၂၉ ဒီဇင်ဘာ ၂၀၁၆ - ၂၀:၂၉
ကရင်နှစ်သစ်ကူးကပေးတဲ့ သင်ခန်းစာကိုယူကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

နေပြည်တော်(ဒီဇင်ဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ ဒီကနေ့ ကျရောက်တဲ့ ကရင်နှစ် ၂၇၅၆ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားကို နေပြည်တော်မှာ နိုင်ငံတော်အဆင့်အနေနဲ့ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နေပြည်တော်(ဒီဇင်ဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ ဒီကနေ့ ကျရောက်တဲ့ ကရင်နှစ် ၂၇၅၆ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားကို နေပြည်တော်မှာ နိုင်ငံတော်အဆင့်အနေနဲ့ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

ကရင်တိုင်းရင်းသားတွေဟာ မိမိတို့ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေပေါ်ချိန်မှာ စုပေါင်းပြီး ကောက်သစ်စားပွဲ ကျင်းပပြုလုပ်ရာကနေ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ဟာ သန္ဓေတည်လာခဲ့တာ ဖြစ်ပါတယ်။

ကရင်လူမျိုးတွေဟာ နေထိုင်ရာဒေသမတူကြတဲ့အတွက် ကောက်သစ်ပေါ်ချိန်ဟာလည်း မတူကြပါဘူး။ ဒီလို မတူညီတဲ့ဒေသတွေမှာ နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားတွေဟာ နှစ်သစ်ကူးနေ့ကိုလည်း မတူညီဘဲ ကျင်းပခဲ့ကြပါတယ်။

ဒါကို အမြော်အမြင်ရှိတဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင်ကြီးတွေက ကရင်တိုင်းရင်းသားတွေရဲ့ စည်းလုံး၊ ညီညွတ်မှု ပျက်ပြားသွားမှာ စိုးရိမ်တဲ့အတွက် နှစ်စဉ် ပြာသိုလဆန်း(၁)ရက်နေ့ကို ကရင်အမျိုးသား နှစ်သစ်ကူးနေ့အဖြစ် ဖော်ထုတ်သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားမှာ နှုတ်ခွန်းဆက်စကားပြောကြားခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကရင်တိုင်းရင်းသားများရဲ့ နှစ်သစ်ကူးနေ့ကပေးတဲ့ သင်ခန်းစာကိုယူပြီး ပြည်ထောင်စုကြီး ခိုင်မာအောင်၊ သာယာဝပြောအောင် လုပ်ကြဖို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ နှုတ်ခွန်းဆက်စကား အပြည့်အစုံကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

"ကရင်နှစ်သစ်ကူးဟာ ကောက်သစ်စားတဲ့နေ့ဆိုတော့ ပျိုးခဲ့တဲ့ပျိုးပင်တွေကနေပြီးတော့ ထွက်လာတဲ့ အသီး၊ အပွင့်တွေကို စားသောက်ပြီးတော့ ဒီအကျိုးကို ခံစားရတဲ့နေ့လို့ ပြောလို့ရှိရင် မမှားပါဘူး။

ကျွန်မတို့ ဗုဒ္ဓဘာသာဆိုရင်တော့ ကံကံ၏ အကျိုးလို့ ပြောမှာပေါ့။ ခရစ်ယာန်သမ္မာကျမ်းစာဆိုရင်လည်း ကြဲတဲ့မျိုးစေ့အတိုင်းပဲ ပျိုးပင်ကို ကြဲရတယ်ဆိုပြီးတော့ ပြောထားတာ ရှိပါတယ်။

အဲ့တော့ ကျွန်မတို့အားလုံးဟာ ကျွန်မတို့လုပ်သလိုပဲ ခံစားရမှာပါ။ အဲ့ဒါဟာ ကျွန်မတို့ရဲ့ နိုင်ငံအတွက်၊ ပြည်ထောင်စုအတွက် အင်မတန်မှ လေးလေးနက်နက်ထားရမယ့်သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။

ကျွန်မတို့လုပ်သမျှ ကျွန်မတို့ ခံစားရမယ်။ ကောင်းတာလုပ်လို့ရှိရင် ကောင်းကျိုးကို ခံစားရမယ်။ ဒါကြောင့် ကျွန်မတို့အားလုံးဟာ ပြည်ထောင်စုကောင်းကျိုးအတွက် ဝိုင်းဝန်းပြီးတော့ လုပ်ဖို့ဆိုတယ်ဆိုတာကို ကျွန်မတို့ နှလုံးသွင်းဖို့ လိုပါတယ်။

နောက်တစ်ခုက ကျွန်မတို့ ကရင်အမျိုးသားများရဲ့ နှစ်သစ်ကူးတဲ့ ကောက်သစ်စားတဲ့နေ့ဆိုတာ နှစ်သစ်ကူးတဲ့နေ့ပါ။ နှစ်သစ်ဆိုတာ တစ်နှစ်ပြန်လည်လာပါတယ်။

ကျွန်မတို့ ကမ္ဘာကြီးဟာ နေက ကမ္ဘာကြီးကို ပတ်လိုက်ပြီးတော့ တစ်ပတ်ပြည့်သွားပြီဆိုရင် တစ်နှစ်ပြည့်သွားပြီလို့ ဆိုပါတယ်။

အဲ့တော့ ဒီလိုတစ်ပတ်ပြည့်သွားတဲ့အချိန်တိုင်းမှာပဲ ကျွန်မတို့ဟာ မျှော်လင့်ချက်တွေကို ပြန်ပြီးတော့ ရှင်သန်အောင်လို့၊ သစ်ဆန်းအောင်လို့ လုပ်နိုင်တဲ့အခွင့်အရေး ရပါတယ်။

အရင်နှစ်က မလုပ်ခဲ့တဲ့ကိစ္စတွေကိုလည်း ဖြည့်ဆည်းပြီးတော့ လုပ်လို့ ရပါတယ်။

အရင်နှစ်က လုပ်ပြီးသားကိစ္စတွေကို မဖြစ်ခဲ့ပါစေနဲ့လို့ ဆုတောင်းလို့တော့ မရဘူး။ ဖြစ်ပြီးသားကိစ္စတွေကတော့ ဖြစ်ပြီးခဲ့ပြီ။

ဖြစ်ပြီးသားကိစ္စတွေ ဖြစ်ခဲ့ပြီး အဲ့ဒီအကျိုးတွေကတော့ ရောက်လာမှာပဲ။ ဒါပေမယ့်လည်း နှစ်သစ်မှာ ပြန်ပြီးတော့ အသစ်တဖန်စဖို့ အခွင့်အရေးတွေ ရပါတယ်။

အရင်က မကောင်းတာတွေ ဖြစ်ခဲ့ရင် နောင် ထပ်မဖြစ်အောင်လို့၊ အရင်တုန်းက ကောင်းတာတွေဖြစ်ခဲ့ရင် နောင်ဆိုလို့ရှိရင် ပိုမိုပြီးတော့ကောင်းအောင်လို့ ကျွန်မတို့ဟာ နောက်တစ်ဖန် လုပ်ပိုင်ခွင့်ရတဲ့အချိန်လို့လည်း ပြောလို့ရပါတယ်။

ဒါပေမယ့် လုပ်ပိုင်ခွင့်ဆိုတာ ကိုယ်သုံးတတ်မှပဲ အကျိုးအမြတ်ရှိမှာပါ။ ပျိုးပင်တွေ ကြဲသလိုပေါ့။ ပျိုးပင်တွေက မျိုးစေ့ကြဲပြီးတာနဲ့ မပြီးပါဘူး။ ပြုစုပျိုးထောင်ရတယ်ဆိုတာလည်း ရှိပါတယ်။

ဒါကြောင့်မို့လို့ နှစ်ဆန်းတစ်ရက်နေ့မှာ တစ်ချို့ ယဉ်ကျေးမှုတွေမှာဆိုရင် နှစ်ဆန်းတစ်ရက်နေ့မှာ ဒါလုပ်ပါမယ်။ ဒါမလုပ်ပါဘူး စသဖြင့် အသေးအဖွဲလေးတွေလည်း ရှိတာပေါ့။ ဥပမာဆိုရင် ဒီနှစ်အတွင်းမှာ ဆေးလိပ်ဖြတ်ပါမယ်လို့ သန္နိဌာန်တွေချတဲ့သူတွေလည်း ရှိတာပေါ့။

သို့သော်လည်း ကျွန်မသိသလောက်ကတော့ တော်တော်များများဟာ တစ်ပတ်၊ နှစ်ပတ်၊ တစ်လဆိုလို့ရှိရင် သန္နိဌာန် မမြဲကြဘူး။ အဲ့တော့ နှစ်တစ်နှစ်စပြီဆိုရင် ကျွန်မတို့ချခဲ့တဲ့ ကောင်းတဲ့သန္နိဌာန်တွေကို မြဲဖို့တော့ အားထုတ်ရပါလိမ့်မယ်။

မျိုးစေ့လေးတွေကို ကြဲပြီးတဲ့အခါကျရင် ထိုင်ပြီးတော့ ဒီလိုပဲကြည့်နေလို့ ပျိုးပင်တွေက ပေါက်လာပြီးတော့ အလိုလို စပါးတွေက ရိတ်ပြီးတော့ ကိုယ့်ပန်းကန်ပေါ် ရောက်လာမှာ မဟုတ်ပါဘူး။

ကျွန်မတို့ တစိုက်မတ်မတ် တစ်ဆင့်ပြီးတစ်ဆင့် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို အားကျိုးမာန်တက်၊ ဝိရိယနဲ့ ဇွဲနဲ့ လုံ့လနဲ့ လုပ်သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလိုလုပ်မှ ကျွန်မတို့ ကြဲလိုက်တဲ့ မျိုးစေ့လေးတွေက ပျိုးပင်လေးတွေ ပေါက်လာမယ်။ ဒီပျိုးပင်လေးတွေကလည်း ကျွန်မတို့အနေနဲ့ ပြုစုပျိုးထောင်ပေးမှပဲ ပွင့်လာမယ်၊ သီးလာမယ်။

အဲ့ဒီဟာပြီးတဲ့အခါကျတော့လည်း ရိတ်ရဦးမယ်။ ရိတ်ပြီးရုံနဲ့ ပုံထားလိုက်လို့လည်း မဖြစ်ပါဘူး။ ရင့်မှည့်လို့ ရိတ်လိုက်တဲ့စပါးတွေဟာ အဟာရဖြစ်ဖို့ဆိုလို့ရှိရင် ဆန်ဖြစ်တဲ့အထိ ကျွန်မတို့ လုပ်ရမယ်။ ဆန်ကနေ ထမင်းဖြစ်တဲ့အထိ ကျွန်မတို့ ချက်ရမယ်။

ထမင်းချက်ပြီးလို့ရှိရင်လည်း ခူးခပ်ပြီးတော့ စားရတဲ့အဆင့်အထိ အဲ့ဟာပြီးမှ ကျွန်မတို့ဟာ ပျိုးခဲ့တဲ့မျိုးစေ့လေးတွေရဲ့ အကျိုးကျေးဇူးကို အပြည့်အဝခံစားရပြီလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ဒီလိုပါပဲ ပြည်ထောင်စုကြီးတစ်ခု ထူထောင်တယ်ဆိုတာ ပထမဦးဆုံး မျိုးစေ့အရင် ကြဲရပါတယ်။ ဒီမျိုးစေ့လေးတွေကို ပြုစုပျိုးထောင်ရာမှာ အားလုံးကဝိုင်းပြီးတော့ ပြုစုပျိုးထောင်ရပါတယ်။

ထမင်းစားလို့ရှိရင်တော့ ငါပါမယ်။ ပျိုးပင်စိုက်တဲ့နေရာတော့ ငါမပါဘူး၊ ပျိုးပင်တွေကို ပြုစုပျိုးထောင်တဲ့နေရာမှာလည်း ငါမပါဘူး၊ ရိတ်တဲ့နေရာမှာလည်း ငါမပါဘူး။ စားတဲ့နေရာမှာတော့ ဝင်စားမယ်ဆိုရင်တော့ ဒီစိတ်ဓာတ်တွေက ပြည်ထောင်စုစိတ်ဓာတ်မဟုတ်ဘူးလို့ ကျွန်မတို့ ပြောရမှာပါ။

ကျွန်မတို့အားလုံးဟာ ပထမဦးဆုံး ကြဲတဲ့နေရာမှာလည်း ပါရမယ်။ ပျိုးပင်လေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာလည်း ပါရမယ်။ ရိတ်တဲ့နေရာမှာလည်း ပါရမယ်။ ဒါမှ ကိုယ်စားတဲ့အခါကျလို့ရှိရင် လိပ်ပြာသန့်သန့်ရှင်းရှင်းနဲ့ စားနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်မပျိုးခဲ့တဲ့၊ ဘာမှ ဝိုင်းပြီး မကူညီခဲ့တဲ့ ပျိုးပင်များရဲ့ အသီး၊ အပွင့်တွေကို စားတယ်ဆိုတာဟာ မလုပ်သင့်တဲ့ကိစ္စပါ။ ဒါက အင်မတန်မှ ဂုဏ်သိက္ခာမဲ့တဲ့ကိစ္စလို့ ကျွန်မ ပြောချင်ပါတယ်။

ဒါကြောင့် ကျွန်မတို့အားလုံးဟာ ပြည်ထောင်စုကြီးရဲ့ တကယ့်ညီညွတ်တဲ့ တိုင်းရင်းသားပေါင်းမြောက်များစွာကနေပြီးတော့ ညီညီညွတ်ညွတ်နဲ့ ခိုင်ခိုင်မာမာ ဆောက်တည်ထားတဲ့ ပြည်ထောင်စုကြီးရဲ့ အကျိုးကျေးဇူးတွေ၊ အသီးအပွင့်တွေကို ခံစားချင်ရင် ဒီပြည်ထောင်စုကြီးဖြစ်ပေါ်ဖို့အတွက် ဝိုင်းဝန်းပြီးတော့ အားလုံးကနေပြီးတော့ ကိုယ်ကျရာနေရာကနေ ကူညီရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မက ကရင်နှစ်သစ်ကူးနေ့ဟာ အင်မတန်မှ ချစ်ဖွယ်ကောင်းတယ်ဆိုတာ၊ ဒီကောက်သစ်စားတယ်ဆိုတဲ့ အစဉ်အလာလေးဟာ မိသားစုတွေ စားနိုင်တဲ့အခြေအနေ ရောက်ဖို့အတွက် ဘယ့်လောက် လုံ့လဝိရိယနဲ့ အားစိုက်ခဲ့ရသလဲဆိုတာ ကျွန်မတို့ပြန်ပြီးတော့ သတိရစေလိုတာ ဖြစ်တယ်။

နောက်ပြီးတော့ ကောက်သစ်တွေကိုစားတဲ့အခါ အားလုံးပျော်ပျော်ပါးပါးနဲ့ နှစ်သစ်ကူးကို ကြိုဆိုတဲ့အချိန်အခါလည်း ဖြစ်တယ်။ နှစ်သစ်ကူးဆိုတာ မျှော်လင့်ချက်တွေကို ကြိုဆိုတယ်လို့ ပြောလို့ရပါတယ်။

နောက်ပြီးတော့လည်း သမိုင်းကိုက ညီညွတ်ရေးသမိုင်းပါပဲ။ ကရင်အမျိုးသားများဟာ ညီညီညွတ်ညွတ်နဲ့ တောင်းဆိုခဲ့လို့ ဒီနေ့ဟာ ဖြစ်ပေါ်လာတာ။ ညီညီညွတ်ညွတ်နဲ့ ကိုယ်လိုချင်တာပဲ မရအရ ရအောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ မဟုတ်ဘဲနဲ့ အများအတွက်ကောင်းတဲ့အဖြေတစ်ခုရှာမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ လုပ်ခဲ့လို့ ကရင်နှစ်သစ်ကူးနေ့ဟာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ နိုင်ငံမှာဆိုရင် တိုင်းရင်းသားပေါင်း မြောက်များစွာ ရှိပါတယ်။ တိုင်းရင်းသားတိုင်းကလည်း ကိုယ့်ရဲ့နှစ်သစ်ကူးတွေ ရှိကြပါတယ်။ ဒါပေမယ့် နှစ်သစ်ကူးတိုင်းဟာ တူညီတဲ့ကိစ္စ ပါတာကတော့ နှစ်သစ်ကူးဆိုလို့ရှိရင် လူတွေက မျှော်လင့်ချက်တွေ ဆန်းသစ်လာကြပါတယ်။

အရင်နှစ်က မဖြစ်ခဲ့တာတွေ ဒီနှစ်တော့ လုပ်နိုင်မယ်ဆိုပြီးတော့ မျှော်လင့်ကြတာဟာ လူသားများရဲ့ သဘာဝပါပဲ။ ဒါပေမယ့် မျှော်လင့်ချက်ဆိုတာဟာ အလုပ်နဲ့မပံ့ပိုးလို့ရှိရင် အသီးအပွင့် မဖြစ်လာပါဘူး။

မျှော်လင့်ချက်တွေ ထိရောက်အောင်လို့ အကောင်အထည်ဖော်ဖို့ဆိုတာ အားလုံးဝိုင်းဝန်းပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အခုလို နှစ်သစ်ကူးနေ့မှာ တိုင်းရင်းသားများရဲ့ နှစ်သစ်ကူးနေ့မှာ အားလုံးဟာ ဝိုင်းဝန်းပြီးတော့ အတူတကွ ဆင်နွှဲကြတာဟာလည်း ပြည်ထောင်စုအတွက် ကောင်းတဲ့လက္ခဏာပါ။ ကောင်းတဲ့နိမိတ်ပါလို့ ကျွန်မပြောချင်ပါတယ်။

ဒါပေမယ့် နိမိတ်တွေချည်းပဲ အားကိုးနေလို့လည်း မရဘူး။ နောက်ဆုံးကျတော့ အလုပ်ပါပဲ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျတော့ အလုပ်ပါပဲ။ ကံဆိုတဲ့စကားကိုက ကမ္မဆိုတဲ့ အလုပ်ဆိုတဲ့စကားလုံးကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

ကိုယ်လုပ်မှ ကိုယ်ခံစားရမှာ။ ကိုယ်မလုပ်ဘဲနဲ့ ခံစားချင်တဲ့၊ စံစားချင်တဲ့ စိတ်ဆိုတာလည်း သိက္ခာမရှိပါဘူး။ အဲ့တော့ အားလုံးဟာ ကျွန်မတို့ ဝိုင်းဝန်းပြီးတော့ ညီညွတ်ရေးအတွက်၊ ငြိမ်းချမ်းရေးအတွက်၊ ပြည်ထောင်စုကြီး သာယာဝပြောရေးအတွက် လုပ်မယ်ဆိုလို့ရှိရင် ကျွန်မတို့ နောင်နှစ်တွေ၊ နှစ်တွေမှာ နှစ်သစ်ကူးအချိန်ကာလမှာတင် မကဘဲနဲ့ တစ်နှစ်လုံး တစ်ရက်ချင်း၊ တစ်ရက်ချင်းမှာ ကျွန်မတို့ပျိုးခဲ့တဲ့ ပျိုးပင်လေးတွေကနေပြီးတော့ ရရှိခဲ့တဲ့ အသီးအပွင့်တွေကို ကျွန်မတို့ ခံစားရမှာ၊ စံစားရမှာ။ ပျော်ရွှင်စာနဲ့ တစ်နေ့ချင်း၊ တစ်နေ့ချင်းဟာ ပိုပြီးတော့ကောင်းလာတဲ့နေ့သစ်တွေဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ကျွန်မတို့ဟာ ကျေနပ်ရမှာ ဖြစ်ပါတယ်။

နောင်လာနောက်သားတွေဟာလည်း ကျွန်မတို့ ပျိုးခဲ့တဲ့၊ အခု ဒီအချိန်အခါမှာပျိုးခဲ့တဲ့ ငြိမ်းချမ်းရေးမျိုးစေ့လေးတွေရဲ့ ဆက်ပြီးတော့ ခေတ်အဆက်ဆက် ခံစား၊ စံစားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲလုပ်လုပ် ရှေ့ကို၊ အနာဂတ်ကို ကြည့်ရပါတယ်။ အနာဂတ်ဆိုတာ နောက်တစ်နှစ်လည်း မဟုတ်ဘူး။ နောက်နှစ်နှစ်လည်း မဟုတ်ဘူး။ နောက် လေးငါးနှစ်လည်း မဟုတ်ပါဘူး။

ကျွန်မ မကြာခနသတိပေးပါတယ်။ နိုင်ငံရေးပညာရှင်ကြီးတစ်ဦးပြောခဲ့တာဟာ နိုင်ငံရေးလုပ်စားတဲ့သူတွေက နောက်ရွေးကောက်ပွဲအတွက်ပဲ စဉ်းစားတယ်။ နိုင်ငံ့အတွက်လုပ်တဲ့သူတွေက နောင်မျိုးဆက်တွေအတွက် စဉ်းစားတယ်ဆိုတာ အဲ့တော့ ကျွန်မတို့အားလုံးဟာ နောင်မျိုးဆက်တွေအတွက်စဉ်းစားပြီးတော့ ကရင်အမျိုးသားများရဲ့ အင်မတန်မှ ချစ်ဖွယ်ကောင်းတဲ့ နှစ်သစ်ကူးကပေးတဲ့သင်ခန်းစာတွေကို နှလုံးသွင်းပြီးတော့ အားလုံးအတူလက်တွဲပြီးတော့ ပြည်ထောင်စုကြီး ခိုင်မာ၊ သာယာဝပြောအောင်လို့ လုပ်နိုင်ကြပါစေလို့ ကျွန်မ ဆုတောင်းမေတ္တာပို့ရင်းနဲ့ နိဂုံးချုပ်ပါတယ်"
===================    
251 / End