အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံဒုတိယ အစည်းအဝေး၌ နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရဆိုသည့်အချက်ကို ပြည်ထောင်စုသဘောတူစာချုပ်တွင် အခြေခံမူအဖြစ် မထည့်သွင်းရန် ကန့်ကွက်ရခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်၌ အတားအဆီးကြုံနိုင်၍ ဖြစ်ကာ ပါတီအနေဖြင့်ပြည်ထောင်စုမှ ခွဲထွက်ရန် တောင်းဆိုခြင်းမဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီက ဇွန်လ ၁ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
‘‘ပြည်ထောင်စုက ခွဲထွက်ဖို့ ကျွန်တော်တို့ တောင်းဆိုခြင်း လုံးဝမရှိပါဘူး။ လာပေါင်းနေပြီပဲ လာပေါင်းနေတာကိုက ပူးပေါင်း ဆောင်ရွက်ဖို့ အနေအထားပါ။ အခုအပြင်မှာ ရေးနေကြတဲ့၊ပြော နေကြတဲ့၊ အပြစ်တင်နေကြတဲ့ ဟာမျိုး ကျွန်တော်တို့ ခွဲထွက်ဖို့ တောင်းဆိုခြင်းမဟုတ်ဘူးဆိုတာ ကို ရှင်းရှင်းလင်းလင်းပြောတာ ဖြစ်ပါတယ်’’ ဟု ပါတီပြောရေးဆို ခွင့်ရှိသူ ဦးစိုင်းညွန့်လွင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ရန်ကုန်ရှိ SNLD ရုံးချုပ် တွင် ပါတီအထွေထွေအတွင်းရေး မှူးချုပ်ဦးစိုင်းညွန့်လွင်၊ တွဲဖက် အတွင်းရေးမှူး(၁)ဦးစိုင်းလိတ် နှင့် တွဲဖက်အတွင်းရေးမှူး(၂) ဦး စိုင်းကျော်ညွန့်တို့က ရှင်းလင်းခဲ့ သည်။
ပင်လုံစာချုပ်ထဲတွင် ခွဲထွက်ခွင့်မပါကြောင်း၊ ပင်လုံစာချုပ်က ပူးပေါင်းရန်သာရှိကြောင်း၊ SNLD ပါတီမူဝါဒသည် ပင်လုံစာ ချုပ်ကို အကောင်အထည်ဖော်နိုင် ရေးပင်ဖြစ်ကြောင်း ပါတီတာဝန် ရှိသူများက ရှင်းပြသည်။
‘‘ကျွန်တော်တို့ပြည်ထောင် စုက ခွဲထွက်ချင်တယ်ဟေ့ဆိုရင် ကျွန်တော်တို့လုပ်ရမယ့် အလုပ် တစ်ခုပဲရှိတယ်။ ၄၇ ခုနှစ်က ချုပ် ဆိုခဲ့တာကို လျစ်လျူရှုလိုက်မယ်။ အဲဒါ မလုပ်သရွေ့ကတော့ နဂို အတိုင်းပါပဲ’’ ဟု ဦးစိုင်းညွန့်လွင် က ပြောသည်။
ဦးစိုင်းလိတ်ကလည်း ‘‘ဒါ ထက်လွယ်တာပြောရရင် ကျွန် တော်တို့ ငြိမ်းချမ်းရေးမလိုချင် ဘူး။ ပြည်ထောင်စုက ခွဲထွက်ချင် တယ်ဆိုရင် နိုင်ငံရေးပါတီလည်း မထောင်တော့ဘူးဗျ။ အဲဒီညီလာ ခံကိုလည်း တက်စရာအကြောင်း မရှိဘူး’’ ဟု ပြောသည်။
နိုင်ငံတော်၏ နယ်မြေအ ပိုင်းအခြားဟူသမျှသည် နိုင်ငံ တော်မှ မည်သည့်အခါမျှ ခွဲ မထွက်ရဆိုသည့် အချက်ကို SNLD က ၂၁ ရာစုပင်လုံညီလာခံတွင် ကန့်ကွက်ခဲ့သည်။
ဆက်လက်၍ ဦးစိုင်းညွန့်လွင်က ‘‘ ဒီထက်ပိုပြီးကြီးမားတဲ့ အခက်အခဲတစ်ခုက ဆွေးနွေးနေဆဲရှိတဲ့ လက်နက်ကိုင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေရှိတယ်။ ဆွေးနွေးနေဆဲ မပြတ်သေးဘူး။ အဲဒီအဖွဲ့တွေရှိတယ်။ နောက် ဆွေးနွေးလတ္တံ့ပေါ့။ ဆွေးနွေးဖို့စီစဉ်နေတဲ့ အဖွဲ့တွေရှိတယ်။ ဆွေးနွေးနိုင်အောင် ကြိုးစားနေတဲ့အဖွဲ့တွေရှိတယ်။ ဒီလို အတားအဆီးဖြစ်နိုင်တဲ့ စာသားတွေ ဒီအခြေခံမူတွေကို ဒီမှာချမှတ်လိုက်တယ်ဆိုရင် အဲဒီလူတွေကို ဆွေးနွေးပွဲကို မလာနိုင်အောင် တားဆီးလိုက်သလိုဖြစ်တယ်’’ ဟု ပြောသည်။
‘‘ငါတို့ ဒီပြည်ထောင်စုထဲ မှာ ပါတာက ငါတို့အခွင့်အရေး ကိုတောင် ငါတို့မယူခဲ့ဘဲနဲ့ ငါတို့ ဒီအထဲမှာပါတာ။ အဲဒီတော့ ဒီလို ရှိနေလျက်နဲ့ မင်းတို့ကတော့ မခွဲ ထွက်ရဘူးဆိုပြီး ကျွန်တော်တို့ကို ထပ်ပြီး ကန့်သတ်ဦးမှာလား။ ကျွန်တော်တို့ ခွဲထွက်ပါမယ်ဆိုပြီး ဘယ်တုန်းက ပြောဖူးသလဲ။ ပြောသလားပေါ့၊ ကျွန်တော်တို့ ရှမ်းခေါင်းဆောင်များက ဒါက စိတ်ဓာတ်ရေးရာ အရရော၊ ဂုဏ် သိက္ခာအရရော အကုန်လုံးက နားလည်သင့်တယ်။ ဒါက ပြည် ထောင်စုကို တည်ဆောက်ခဲ့တဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်ပါတယ်။ ဒါက ကျွန်တော်တို့ရှမ်းများရဲ့ ဂုဏ် သိက္ခာနဲ့ ဆိုင်တယ်။ ဒီလိုပြောလို့ ခွဲထွက်ဖို့ ပြောနေတာမဟုတ်ဘူး။ အပြန်အလှန် လေးစားမှုရှိဖို့လို အပ်တယ်ဆိုတဲ့ သဘောတရားကို ပြောခြင်းဖြစ်ပါတယ်’’ ဟု ဦးစိုင်း ကျော်ညွန့်က ပြောသည်။
၂၁ ရာစုပင်လုံညီလာခံတွင် အချက် ၃၇ ချက်ကို သဘောတူအတည်ပြုပြီး ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၁)အဖြစ် သတ်မှတ်ချုပ်ဆိုခဲ့သည်။ သို့ရာတွင် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရဆိုသည့်အချက်အပေါ် သဘောတူညီမှုမရ၍ တိုင်းရင်းသားများလိုလားသည့် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲခွင့်အပါအ၀င် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဆိုင်သည့် သဘောတူညီမှုများ မရခဲ့ဘဲ ဆက်လက်ဆွေးနွေးရန်သာ စီစဉ်ခဲ့ရသည်။
===================
251/End
၂ ဇွန် ၂၀၁၇ - ၁၇:၄၁
News ID: 833738
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံဒုတိယ အစည်းအဝေး၌ နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရဆိုသည့်အချက်ကို ပြည်ထောင်စုသဘောတူစာချုပ်တွင် အခြေခံမူအဖြစ် မထည့်သွင်းရန် ကန့်ကွက်ရခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်၌ အတားအဆီးကြုံနိုင်၍ ဖြစ်ကာ ပါတီအနေဖြင့်ပြည်ထောင်စုမှ ခွဲထွက်ရန် တောင်းဆိုခြင်းမဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီက ဇွန်လ ၁ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။