၂၄ ဇန်နဝါရီ ၂၀၁၇ - ၁၉:၁၉
မလေးရှားတွင် သတ်ခံရသည့်မြန်မာ ၅ ဦးအတွက် ကရုဏာသက်၍ လှူဒါန်းခဲ့ခြင်းဖြစ်

ရန်ကုန်၊ ဇန်နဝါရီလ ၂၄ ။ ။ မလေးရှားနိုင်ငံ၊ ဆာဒန်းရပ်ကွက်တွင် ဇန်နဝါရီလ ၅ ရက်နေ့က အသတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၅ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၁ဝ သိန်းစီကို ထောက်ပံ့ခဲ့ခြင်းမှာ ကရုဏာသက်၍ လှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုဥက္ကဌ (၂) ဦးဝင်းထွန်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်၊ ဇန်နဝါရီလ ၂၄ ။    ။ မလေးရှားနိုင်ငံ၊ ဆာဒန်းရပ်ကွက်တွင် ဇန်နဝါရီလ ၅ ရက်နေ့က အသတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၅ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၁ဝ သိန်းစီကို   ထောက်ပံ့ခဲ့ခြင်းမှာ  ကရုဏာသက်၍ လှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုဥက္ကဌ (၂) ဦးဝင်းထွန်းက ပြောသည်။

" ကျွန်တော်တို့ အေဂျင်စီတွေက စေလွှတ်ထားတဲ့ အလုပ်သမားမဟုတ်ပေမယ့်လည်း အေဂျင်စီတွေက ကိုယ့်ရဲ့ မြန်မာနိုင်ငံသား၊ ကိုယ့်စီကနေ ထွက်သွားတဲ့ ကလေးတွေရဲ့ တကယ့်ဖြစ်ရပ်ကလေးကို ဂရုဏာထားတဲ့အနေနဲ့ ရည်ရွယ်ပြီးတော့ ကျွန်တော်တို့တွေ ခုလို လှူဒါန်းရခြင်း ဖြစ်ပါတယ် "ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုဥက္ကဌ (၂) ဦးဝင်းထွန်းက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၂၄ ရက်၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ ယုဇနဟိုတယ်တွင် မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်အသင်းဝင် အေဂျင်စီ ၃၁ ခုမှ စုပေါင်းပြီး သေဆုံးသူတစ်ဦးကို ငွေကျပ် ၁ဝ သိန်း စီဖြင့် ငွေကျပ်သိန်း ၅ဝ အား သက်ဆိုင်ရာမိသားစုဝင်များထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ၊ ဆာဒန်းရပ်ကွက်တွင် ဇန်နဝါရီလ ညပိုင်းက ဓားဖြင့်တိုက်ခိုက်ခဲ့သည့် လူတစ်စုကြောင့် သေဆုံးခဲ့သည့် သူများမှာ မောင်ဌေးလွင် (ခေါ်) မျိုးနိုင်ဦး၊ ထွန်းထွန်းဝင်း၊ ဇေယျာအောင်၊ မိုးထက်ဦးနှင့် မင်းရာဇာမျိုးတို့ ဖြစ်ပြီး အသက် ၁၆ နှစ်မှ ၂၅ နှစ်ဝန်းကျင်ရှိ လူငယ်များဖြစ်ကြောင်း သိရသည်။

သေဆုံးသူ မင်းရာဇာမျိုး၏ မိခင် ဒေါ်လှရီက “ ကျွန်မသား အခုလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံလို့ သေသွားပြီဆိုတော့ နောက်ထပ် ဘယ်သူ့ကိုမှ မသွားစေချင်တော့ဘူး” ဟု ယနေ့ အလှူငွေလက်ခံရယူစဉ် ပြောခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး " ဒီကလေးတွေက ဆာဒန်းမှာရှိတဲ့ အလက်ထရောနစ်စက်ရုံးမှာ ညဘက်အလုပ်ဆင်းပြီးတော့ အချိန်ပို ဆင်းပြီးပြန်တဲ့ အချိန်မှာ သူတို့က လမ်းမှာ နှစ်ဖက်ညှပ်ပြီး အတိုက်ခံရတာပေါ့။ ဓားကိုင်လာတဲ့ အဖွဲ့တွေက နှစ်ဖက်ညှပ်ပြီး သတ်တဲ့အခါမှာ ၄ ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ တစ်ယောက်ကတော့ ဆေးရုံမှာ သေဆုံးသွားခဲ့တယ် "ဟု မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းစည်သူက ရှင်းပြသည်။

ယင်းအမှုကို မြန်မာနိုင်ငံသံရုံးနှင့် မလေးနိုင်ငံရှိ ပြည်ထဲရေးဌာန CID တို့ ပူးပေါင်း၍ ပထမအနေဖြင့် သံသယရှိသူ မလေးရှားနိုင်ငံသား ၁၅ ယောက်ကို ဖမ်းဆီးထားပြီး ထပ်မံ၍ သံသယရှိသူ မလေးရှားနိုင်ငံသား ၁ဝ ယောက်ကို ဖမ်းဆီးကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း၊ လက်ရှိတွင် အဆိုပါအမှု၏ လက်ရှိအခြေအနေကို တရားဝင်ထုတ်ပြန် ကြေညာခြင်း မရှိသေးကြောင်း မြန်မာပြည်ပ အလုပ် အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်ထင်ကျော် ပြောပြချက်အရသိရသည်။

===================  
251 / End