အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နေပြည်တော်(မေ ၂၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ ညီလာခံတွင် ဆွေးနွေးသည့် ကဏ္ဍ(၅)ခုအနက် နိုင်ငံရေးကဏ္ဍတွင် ပါရှိသည့် “နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ” ဟူသည့် အချက်အား ယနေ့ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေးတွင် အကြိတ်အနယ် ညှိနှိုင်းခဲ့သော်လည်း သဘောတူညီမှု မရခဲ့ပေ။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဟူသည့် ကဏ္ဍ(၅)ခုအနက် နိုင်ငံရေးကဏ္ဍတွင် ပါဝင်သည့် အဆိုပါ ခွဲမထွက်ရ ဟူသည့် အချက်အား ညီလာခံတွင် ဆွေးနွေးမှု မကျေလည်၍ UPDJC အစည်းအဝေးတွင် ဆက်လက်ညှိနှိုင်းခဲ့သော်လည်း သဘောတူညီမှု မရခဲ့သဖြင့် ယင်းအချက်အား လက်ရှိကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ချန်လှပ်ထားခဲ့ရမည် ဖြစ်သည်။
“အဓိက လိုချင်တာက ခွဲမထွက်ဘူးဆိုတဲ့ဟာလေးပါ။ ဒီအာမခံချက်က သမိုင်းရဲ့ သင်ခန်းစာအရ ထည့်တာ ဖြစ်ပါတယ်။ အများရဲ့ စိုးရိမ်ဖြေဖျောက်နိုင်အောင် ထည့်တာ ဖြစ်ပါတယ်။ ဒီဟာကို ပေးနိုင်မယ်ဆိုရင် တဖက်မှာရှိတဲ့ ကိုယ်ပိုင် Constitution ၊ ကိုယ်ပိုင်ပြဌာန်းချက် ဒါတွေကို ကျွန်တော်တို့ ပေးနိုင်မှာ ဖြစ်ပါတယ်။ သို့သော် ဒီနေ့ အစည်းအဝေးမှာ အထူးပဲ စိတ်မကောင်း ဖြစ်ရပါတယ်”
“သက်ဆိုင်ရာ အစုအဖွဲ့ပေါ့နော်။ EAOs တချို့က ဒါကို Commitment(ကတိကဝတ်) မပေးနိုင်ဘူး။ လက်မခံနိုင်ဘူးပေါ့နော်။ လက်မခံနိုင်တဲ့အခါမှာတော့ ကျန်တဲ့အချက်တွေကို ရှေ့ဆက်လို့ မရဘူး။ မရတော့တဲ့အတွက် စိတ်မကောင်းစွာနဲ့ပဲ ဒီညီလာခံမှာ ချန်ထားခဲ့ရပါတယ်” ဟု မေ ၂၈ရက်က ကျင်းပသည့် UPDJC နံနက်ပိုင်းအစည်းအဝေး အပြီးတွင် အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးအား မေ ၂၄ရက်မှ မေ ၂၈ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း အဆိုပါ ခွဲမထွက်ရ ဟူသည့်အချက်အား ညှိနှိုင်းမှု မပြီးပြတ်၍ ညီလာခံကို နောက်သို့ တစ်ရက် ရွှေ့ဆိုင်းကာ UPDJC အစည်းအဝေးတွင် ဆက်လက်ညှိနိုင်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ယနေ့ကျင်းပသည့် UPDJC အစည်းအဝေးတွင်လည်း ယင်းအချက်အား သဘောတူညီမှု မရခဲ့၍ ချန်လှပ်ထားခဲ့ပြီး နောက်ထပ် ကျင်းပမည့် ညီလာခံမှသာ ဆက်လက်ဆွေးနွေးရမည့် အနေအထားဖြင့် အဆုံးသတ်သွားပြီ ဖြစ်သည်။
UPDJC အစည်းအဝေး နံနက်ပိုင်းအပြီးတွင် ညှိနှိုင်းမှုများ အဆင်ပြေပါရဲ့လားဟူသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို “ညှိနှိုင်းမှုတွေရဲ့ သဘာဝအရ အဆင်ပြေတာရော၊ အဆင်မပြေတာရော ရှိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။
တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဌဖြစ်သူ ခွန်မြင့်ထွန်းက “ခွဲမထွက်ရဘူးဆိုတဲ့ စကားမျိုးကို လက်ခံပေးလိုက်ရင် ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ သမိုင်းကြောင်းနဲ့ တိုင်းရင်းသားများရဲ့ သမိုင်းကြောင်းရှိတယ်။ ပင်လုံရဲ့ သမိုင်းကြောင်းရှိတယ်။ အဲ့ဒီသမိုင်းကြောင်းမှာ ကျွန်တော်တို့ မိမိတို့ရဲ့ သိက္ခာကို အနည်းနဲ့အမျှ ထိပါးသလို ခံစားရတာတွေ ရှိတယ်။ အဲ့ဒါကြောင့် အကောင်းဆုံးစကားလုံးကို ရှာနိုင်ဖို့အတွက် ဒီမှာ ဆက်လက်မဆွေးနွေးဘဲနဲ့ ရပ်ဆိုင်းတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကလည်း “ကျွန်တော်တို့တိုင်းရင်းသားတွေဘက်ကတော့ ဘယ်တော့မှ ခွဲမထွက်ဘူး။ ဒါပေမဲ့ ဒါက ကတိကဝတ်ပေါ့နော်။ ခွဲမထွက်ဘူးဆိုတာက ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အထူးသဖြင့် ကရင်အနေနဲ့တင်ပြတာက စာချုပ်စာတမ်းဆိုတာထက်ကို ကျွန်တော်တို့ NCA မှာ တစ်ကြိမ်ဖော်ပြတယ်။ နိုင်ငံရေး မူဘောင်မှာ သုံးကြိမ်ဖော်ပြတယ်။ အဲဒါ ဘာလဲဆိုရင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့ တာဝန်အရေးသုံးပါးဆိုတာ နိုင်ငံတော်က ချထားတဲ့မူဖြစ်တယ်။ တပ်မတော်က ချထားတဲ့မူဖြစ် တယ်။ ဒီဟာကို အစိုးရ၊ လွှတ် တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကတိ ကဝတ်အနေနဲ့၊ နိုင်ငံရေးကတိက ဝတ်အနေနဲ့ထားပြီး ဒါထက် ခိုင် မာတာမရှိဘူး’’ ဟု ယမန်နေ့က ပြောဆိုထားသည်။
===================
251/End
၂၈ မေ ၂၀၁၇ - ၁၅:၂၃
News ID: 832549
နေပြည်တော်(မေ ၂၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ ညီလာခံတွင် ဆွေးနွေးသည့် ကဏ္ဍ(၅)ခုအနက် နိုင်ငံရေးကဏ္ဍတွင် ပါရှိသည့် “နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ” ဟူသည့် အချက်အား ယနေ့ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေးတွင် အကြိတ်အနယ် ညှိနှိုင်းခဲ့သော်လည်း သဘောတူညီမှု မရခဲ့ပေ။