်ရောက်လုပ်ကိုင်ခွင့် တားမြစ်ကန့်သတ်ခံရပြီးနောက် မိုးကုတ်မြို့၏ စီးပွားရေးသိသိသာသာ ကျဆင်းသွားခဲ့သည်။ ဒေသခံများတစ်နိုင်တစ်ပိုင်တူးဖော်လုပ်ကိုင်ခွင့်မရခြင်း၊ ကျောက်မျက်ကုန်ကြမ်းရှားပါးခြင်းတို့ကြောင့် မိုးကုတ်မြို့ပေါ်ရှိ ကျောက်သွေး၊ ကျောက်ဖြတ်လုပ်ငန်းအများစု ရပ်ဆိုင်းခဲ့ရသကဲ့သို့ အခြေခံလက်လုပ်လက်စားနှင့် ကျောက်ကုန်သည်ငယ်လေးများ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် စီးပွားရေးကျဆင်းမှုဒဏ်ကို မခံနိုင်တော့သည့်အဆုံး မိုးကုတ်မြို့ခံအများစုမှာ မြို့မှ ထွက်ပြီး ကျောက်စိမ်းမှော်၊ ပယင်းမှော်၊ ရွှေမှော်စသည့် ရေကြည်ရာမြက်နုရာ နေရာများသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရသည်ဟု မိုးကုတ်မြို့ခံများက ပြောသည်။

‘‘ဒီနောက်ပိုင်းနှစ်တွေမှာ လူဦးရေက တစ်ဝက်လောက်လျော့သွားတယ်။ ကျောက်မျက်လုပ်ငန်းမရှိရင် ဒီမှာက ဘာစီးပွားရေးမှ လုပ်လို့မရဘူး။ ကျောက်ကအလုပ်မဖြစ်၊ စားဝတ်နေရေးက အဆင်မပြေတော့ မြို့ခံအများစုက တခြားဒေသထွက် အလုပ်လုပ်ကြရတယ်။ သက်ကြီးရွယ်အိုနဲ့ မရွှေ့ပြောင်းနိုင်သူတွေလောက်ပဲ မိုးကုတ်မှာ ကျန်ခဲ့တော့တယ်’’ဟု မိုးကုတ်မြို့ခံစာရေးဆရာ ကိုထက်နိုင်(တလုပ်မြို့)က ပြောကြားသည်။

၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကာလများအထိ မိုးကုတ်မြို့တွင် နေထိုင်သည့် လူဦးရေ သုံးသိန်းခန့်ရှိသော်လည်း စစ်အစိုးရလက်ထက် ၁၉၉၅ တွင် ကျောက်မျက်ဥပဒေ ပြဋ္ဌာန်းပြီးနောက် ဒေသခံများ၏ ကျောက်မျက်လုပ်ငန်းလုပ်ကိုင်ခွင့်များ ကန့်သတ်ပိတ်ပင်ခံခဲ့ရရာ လက်ရှိအချိန်တွင် မိုးကုတ်မြို့၏လူဦးရေမှာ တစ်သိန်းခုနစ်သောင်းခန့်သာ ကျန်ရှိတော့သည့် အခြေအနေအထိ ဖြစ်ခဲ့သည်။

မိုးကုတ်မြို့ စီးပွားရေးကျဆင်းရခြင်းအတွက် အဓိကအကြောင်းရင်းနှစ်ရပ်ရှိပြီး စစ်အစိုးရလက်ထက်တွင် ကျောက်မျက်ဥပဒေပြဋ္ဌာန်းကာ ဒေသခံများအား တစ်နိုင်တစ်ပိုင်ကျောက်မျက်တူးဖော်ခွင့် ပိတ်ပင်ကန့်သတ်ခဲ့ခြင်းနှင့် အမေရိကန်အစိုးရ၏ စီးပွားရေးပိတ်ဆို့အရေးယူခြင်းတို့ကြောင့် ဖြစ်သည်။ သို့သော် ယခုအခါ အဆိုပါအကြောင်းရင်းနှစ်ခုစလုံး ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ မိုးကုတ်မြို့၏ စီးပွားရေးပြန်လည်ဦးမော့ရန် မျှော်လင့်ချက်ရောင်ခြည်များ အသစ်တဖန်ပြန်လည် တောက်ပလာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခုနှစ်အတွင်း ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအရပ်သား အစိုးရစစ်စစ်အာဏာရရှိလာခြင်း နှင့် အမေရိကန်အစိုးရ၏ နှစ်ပေါင်း ၂၀ ခန့်ကြာချမှတ်ထားသည့်  စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုများ ယခုလဆန်းတွင် ပြန်လည်ရုပ်သိမ်းခြင်းတို့က မြန်မာနိုင်ငံအတွင်းရှိ အခြားဒေသများထက် မိုးကုတ်မြို့၏ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးလာစေရန် များစွာအလာအလာကောင်းသွားစေသည်ဟု ယုံကြည်ကြောင်း မိုးကုတ်မြို့ခံအသက်(၅၀)ကျော်အရွယ်ဦးစိုးမြင့်က ပြောသည်။ ဦးစိုးမြင့်မှာ ကျောက်မျက်လုပ်ငန်းလုပ်ကိုင်ရန် ရွှေဘိုမြို့မှ ပြောင်းရွှေ့လာသူဖြစ်ပြီး မိုးကုတ်မြို့တွင် နှစ်ပေါင်း ၃၀ ကျော်ကြာ အစဉ်အဆက်နေထိုင်ခဲ့သူ ဖြစ်သည်။ လက်ရှိတွင် မိုးကုတ်မြို့ရှိ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော စိမ်းလန်း (မိုးကုတ်) အဖွဲ့ဥက္ကဋ္ဌတာဝန်လည်းယူထားသူ ဖြစ်သည်။

‘‘အမေရိကန်ဆန်ရှင်ပွင့်သွားတာက ကျွန်တော်တို့မြို့အတွက် အများကြီးအလားအလာ ကောင်းသွားတယ်။ ဆန်ရှင်တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။ အဓိကကျတာက ကျောက်မျက်ဥပဒေပေါ့။ အခုအင်န်အယ်လ်ဒီအစိုးရ သစ်တက်လာပြီး ကျောက်မျက်ဥပဒေကို တတိယအကြိမ်ပြင်ဆင်ဖို့ ဥပဒေကြမ်းထွက်နေပြီ။ အဲဒီဥပဒေကြမ်းမှာ ကျွန်တော်တို့လိုချင်တဲ့အချက်တွေ တော်တော်များများပါလာတယ်’’ ဟု ဦးစိုးမြင့်က တက်ကြွစွာပြောသည်။


မိုးကုတ် ထာပွဲဈေးတွင် ကျောက်မျက်ရတနာအရောင်းဝယ်လုပ်နေကြသူများ။ (ဓာတ်ပုံ-မောင်တာ)

အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုများရှိခဲ့ရာ ကျောက်မျက်လုပ်ငန်းအပေါ် အဓိကမှီခိုနေရသည့် မိုးကုတ်မြို့မှာ အထိအနာဆုံးဖြစ်ခဲ့သည်။ လက်ရှိတွင် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်သည့်အတွက် အကျိုးရှိလာမည့်အနေအထားတွင်လည်းမိုးကုတ်မြို့သည် ထိပ်ဆုံးမှပါဝင်လိမ့်မည်ဟု ယုံကြည်ကြောင်း မိုးကုတ်မြို့ခံကျောက်မျက်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။ မိုးကုတ်ရတနာမြေမှ တူးဖော်ထွက်ရှိလာသည့် ပတ္တမြားနှင့် ကျောက်မျက်ရတနာများကို အမေရိကန် အပါအ၀င်  အနောက်ဥရောပနိုင်ငံများက ကြိုက်နှစ်သက်ပြီး အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပြီး ရက်ပိုင်းအတွင်းပင် အမေရိကန်ကုန်သည်ကြီးများအသင်းက မိုးကုတ်မြို့သို့ လာရောက်ပြီး မြို့ခံထာပွဲကုန်သည်များနှင့် တွေ့ဆုံခဲ့သည်။

‘‘သူတို့ဘက်က ကျောက်မျက်လုပ်ငန်းမှာ စိတ်ဝင်စားတယ်ဆိုတာ ပြောသွားတယ်’’ဟု အမေရိကန်ကုန်သည်ကြီးများအသင်း မိုးကုတ်မြို့သို့လာရောက်၍ ဒေသခံကျောက်မျက်ကုန်သည်များနှင့် တွေ့ဆုံရာတွင် ဦးဆောင်ပါဝင်ခဲ့ သူတစ်ဦးဖြစ်သည့် မိုးကုတ်ထာပွဲ ကျောက်မျက်ကုန်သည်များအသင်း ဥက္ကဋ္ဌဒေါ်ဖြူဖြူမြင့်က ပြောသည်။

‘‘အခု ဆန်ရှင်ဖွင့်လိုက်တော့ ဈေးကွက်ပွင့်သွားပြီ။ ကိုယ်ပို့ချင်တဲ့နိုင်ငံကို တင်ပို့ရောင်းချလို့ရသွားပြီ။ အရင်ကဆိုရင် တရုတ်ကိုပဲ မှီခိုနေရတယ်။ နောက်ဆိုရင် ကျောက်မျက်ဈေးကွက်က ဒီထက်ပိုကောင်းလာဖို့ပဲ ရှိပါတယ်’’ ဟု ၎င်းကသုံးသပ်သည်။

ယခင်က ထိုင်း၊ အိန္ဒိယနှင့် တရုတ်နိုင်ငံဈေးကွက်တို့ကိုသာ အဓိကမှီခိုနေခဲ့ရရာမှ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းသည့်အတွက် မိုးကုတ်ကျောက်မျက်ဈေးကွက်များစွာ ဖွံ့ဖြိုးလာမည်ဟု ယုံကြည်ကြောင်း မိုးကုတ်မြို့ခံကျောက်မျက်လုပ်ငန်းလုပ် ကိုင်သူ ကိုကျော်စိုးက ပြောသည်။

‘‘ဆန်ရှင်ဖြုတ်လိုက်တာ မိုးကုတ်တော့ အများကြီးအခြေအ နေကောင်းလာမယ့်လို့ ထင်တယ်။ အရင်ကဆိုရင် ဘန်ကောက်နဲ့ အိန္ဒိယကိုပဲ သူခိုးဈေးသာသာနဲ့ ရောင်းနေရတာ’’ဟု ကိုကျော်စိုး က ပြောသည်။

မိုးကုတ်မြို့၏ ကျောက်မျက် ဈေးကွက်ဖွံ့ဖြိုးပြီး ကျောက်သွေး၊ ကျောက်ဖြတ်နှင့် အချောထည်လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာစေရန် အစိုးရအနေဖြင့်လည်း ကျောက်မျက်ဥပဒေသစ် ပြဋ္ဌာန်းကာ ဒေသခံများအား တစ်နိုင်တစ်ပိုင်တူးဖော်လုပ်ကိုင်ခွင့်ပေးရန် လိုအပ်မည်ဟု မြို့ခံကျောက်မျက်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

မိုးကုတ်ရတနာနယ်မြေမှ ပတ္တမြား၊ နီလာ၊ မြ၊ သလင်း၊ ဂေါ် မိတ်စသည့် ကျောက်မျက်ရတနာ ၃၅ မျိုးခန့် တူးဖော်ထွက်ရှိသည်။ ရှေးမြန်မာဘုရင်များလက်ထက်က စတင်ကာ ခေတ်အဆက်ဆက်တွင် မိုးကုတ်မြို့သည် မြန်မာနိုင်ငံ အတွင်း စီးပွားရေးဖွံ့ဖြိုးမူအားကောင်းသည့် မြို့တစ်မြို့ဖြစ်ခဲ့သည်။ ကျောက်မျက်တူးဖော်ခြင်း လုပ်ငန်း၊ ကျောက်သွေး ကျောက်ဖြတ်လုပ်ငန်းများကလည်း ဒေသခံများ၏ စီးပွားရေးအပေါ်များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။

မိုးကုတ်မြို့ရှိ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများတွင် ဒေသခံများအနေဖြင့် တစ်ဦးချင်းအခွန်ဆောင်ကာ ခွင့်ပြုလိုင်စင်များဖြင့် ၁၉၆၀ ကျော်နှစ်များအထိ တစ်နိုင်တစ်ပိုင်ကျောက်မျက်တူးဖော်ခွင့်များ ရရှိခဲ့သည်။ လိုင်စင် ကြေးပြားများကို ခါးတွင်ချိတ်ဆွဲကာ သံတူရွင်း၊ ပေါက်ပြားများထမ်းပြီး ဒေသခံများက တစ်နိုင်တစ်ပိုင် ကျောက်မျက်တူးဖော်ခဲ့ကြသည်ဟု မိုးကုတ်မြို့ခံများက ပြန်လည်ပြောပြသည်။

သို့သော် ဦးနေ၀င်း၏ အိမ်စောင့်အစိုးရလက်ထက် ၁၉၆၉ တွင် ကြေညာချက်(၁/၆၉)ထုတ်ပြန်ကာ မိုးကုတ်မြို့ရှိတစ်ဦးချင်း ကျောက်မျက်တူးဖော်ခွင့်များကို ရုပ်သိမ်းရပ်ဆိုင်းခဲ့သည်။ ထို့နောက်ဦးနေ၀င်းအစိုးရက ငွေကြေးတတ်နိုင်သည့် စီးပွားရေးသမားများကိုသာ အစိုးရနှင့် ဖက်စပ်ကျောက်မျက်တူးဖော်ခွင့်ပေးခဲ့သည်။ တပ်မတော်အစိုးရလက်ထက် ၁၉၉၅ တွင် မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြဋ္ဌာန်းခဲ့ကာ မိုးကုတ်မြို့ရှိ ကျောက်မျက်တွင်းများကို ဦးပိုင်နှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများကိုသာ အစိုးရနှင့် အကျိုးတူကျောက်မျက် တူးဖော်ထုတ်လုပ်ခွင့်ပေးခဲ့ပြီး ဒေသခံများ၏ တစ်နိုင်တစ်ပိုင် တူးဖော်မှုများကို ပိတ်ပင်ခဲ့သည်။

ဒေသခံများ တစ်နိုင်တစ်ပိုင် တူးဖော်ခွင့်မရတော့သလို အစိုးရ နှင့် အကျိုးတူလုပ်ကိုင်နေသည့် ကုမ္ပဏီကြီးများကလည်း တူးဖော်ထွက်ရှိလာသည့် ကျောက်မျက်ရတနာများကို မိုးကုတ်မြို့ရှိ ထာပွဲဈေးများတွင် ရောင်းချပေးခြင်းမရှိတော့ဘဲ နိုင်ငံတော်အဆင့် ပြပွဲကြီးများ၌သာ တင်ပြရောင်းချတော့ရာ ဒေသတွင်းကျောက် မျက်ကုန်ကြမ်းရှားပါးလာခဲ့သည်။ ကုန်ကြမ်းမရနိုင်တော့၍ ကျောက်သွေး၊ ကျောက်ဖြတ်လုပ်ငန်းအများစု ရပ်နားပိတ်သိမ်းသွားခဲ့ရကာ အရောင်းအ၀ယ်ကျဆင်းပြီး မြို့၏စီးပွားရေး ကျဆင်းခဲ့ရခြင်းဖြစ်သည်ဟု မြို့ခံများက တညီတညွတ်တည်း ပြောသည်။

ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းအတွင်း မိုးကုတ်မြို့ခံများအတွက် တစ်နိုင်တစ်ပိုင် ကျောက်မျက်တူးဖော်ခွင့်များ ပြန်လည်လျှောက်ထားခွင့်ပြုခဲ့ပြီး ၂၀၁၂ နှင့် ၂၀၁၅ များအတွင်း နှစ် ကြိမ်တိုင်တိုင် တစ်နိုင်တစ်ပိုင်တူးဖော်ခွင့်များ ချထားပေးခဲ့သော်လည်း ဥပဒေအရ ကန့်သတ်ချက်များ ရှိနေခြင်းနှင့် မြေနေရာအခက်အခဲများရှိခြင်းကြောင့် ဒေသခံများလုပ်ကိုင်ခွင့်မရခဲ့ဘဲ ငွေကြေးတတ်နိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များသာ လုပ်ကိုင်ခွင့်ရခဲ့သည်ဟု မြို့ခံများကပြောသည်။ လက်ရှိမိုးကုတ်ဒေသတွင် ကျောက်မျက်တူးဖော်ရေးလုပ်ကွက် ၂,၆၀၀ ကျော်ရှိသည်။ သို့သော် အများစုမှာ အစိုးရနှင့် အကျိုးတူကုမ္ပဏီများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ ဦးပိုင်နှင့် သမ၀ါယမအသင်းအဖွဲ့များက တူးဖော်လုပ်ကိုင်နေခြင်းဖြစ်ပြီး ဒေသခံများ လုပ်ကိုင်ခွင့်ရသည့် တစ်နိုင်တစ်ပိုင်လုပ်ကွက် အနည်းငယ်သာ ပါဝင်သည်။


မိုးကုတ်မြို့လယ် လမ်းတစ်လမ်းတွင် ထာပွဲဈေး၌ ကျောက်မျက်ရတနာများကို ရောင်းချနေသည့် ဒေသခံအချို့။ (ဓာတ်ပုံ-မောင်တာ)

ပြီးခဲ့သည့် စက်တင်ဘာလကုန်တွင် ပြည်ထောင်စုလွှတ်တော်မှ မြန်မာ့ကျောက်မျက်ရတ နာဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို အများပြည်သူသိရှိလေ့လာနိုင်ရန် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေကြမ်း တွင် ဒေသခံများအား တစ်နိုင်တစ်ပိုင်ကျောက်မျက်တူးဖော်ခွင့်ပြုပေးရန် ထည့်သွင်းပြဋ္ဌာန်းထားသည်။ ထို့ပြင် ပြီးခဲ့သည့် ၂၀၁၅ နှစ်ကုန်က ပြဋ္ဌာန်းခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေပါအချက်အလက်များထဲမှ အချို့အချက်များကို ပြင်ဆင်ထား ပြီး စက်ယန္တရားများဖြင့် စီးပွားဖြစ် ဆယ်နှစ်အထိ လုပ်ကိုင်ခွင့်ပြုထားသည့် အကြီးစားတူးဖော်မှုလုပ်ငန်းများကို ပယ်ဖျက်ထားသည်။

မြန်မာ့ကျောက်မျက်ရတနာ ဥပဒေတတိယအကြိမ် ပြင်ဆင်မည့် ဥပဒေကြမ်းတွင် ငါးဧကထက် မပိုသော အလတ်စားလုပ်ကွက်နှင့် အသေးစားနှင့် တစ်နိုင်တစ်ပိုင်လုပ်ကွက်များဖြင့်သာ ကျောက်မျက်တူးဖော်ထုတ်လုပ်ခွင့်ပြုရန် သတ်မှတ်ပြဋ္ဌာန်းထားသည်။ ဒေသလိုအပ်ချက်အရ ကျောက်မျက်ပြပွဲများ ပြုလုပ်ရောင်းချရန်နှင့် ကျောက်မျက်စင်တာ (Gems Center) များ တည်ဆောက်ရန်လည်း ဥပဒေအရ ခွင့်ပြုပေးထားသည်။

အဓိကအားဖြင့် ဒေသခံများအား တစ်နိုင်တစ်ပိုင်ကျောက်မျက်တူးဖော်ခွင့်ပြုရန်ကို လိုအပ်သည့် လုပ်ကွက်နယ်မြေများကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့တို့က အများပိုင်မြေနေရာများအဖြစ် သတ်မှတ်ခွင့်ပြုပေးရမည်ဖြစ်ရာ ကျောက်မျက်ဥပဒေသစ်ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် မိုးကုတ်မြို့မှာ ၁၉၆၀ ပြည့်နှစ်ခန့်ကာလများက အခြေအနေကဲ့သို့ ပြန်ဖြစ်လာနိုင်သည်ဟု မြို့ခံများက မျှော်လင့်နေကြသည်။

ဥပဒေသစ်အတည်ပြုပြီး ဒေသခံများအား တစ်နိုင်တစ်ပိုင် ကျောက်မျက်တူးဖော်လုပ်ကိုင်ခွင့်များ ပြန်လည်ခွင့်ပြုမည်ဆိုလျှင် မြို့၏စီးပွားရေးပြန်လည်ဦးမော့လာမည်ဟု မြို့ခံစာရေးဆရာကိုထက်နိုင်(တလုပ်မြို့)က ပြောသည်။

‘‘အမေရိကန်ပိတ်ဆို့မှုတွေကလည်း ရုပ်သိမ်းလိုက်ပြီ။ ဥပဒေအတည်ပြုပြီး ဒေသခံတွေကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်ခွင့်တွေ ပြန်ခွင့်ပြုပေးမယ်ဆိုရင်တော့ မြို့က အရင်အခြေအနေပြန်ဖြစ်လာမယ်ထင်ပါတယ်။ အခုတော့ စီးပွားရေး၊ ဖွံ့ဖြိုးရေးကတော်တော်နိမ့်ကျနေတယ်’’ဟု ကိုထက်နိုင်က ပြောသည်။

တစ်ချိန်တည်းမှာပင် မိုးကုတ်မြို့သို့ နိုင်ငံခြားသားများ သွားရောက်လည်ပတ်ခွင့် တားမြစ်ပိတ်ပင်ထားမှုများ ပြန်လည်ဖြေလျှော့ကာ ခရီးသွားဒေသတစ်ခုအဖြစ် ဖန်တီးပေးနိုင်မည်ဆိုလျှင် မိုးကုတ်မြို့၏ စီးပွားရေးများ စွာဖွံ့ဖြိုးလာမည်ဟု မြို့ခံများက ပြောသည်။ အခြေအနေအချိန်အခါကောင်းတွင် ခရီးသွားမြို့အဖြစ် ဖန်တီးပြီး ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်ရန်နှင့် ကျောက်မျက်ဈေးကွက်ပြန်လည် ဖွံ့ဖြိုးလာရန် အစိုးရက အကောင်အထည်ဖော်မည်ဟု မျှော်လင့်ကြောင်း မြို့ခံဦးစိုးမြင့်က ပြောသည်။

‘‘အခုတော့ အချိန်အခါကောင်းပဲ။ အားလုံးကလည်း ကိုယ့်မြို့ကို ဘယ်တော့ပြန်လာခွင့်ရမလဲ စောင့်နေကြတယ်။ အရင်လို အခြေအနေပြန်ကောင်းဖို့ မျှော်လင့်ချက်ရှိလာပြီလို့ ထင်ပါတယ်’’

===================    
251 / End