၂၉ ဇန်နဝါရီ ၂၀၁၇ - ၁၆:၄၄
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တပ်မတော်ဘက်က မကြောက်တော့ရန်လိုကြောင်း ဦးဖြိုးမင်းသိန်းပြော

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော်ဘက်က မကြောက်တော့ရန်လိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော်ဘက်က မကြောက်တော့ရန်လိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား သည်။

ရန်ကုန်မြို့ MICT Park တွင် ဇန်နဝါရီ ၂၈ ရက်ကကျင်းပ သည့် Barcamp Yangon 2017 ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးနှင့် ပတ်သက်၍ လူငယ် တစ်ဦး၏ မေးခွန်းမေးမြန်းမှုကို ဝန်ကြီးချုပ်က ဖြေကြားခြင်းဖြစ် သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး အားလုံးအကြောက် တရားကင်းရန်လိုပြီး ကြောက် နေလျှင် ပြင်ဆင်၍ မရနိုင်ကြောင်း ၎င်းက ပြောသည်။

‘‘ကြောက်နေတယ်ဆိုတာ ကျွန်တော်တို့ချည်းပဲ ပြောနေတာ မဟုတ်ပါဘူး။ တပ်ဘက်ကလည်း မကြောက်တော့ဖို့ လိုပါလိမ့်မယ်’’ ဟု ဒီချုပ်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်သည့် ဦးဖြိုးမင်းသိန်းက ပြောသည်။

အာဏာလက်လွှတ်လိုက်ရမည်ကိုကြောက်ခြင်းမှာ ကိုယ့်ဘဝ မလုံခြုံမည်ကို ကြောက်ခြင်းဖြစ်ပြီး အာဏာကို ချုပ်ကိုင်နိုင်သည့် အခွင့်အာဏာကို ချုပ်ကိုင်နေချင်သေးသည်မှာ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်သူလူထုက တာဝန်ပေးသည့် အခိုက်အတန့်၌ တာဝန်ယူနေရခြင်းဖြစ်ပြီး နောင်တွင် ပြည်သူလူထုက ရွေးချယ်သည့် အစိုးရများ ပေါ်လာလျှင်လည်း အေးဆေးစွာ လွှဲပြောင်းပြီး ဘဝ၌ အေးအေးချမ်းချမ်း ရိုးရှင်းစွာ ဖြတ်သန်းသွားလိုကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။ ယင်းအတွက်  အာဏာယူခဲ့သူများ၏ စိတ်ထဲ၌ ရိုးရှင်းရန် လိုလိမ့်မည်ဟု ၎င်းက ပြောကြားသည်။

‘‘ရှေ့က မရိုးရှင်းခဲ့ဘူး။ ကိုယ့်မှာ အာဏာရှိရင် ဗိုလ်ကျမယ်။ အနိုင်ကျင့်မယ်။ ကိုယ်လုပ်ချင်တာလုပ်မယ်။ တိုင်းပြည် ဘဏ္ဍာငွေတွေကို ထင်ရာကြဲခဲ့မယ်ဆိုရင်တော့ ကိုယ့်ရဲ့အာဏာလက်လွတ်သွားရင် ဒီဟာတွေက တုံ့များတုံ့ပြန်လာလေမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိတတ်ပါတယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

 လူတွေ ပြောင်းရန်ထက် အတွေးအခေါ် ပြောင်းရန်သာ လို ကြောင်း ၎င်းက ထပ်မံပြောသည်။

‘‘လူတွေသာ ပြောင်းရမယ် ဆိုရင် ဆိုရှယ်လစ်စနစ်မှာ ကြီးတဲ့ လူတွေ ရယ်စရာ တစ်ခုလိုပေါ့။ အသက် (၅၀)အထက်တွေ အကုန်သတ်ပစ်လိုက်တော့ ဆိုတဲ့ ဟာမျိုးကို ရောက်သွားမှာပါ’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

 ဦးဖြိုးမင်းသိန်းသည် ဝန်ကြီး ချုပ်ဖြစ်လာပြီးနောက် သင်္ကြန် မဏ္ဍပ်ကိစ္စ၊ အထပ်မြင့် အဆောက်အအုံကိစ္စ၊ မဘသကိစ္စ၊ အလဲဗင်းစီအီးအိုကို တရားစွဲဆို သည့် ကိစ္စ၊ ရန်ကုန်မြို့တွင်း ဘတ်စ်ကားစနစ် ပြောင်းလဲခြင်း၊ ကုန်သေတ္တာယာဉ်များကို အချိန်အကန့်အသတ်ဖြင့် မောင်းနှင်စေ ခြင်းနှင့် ညဈေးတန်းပြောင်းလဲဖွင့်လှစ်စေခြင်း စသော ကိစ္စရပ်များ ကို ဆောင်ရွက်ခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ စံချိန်စံညွှန်း မပြည့် သည်မှာ အားလုံးအသိဖြစ်ပြီး ပြင် ဆင်ပြောင်းလဲရမည်ကို လက်ခံ ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၁ ရက်၌ လူငယ်များ နှင့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပြောကြားခဲ့သေးသည်။

‘‘ဒါပေမဲ့ ပြောင်းပုံ ပြောင်း နည်းက ပြည်သူလူထုကို မထိပါး တဲ့နည်း၊ မထိခိုက်တဲ့ နည်းနဲ့ ပြောင်းချင်တယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လက်ရှိ လွှတ်တော်သက်တမ်း အတွင်း ဆောင်ရွက်မည်ဖြစ်သော်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစွာဆောင်ရွက်ပြီးမှ အခြေခံဥပဒေ ပြင်ဆင်ရေးကိုအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၂၀၁၆ ဇွန်လက ပြောကြားခဲ့သည်။

 ဖွဲ့စည်းပုံ အခြေခံဥပဒေ သည် တပ်မတော်ကို အထူးအခွင့် အရေးများ ပေးထားကြောင်း မြန်မာ့ နိုင်ငံရေးအကဲခတ်သူများက အစဉ်တစိုက် ထောက်ပြဝေဖန်ခဲ့ ပြီးဖြစ်သည်။

ယခင်ကျင်းပခဲ့သော လွှတ်တော်တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်သော်လည်း အရေးကြီးပုဒ်မတစ်ခုတလေမျှပင် မပြင်ဆင်နိုင်ခဲ့ပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးမှာ ပြည်ထောင်စုလွှတ် တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘော တူမှသာပြင်ဆင်နိုင်မည်ဖြစ် သည်။

 သို့ဖြစ်ရာ ပြည်ထောင်စု လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းနေ ရာ ရထားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မထောက်ခံလျှင် အခြေခံဥပဒေ ပြင်ဆင်နိုင်လိမ့်မည်မဟုတ်ပေ။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက် ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် လိုအပ်ခြင်း ကို လက်ခံထားပြီး လိုအပ်သည့် အခြေအနေ၊ အချိန်အခါရောက်ရှိ ပါက ပြင်ဆင်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
 
===================
251/End