အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဖေဖော်ဝါရီ ၁၁ ။ ။ ရခိုင်ပြည်နယ်မှ လက်ရှိ မွတ်ဆလင်အရေးကိစ္စတွေအပြင် ပြုပြင်ပြောင်းလဲမှုတွေ နှေးကွေးနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို တုန့်ပြန်နိုင်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စီစဉ်ဆောင်ရွက်နေပြီဖြစ်တယ်လို့ Nikkei Asian Review က ရေးသားဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်မှာ မြန်မာ့စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်တွေ ရှိတယ်ဆိုတဲ့ စွဲချက်တွေ ထွက်ပေါ်ခဲ့သလို အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်နှေးနေတယ်ဆိုတဲ့ စောဒကတက်မှုတွေ ရှိနေတဲ့အချိန်မှာပဲ မြန်မာခေါင်းဆောင်အနေနဲ့ ယင်းတို့ကို ပြန်လည်ချေပသွားနိုင်မယ့် မဟာဗျူဟာတစ်ရပ်ကို အသေးစိတ်ရေးဆွဲနေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က မွတ်ဆလင်အသိုင်းအ၀ိုင်းနဲ့ပတ်သက်လို့ အခြေအနေတွေ တိုးတက်ကောင်းမွန်လာနိုင်ဖို့နဲ့ အခွန်အကောက်၊ ဘဏ်လုပ်ငန်းကနေစပြီး စိုက်ပျိုးရေးကဏ္ဍအထိ ဖြေလျှော့ တိုးတက်စေနိုင်မှု စတာတွေ ပါဝင်တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ သူမတို့အစိုးရအဖွဲ့အနေနဲ့ ယခုအချိန်မှာ စီစဉ်လုပ်ဆောင်နေပြီ၊ ဒါမှမဟုတ်လည်း စတောင်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီအစိုးရအဖွဲ့ သက်တမ်းဟာလည်း ဧပြီ ၁ ရက်မှာ တစ်နှစ်ပြည့်မြောက်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် ဒီလိုမှတ်တိုင်သစ် မရောက်ခင် အပြီးသတ်နိုင်အောင် ကိုင်တွယ်လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေလည်း ရှိနေပါသေးတယ်။ ယင်းတို့ထဲမှာတော့ ဧပြီ ၁ ရက်မှာ စမယ့် ဘဏ္ဍာနှစ်သစ်အတွက် နိုင်ငံတော်ဘက်ဂျက် အပြီးသတ်သတ်မှတ် လုပ်ဆောင်ဖို့၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ထိန်းကွပ်မယ့်ဥပဒေသစ်တစ်ရပ်အပါအ၀င် လွှတ်တော်က အတည်ပြုပေးထားတဲ့အဓိကဥပဒေတွေကို အကောင်အထည်ဖော်ပေးဖို့၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဒုတိယအကြိမ်ပြုလုပ်ဖို့ စတာတွေ ပါဝင်နေပါတယ်။
ပြည်တွင်းကို ကြည့်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဓိကလုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တစ်ခုကတော့ ၂၀၁၇ ဘတ်ဂျက်အပြီးသတ်ရေးဆွဲမှုကို ကြီးကြပ်ဖို့ပဲဖြစ်တယ်လို့ ဆိုပါတယ်။ ယခုအဆိုပြုထားတဲ့ အသုံးစရိတ်တိုးမြင့်မှုတွေအရတော့ အစိုးရသစ်အနေနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုပိုင်းတွေမှာ ဦးစားပေး ဖော်ဆောင်လိုနေတာကို တွေ့ရသလို စစ်အသုံးစရိတ်ပိုင်းမှာတော့ ယခင်နှစ်က အနေအထားအတိုင်း သိပ်မကွာလှဘူးလို့လည်း ဆိုပါတယ်။
နိုင်ငံတကာဘက်ကို ကြည့်မယ်ဆိုရင်တော့ သူမအနေနဲ့ အားချင်း ဖြေရှင်းရမှာကတော့ လူ့အခွင့်အရေးမှတ်တမ်းတွေနဲ့ပတ်သက်လို့ ဝေဖန်သံတွေကို တိတ်သွားစေဖို့လုပ်ရမှာဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံးက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာဆိုရင် ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးကိစ္စတွေနဲ့ပတ်သက်လို့ အစိုးရရဲ့ ကိုင်တွယ်ပုံအပေါ် ဝေဖန်ပြစ်တင်ထားတာတွေ ပါဝင်နေခဲ့လို့ ဖြစ်ပါတယ်။
===================
251/End
၁၁ ဖေဖော်ဝါရီ ၂၀၁၇ - ၁၇:၅၁
News ID: 811008
ဖေဖော်ဝါရီ ၁၁ ။ ။ ရခိုင်ပြည်နယ်မှ လက်ရှိ မွတ်ဆလင်အရေးကိစ္စတွေအပြင် ပြုပြင်ပြောင်းလဲမှုတွေ နှေးကွေးနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို တုန့်ပြန်နိုင်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စီစဉ်ဆောင်ရွက်နေပြီဖြစ်တယ်လို့ Nikkei Asian Review က ရေးသားဖော်ပြထားပါတယ်။