အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်၊ ဒီဇင်ဘာ ၇ ။ ။ သမ္မတဦးသိန်းစိန်လက်ထက်ကတည်းက ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခဲ့သူတစ်ဦးဖြစ်သည့်အပြင် ယခင် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) မှတာဝန်ရှိသူတစ်ဦးဖြစ်ခဲ့သည့် ဦးအောင်နိုင်ဦး၏ “ ငြိမ်းချမ်းရေး လမ်းကြောင်းများ” ( Pathway To Peace ) စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ယနေ့ပြုလုပ်ခဲ့သည်။
“ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းပြည်တည်ဆောက်မှုအတွက် စဉ်းစားချက်လေးတွေ ရှိသင့်တယ်ပေါ့ဗျာ။ အခု ကျွန်တော်မြင်တာက အပြန်အလှန်တောင်းဆိုမှုတွေနဲ့ပဲ ပြည့်နေတဲ့အတွက် နိုင်ငံတစ်ခုတည်ဆောက်မယ်ဆိုရင် တာင်းဆိုမှုတွေတင်မကဘဲ လက်တွေ့တွေ ၊ အတွေးအခေါ်လေးတွေပေါ့နော် ။ အဲ့ဒါလေးတွေလည်း ရေးထားပါတယ် ” ဟု ဦးအောင်နိုင်ဦးက ပြောသည်။
စာအုပ်ထဲတွင် ကိုယ်တိုင် ဖြတ်သန်းတွေ့ကြုံခဲ့သည့် ငြိမ်းချမ်းရေးဖြစ်စဉ်များ၏ အကြောင်းကို ရေးသားထားခြင်းဖြစ်ပြီး “ ငြိမ်းချမ်းရေးရဲ့အကြောင်းကို ငြိမ်းချမ်းရေးထဲမှာပါတဲ့သူက ရှင်းပြရင်ပိုကောင်းမယ်ပေါ့ ။ ဒါမှတခြားသူတွေသိမှာပေါ့။ တစ်ယောက်နဲ့တစ်ယောက် အမြင်တွေမတူကြဘူး။ ကျွန်တော်တို့အနေနဲ့ ဘယ်လောက် ခက်ခက်ခဲခဲလုပ်ရတယ်ဆိုတာကို နားလည်အောင် ဒီဟာတွေကိုရေးပြတာဖြစ်ပါတယ် ” ဟု ဦးအောင်နိုင်ဦးက ပြောသည်။
ယင်းစာအုပ်ကို ပထမအကြိမ် ထုတ်ဝေခြင်းဖြစ်ပြီး လတ်တလောတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေထားကာ လာမည့်အပတ်အတွင်း မြန်မာပြန်စာအုပ် ထွက်ရှိနိုင်ရန် လုပ်ဆောင်နေသည်။ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်စာအုပ်များကိုလည်း ထပ်မံရေးသားနေကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူဟောင်း ဦးအောင်နိုင်ဦးက ပြောဆိုခဲ့သည်။
စာအုပ်မိတ်ဆက်ပွဲသို့ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ပညာရှင်များ၊ NGO များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပက်သက်နေသူများ တတ်ရောက်ခဲ့သည်။
===================
251 / End
ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခဲ့သူတစ်ဦး ရေးသားသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များ စာအုပ်မိတ်ဆက်
၇ ဒီဇင်ဘာ ၂၀၁၆ - ၁၈:၀၁
News ID: 796749