၂ မတ် ၂၀၁၇ - ၀၉:၃၉
ANP မှ ခွဲထွက်ပါတီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တရားဝင်မှတ်ပုံတင် လျှောက်ထား

စစ်တွေ၊ မတ်လ ၁ ရက်။ ။ ရခိုင်ပြည်နယ်၏ အင်အားကြီးပါတီနှင့် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီ ဦးဆောင်နေသော အစိုးရအဖွဲ့အား အတိုက်အခံ အဖြစ် ရပ်တည်နေသည့် ရခိုင်အမျိုးသားပါတီမှ ခွဲထွက်ပြီး နိုင်ငံရေး ပါတီအဖြစ် တရားဝင် ရပ်တည်ခွင့် ရရှိရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင် လျှောက်ထားပြီး ဖြစ်ကြောင်း အဖွဲ့သစ်၏ ပြောခွင့်ရ ဦးမျိုးကျော်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စစ်တွေ၊ မတ်လ ၁ ရက်။        ။ ရခိုင်ပြည်နယ်၏ အင်အားကြီးပါတီနှင့် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီ ဦးဆောင်နေသော အစိုးရအဖွဲ့အား အတိုက်အခံ အဖြစ် ရပ်တည်နေသည့် ရခိုင်အမျိုးသားပါတီမှ ခွဲထွက်ပြီး နိုင်ငံရေး ပါတီအဖြစ် တရားဝင် ရပ်တည်ခွင့် ရရှိရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင် လျှောက်ထားပြီး ဖြစ်ကြောင်း အဖွဲ့သစ်၏ ပြောခွင့်ရ ဦးမျိုးကျော်က ပြောသည်။

 “ ကျွန်တော်တို့ အနေနဲ့ မူလပါတီကိုပဲ အသက်ပြန်သွင်းတာပါ။ ပါတီသစ်လည်း မဟုတ်ပါဘူး။ လတ်တလောမှာလည်းပဲ UNA နဲ့ တွဲပြီး တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးတွေကို ပူးပေါင်း ဆောင်ရွက်နေကြတာပဲ။”

ပါတီမှတ်ပုံတင်ကို ထူထောင်လိုသူ ဦးရေ ၂၀ ဖြင့် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံတွင် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ပါတီသစ်၏ အမည်ကို ယခင် ၁၉၉၀ ပြည့်နှင့် ၂၀၁၂ ခုနှစ်တွင် မှတ်ပုံတင်ခဲ့သည့် “ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD” ဟုပင် ထပ်မံ ပေးထားပြီး လက်ရှိ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင် တည်ထောင်ခဲ့သော ပါတီလည်း ဖြစ်သောကြောင့် ၎င်းအနေနှင့် ပြန်လည် လက်တွဲ လာနိုင်ဖွယ်ရှိကြောင်း ဝေဖန်မှုများအပေါ် ဦးမျိုးကျော်က ယခုလို ဖြေကြားခဲ့သည်။

“ ကျွန်တော်တို့ ဒီပါတီကို ပြန်ပြီး တည်ထောင်ဖို့ ဆိုတာကလည်း ဦးအေးသာအောင်ကို အားလုံး တင်ပြထားပြီးသားပါ။ သူလည်းပဲ သဘောတူခွင့်ပြုပါတယ်။ သူ ပြန်လက်တွဲမယ်။ မတွဲမယ်ဆိုတာက ခု ပြောဖို့ စောပါသေးတယ်။ ဒါပေမဲ့ တစ်ဘက်မှာ ကော်မရှင်ရဲ့ ဥပဒေအရ လူတစ်ဦးဟာ ပါတီနှစ်ခုရဲ့ ပါတီဝင်တော့ ဖြစ်ခွင့် မရှိဘူးပေါ့။ ဆိုတော့ တချို့ကလည်း နုတ်ထွက်ထားကြပြီး ဖြစ်တယ်။ ကျန်တဲ့သူတစ်ချို့လည်း ကျန်နေသေးတယ်ပေါ့”ဟု ဦးမျိုးကျော်က ပြောသည်။

 ၂၀၁၄ ခုနှစ်တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ပူးပေါင်း၍ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ပြီးနောက် ယခုလို ခွဲထွက်လာခဲ့ခြင်း ဖြစ်သည့်အပြင် ဦးအေးသာအောင်မှာ ပူးပေါင်းပါတီ ANP အတွင်း ကျန်ရှိနေသော တစ်ဦးတည်းသော ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်၏ အကြီးအကဲလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် ပါတီသစ် ထူထောင်လိုသူများအနေနှင့် တရားဝင် မှတ်ပုံတင်လျှောက်ထားပြီး ဖြစ်သဖြင့် မှတ်ပုံတင်ကျလာပြီးနောက် ပါတီ၏ ရုံးချူပ်ကို ကျောက်တော်မြို့နယ်တွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားပြီး၊ ဖက်ဒရယ်အရေးနှင့် တိုင်းရင်းသား အရေးတို့ အပါအဝင် ရခိုင်အမျိုးသားအကျိုးစီးပွားတို့ကို ဖော်ဆောင်နိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည်ဟုလည်း ပါတီ ထူထောင်လိုသူများ၏ ပြောခွင့်ရ ဦးမျိုးကျော်၏ ပြောကြားချက် အရ သိရသည်။

===================
251/End