အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရသစ်လက်ထက်တွင် လူထုက အကောင်းဘက်မှ တုံ့ပြန်အသိ အမှတ်ပြုမှုအရဆုံး ဝန်ကြီးဌာနသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဖြစ်သည်။ ကမ္ဘာပေါ်တွင် သဘာဝဘေး အန္တရာယ် ဒုတိယအခံစားရဆုံး မှတ်တမ်းဝင်နေပြီး မုန်တိုင်း၊ လေပြင်း၊ ရေကြီးမှုတို့ မကြာခဏရင်ဆိုင်နေရသော မြန်မာနိုင်ငံတွင် အ ထက်ပါဝန်ကြီးဌာနသည် ပြီးခဲ့သည့် အစိုးရသက်တမ်း တစ်နှစ်အတွင်း အလုပ်များခဲ့သည်။ ပြည်သူလူထု ရွေးကောက်တင်မြှောက်သော အစိုးရ၏ တစ်နှစ်တာ စွမ်းဆောင်ရည်အပေါ် ပြည်သူများ၏ သဘောထားများကို 7Day News ဂျာနယ်က ၂၀၁၇ ဧပြီအတွင်း စစ်တမ်းငယ်တစ်ခု ကောက်ယူခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် ဆန္ဒမဲပေးသူများက ဒုတိယမြောက် စွမ်းဆောင်ရည်အကောင်းဆုံးဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထို့ကြောင့် ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို 7Day News ဂျာနယ်က သီးသန့်တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။
ပထမဆုံးအနေနဲ့ သဘာဝဘေး ကြောင့် ထိခိုက်ပျက်စီးတာတွေကို ဒီဧပြီလကစပြီးတော့ ထောက်ပံ့ကြေးသုံးဆခန့် တိုးပေးလိုက်တယ်။ ဒီလိုတိုးပေးလိုက်ရတဲ့ အဓိက အကြောင်းရင်းလေး သိပါရ စေ။
သဘာဝဘေးနဲ့ ပတ်သက် လို့ရှိရင် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဗဟိုကော်မတီ ဆိုတာရှိတယ်။ အဲဒီအောက်မှာ လုပ်ငန်းကော်မတီ ၁၂ ခုနဲ့ ဆောင် ရွက်နေတယ်ပေါ့။ ပြီးခဲ့တဲ့တစ်နှစ် အတွေ့အကြုံအရ ပြန်ဆန်းစစ်ကြည့်တဲ့အခါ ဘေးအန္တရာယ်ဖြစ်တဲ့အခါမှာ အလျင်အမြန် တုံ့ပြန်ဖို့ဆိုတာက အရေးကြီးတယ်။ အလျင်အမြန် တုံ့ပြန်မှုအပိုင်းက ထောက်ပံ့မှုနဲ့ တွဲရတာပေါ့။ ထောက်ပံ့မှုနဲ့ တွဲရတဲ့အခါကျ တော့ ကနဦးစာရင်းဇယား ကောက်ယူရတယ်။ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်တဲ့နေရာမှာ ငွေကြေး၊ ပစ္စည်းနဲ့ ရိက္ခာတွေပါတာပေါ့။ ထောက်ပံ့မှုတွေက ခေတ်အဆက်ဆက်က ကျွန်တော်တို့ ၀န်ကြီးဌာနရဲ့ ရန်ပုံငွေတွေက အလွန်နည်းခဲ့တယ်။ အလွန်နည်းတဲ့အတွက် ထောက်ပံ့နိုင်မှု တော် တော်ကို နည်းခဲ့တယ်။ အဲဒါကို ပြန်ဆန်းစစ်တော့ ဒီထောက်ပံ့မှုတွေ ပိုသင့်တယ်လို့ ဆုံးဖြတ်ခဲ့တာပေါ့။ ဆုံးဖြတ်ခဲ့ပြီး ကျွန်တော်တို့ ၀န်ကြီးဌာနရဲ့ ဘတ်ဂျက်ကိုလည်း အသုံးပြုမယ့် လုပ်ငန်းတွေကို ဖော်ပြပြီးတော့ တင်တဲ့အခါကျတော့ ဘတ်ဂျက်က သုံးဆတိုးတာပေါ့နော်။ သုံးဆတိုးတဲ့အတွက်ကြောင့် ကျွန်တော်တို့ လုပ်ငန်းအသီးသီးမှာ တိုးပြီးတော့ ဆောင်ရွက်ရမှာတွေ ရှိတယ်။ ထောက်ပံ့မှုတွေကိုလည်း ဒါ ကြောင့်မို့ အဆတိုးခဲ့တာ ဖြစ်ပါ တယ်။
ထောက်ပံ့ကြေးတိုးလိုက်တဲ့ သ တင်းကို ပြည်သူတွေသိအောင် ဘယ်လိုများ ဆောင်ရွက်ပါသ လဲ။
ဒါအင်မတန်အရေးကြီးတဲ့ အချက်ပါ။ ကျွန်တော်တို့ ဒီလိုတိုးပြီး ထောက်ပံ့နေပြီဆိုတာကို ပြည်သူလူထုက ချက်ချင်းမသိနိုင်ဘူး။ ကျွန်တော်တို့ သွားရောက်ထောက်ပံ့တာနဲ့ပဲ ပြည်သူလူထုက ကျေနပ်နှစ်သိမ့်လိုက်ရတာရှိတယ်။ နောက်အစိုးရအဖွဲ့ထဲက မဟုတ်ဘဲနဲ့ အဖွဲ့အစည်းတွေ တော်တော်များများကလည်း ၀ိုင်း ၀န်းထောက်ပံ့ကြတာမို့ ဒါအစိုးရ က ကူညီတာလား၊ အဖွဲ့အစည်း တွေက ကူညီတာလား၊ စေတနာ ရှင်တွေလား တချို့မခွဲခြားနိုင်ဘူး ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူနဲ့ အနီးစပ်ဆုံးထိတွေ့ဖို့ ရက်တစ်ရာ စီမံကိန်းမှာကတည်းက ပြည်သူနဲ့ အနီးစပ်ဆုံးဖြစ်အောင် ကြိုးစား တယ်။ ကြိုးစားတော့ ပြည်သူက ကျွန်တော်တို့ အလုပ်ကို စိတ်ဝင် စားလာတယ်။ စိတ်ဝင်စားလာတဲ့ အခါကျတော့၊ ပြည်သူကို ကျွန် တော်တို့ လုပ်ဆောင်ချက်တွေ ပြောဖို့အခါကျတော့ ဒုတိယနှစ် အခုနှစ်မှာ ပိုလွယ်သွားတယ်။ ပို လွယ်သွားတဲ့အခါကတော့ ကျွန် တော်တို့ ဒီလိုထောက်ပံ့နေပြီဆို တာကိုသိဖို့ မီဒီယာတွေကတစ်ဆင့် ပြန့်တာပေါ့။ မီဒီယာဆိုတာက ရုပ်သံ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနဲ့ သွားတာပေါ့။ အဲဒီတော့ ရုပ်သံကနေ ကြေညာထားတာရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြည်သူထင်သာမြင်သာအောင် ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက မြေပြင်က ပျက်စီးမှုစာရင်းနဲ့ လူသေဆုံးမှုစာရင်းတွေမှာ အစိုးရဆီတက်လာတဲ့ စာရင်းနဲ့ ကွာဟမှုတွေရှိခဲ့တယ်။ ၀န်ကြီးလက်ထက်မှာကော မြေပြင်အခြေနဲ့ ကိုက်ညီအောင် ဘယ်လိုဆောင်ရွက်ပါ သလဲ။
တကယ်တမ်းဆိုရင် အဲဒီစာ ရင်းကောက်ယူတဲ့ကိစ္စက လွယ် တဲ့ကိစ္စမဟုတ်ဘူး။ အခုထိ အခက်အခဲရှိတယ်။ ကနဦးစာရင်းဇယား တွေကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အဓိကတာဝန်ယူပြီးတော့ ကောက်ယူတယ်။ သဘာဝဘေးကို တုံ့ပြန်ဖို့ဆိုရင် ပူးပေါင်းဆောင်ရွက်မှုတွေ အခုတော့ဖြစ်လာပြီ။ ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာတဲ့အတွက်ကြောင့် တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး စာရင်းဇယားကောက်ယူတဲ့အခါမှာ ပိုမှန်လာတာပေါ့။ ပိုမြန်လာတာပေါ့။ ကနဦးဆိုတဲ့ဟာကိုပဲ ကျွန်တော်တို့ ပထမဆုံးယူရတယ်။ အလျင်အမြန်တုံ့ပြန်ချင်တာကိုး။ ပြီးမှ ဆက်ပြီး စာရင်းဇယားအမှန်တွေ ကောက်ယူဖို့၊ စာရင်းဇယား အချက်အလက် ကောက်ယူဖို့၊ တင်ပြဖို့၊ စုဆောင်းရှာဖွေဖို့ဆိုတဲ့ လုပ်ငန်းကော်မတီရှိတယ်။ အဲဒီလုပ်ငန်းကော်မတီက ဒါကို ဆက်ပြီးဆောင်ရွက်ရတယ်။ နောက်ပိုင်းမှာတော့ ဒီလုပ်ငန်းကော်မတီက စာရင်းဇယား အတိအကျကောက်ပြီးတော့ ဆောင်ရွက်တာ။ အခုလည်း အခက်အခဲက ရှိသေး တယ်။ ဒါကို ကြိုးစားပြီး ဖြေရှင်းနေတယ်။
အစိုးရသစ်အနေနဲ့ နိုင်ငံ့တာဝန်ကို ယူစမှာပဲ မိုးသီးကြွေလို့ လူနဲ့ တိရစ္ဆာန် သေဆုံးတာတွေ၊ ရေဘေး ဆိုးဆိုးရွားရွား ရင်ဆိုင်ရတာတွေလို သဘာဝဘေးတွေဖြစ်ခဲ့တယ်။ အခုနောက်ဆုံးဆို မိုရာမုန်တိုင်းဘေးပေါ့။ သဘာဝဘေးကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ ၀န်ကြီးမှာ အတွေ့အကြုံအများကြီးရှိခဲ့ပြီဆိုတော့ အဓိကအခက်အခဲတွေက ဘာဖြစ်မလဲ။
အဓိကအခက်အခဲကို တင်ပြ ရရင်တော့ အဆင်သင့်မဖြစ်တာ ဗျ။ သဘာဝဘေးနဲ့ ပတ်သက်လို့ရှိ ရင် ကျွန်တော်တို့က အဆင်သင့် ဖြစ်ရမယ်။ အဆင်သင့်ဖြစ်တယ် ဆိုတာက ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း ပေါ့။ မြန်မာနိုင်ငံအနေနဲ့ သဘာဝ ဘေး ပုံမှန်ကျရောက်တဲ့ နိုင်ငံဖြစ် သွားပြီဆိုတာကို ပြည်သူအားလုံး သတိထားဖို့ လိုတယ်။ ကျွန်တော် တို့နိုင်ငံက သဘာဝဘေးက လာ မှာပဲ။ လာတဲ့ သဘာဝဘေးကို ကြည့်လိုက်ရင်လည်း ပိုပြင်းထန် မယ်ဆိုတာကို မှန်းဆထားရမယ်။ ဘာကြောင့်ပြင်းလဲဆိုတော့ ကမ္ဘာ့ ရာသီဥတုတွေ ပြောင်းလဲတယ်။ မြန်မာနိုင်ငံမှာလည်း အကြီးအ ကျယ် ပြောင်းလဲသွားပြီ။ ဂေဟ စနစ်တွေလည်း ပြောင်းလဲတယ်။ အဲဒီတော့လာရင် ပျော့ပျော့လေး မလာဘူး။ ပြင်းမယ်။ ရေကြီးရင် တအားကြီးမယ်။ မုန်တိုင်းဆိုရင် ပိုပြင်းလာမယ် စသဖြင့်ပေါ့။ ငလျင်ဆိုလည်း ကြောက်ရတာပဲ။ ဘာပဲဖြစ်ဖြစ် ပြင်းထန်လာတဲ့ဟာ လာရင် အဆင်သင့်ဖြစ်မှုဆိုတာ က ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိရ မယ်။ အဆင်သင့်မဖြစ်ဘူးဆိုတာ က ဘာနဲ့တိုင်းတာလဲဆိုတော့ အဆောက်အအုံတွေ၊ လမ်းတံတားတွေ ခိုင်ခံ့မှုနည်းခဲ့တယ်။ အခု တော့ အဆောက်အအုံ၊ လမ်းတံ တားတွေ ဆောက်တဲ့အခါမှာ ကျ ကျနန ခိုင်ခံ့မှုရှိအောင်ဆိုပြီး ဆောင်ရွက်နေကြတယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က ပို့ဆောင်ရေး လုပ်ငန်းတွေပေါ့။ ပို့ဆောင်ရေးက ကုန်းလမ်းမှာရော၊ လေလမ်းမှာရော၊ ရေလမ်းမှာရော လိုအပ်ချက်တွေ အများကြီးရှိတယ်။ လေကြောင်းလမ်းဆိုရင် မရသေးဘူး။ တပ်မတော်က ကူညီတဲ့အတွက်ကြောင့် ရဟတ်ယာဉ်တွေ ချက်ချင်းရတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ပြီးပြည့်စုံလုံလုံခြုံခြုံဆိုတာ ဒီရေလမ်း၊ လေလမ်း၊ ကုန်းလမ်းမှာ မရှိသေးဘူးပေါ့။ အဲဒါတွေ ကျွန်တော်တို့ ထူထောင်ရမယ်။ ပြီးတော့ ဆက်သွယ်ရေးမှာလည်း ကျွန်တော်တို့ အားနည်းချက်တွေ အများကြီးရှိ တယ်။ ဒါတွေကို ကျွန်တော်တို့ အခု ပြုပြင်ဆောင်ရွက်နေတယ်။ ဒီပြင် လူ။ လူမှာကော သဘာဝ ဘေးနဲ့ပတ်သက်ရင် ဘယ်လောက်အသိတွေရှိသလဲ။ သူတို့ကော တကယ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိဖို့အတွက် ဘယ်လောက် အတတ် ပညာတွေရှိပြီလဲ။ သဘာဝဘေးတုံ့ပြန်မယ့် အဖွဲ့တွေ ဖွဲ့ထား တယ်။ ဒါပေမဲ့ သူတို့ တကယ်ရှာ ဖွေကယ်ဆယ်ဆိုရင် တကယ်လုပ် တတ်သလားပေါ့။ သူတို့လုပ်ဖို့ ပစ္စည်းတွေရှိလားပေါ့။ ဒါတွေအ ကုန်လုံးနဲ့ ပတ်သက်ပြီး အဆင် သင့်မဖြစ်တဲ့အတွက်ကြောင့် သဘာဝဘေးကို ရင်ဆိုင်တဲ့နေရာမှာ ကျွန်တော်တို့ အားနည်းခဲ့တယ်။ ဆုံးရှုံးမှုတွေ များနေတာပေါ့။ ကျွန်တော်တို့ ဒီအပိုင်းကို ဂရုစိုက်ပြီး အခု ဆောင်ရွက်နေတာ ရှိပါ တယ်။
ဒီတော့ သဘာဝဘေးကို တုံ့ပြန်ရင်ဆိုင်တဲ့အပိုင်းမှာ အစိုးရက ဘာ တာဝန်ရှိသလဲ၊ လူထုကကော ဘာ တာဝန်ရှိလဲ။ ဒီနှစ်ချက်ကို ကွဲကွဲ ပြားပြားလေး ပြောပြပါလား။
ခွဲခြားလို့ မရဘူးလို့ပဲ ပြော ချင်တယ်။ အစိုးရရော၊ ပြည်သူရော ပူးပေါင်းမှရမယ်။ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတော့ အစိုးရကနေဖွဲ့ထားတဲ့ ကော်မတီ တွေ၊ အဖွဲ့အစည်းတွေရှိတယ်။ သဘာဝဘေးအန္တရာယ်ဗဟိုကော် မတီကနေ ကော်မတီအဆင့်ဆင့် ကို ပြည်နယ်နဲ့ တိုင်း၊ ခရိုင်၊ မြို့ နယ်အထိ ဖွဲ့စည်းထားတယ်။ အဲဒီအဖွဲ့အစည်းက အစိုးရမှာရှိပြီး သား။ လူအင်အားရော၊ ငွေအင် အားရော လိုအပ်ချက်တော့ရှိသေး တာပေါ့။ လူအင်အားပိုင်းမှာတော့ အစိုးရအဖွဲ့တစ်ခုတည်းနဲ့ မရတဲ့ အခါကျတော့ ကော်မတီတွေဖွဲ့ တယ်။ အဲဒီကော်မတီနဲ့ မရတဲ့ အခါကျတော့ သဘာဝဘေးအန္တ ရာယ် တုံ့ပြန်ဖို့အတွက် ပူးပေါင်းတဲ့အဖွဲ့တွေ ဖွဲ့ရတယ်။ ဖွဲ့တဲ့အခါမှာ အဓိကက ပြည်သူပဲ။ ပြည်သူထဲမှာ လူမှုအဖွဲ့အစည်းတွေပါ တယ်။ လူမှုအဖွဲ့အစည်းဆိုတာ အကြီးကြီးတွေရှိတယ်။ အသေးလေးတွေရှိတယ်။ တစ်ကိုယ်တော် ပရဟိတသမားတွေလည်း ရှိတယ်။ အစိုးရနဲ့ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ ဥပမာ၊ ပြည်သူ့ရဲ၊ မီးသတ်၊ ဒါအစိုးရနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ။ ပြီးတော့ ကြက်ခြေနီအဖွဲ့။ အဲဒီအပြင်ကို ကျွန်တော်တို့က လူငယ်တွေကို အားထားတယ်။ ပြည်သူတွေကအဖွဲ့အစည်းတွေမှာလည်း ပါတယ်။ သီးခြားလူငယ်တွေကို ‘Youth Volunteer’ ဆိုပြီး နေရာ တိုင်းမှာ စည်းရုံးဆောင်ရွက်ပြီး တော့ ထရိန်နင်တွေ ပေးထား တယ်။ ပြည်သူလူထုကိုလည်း သ ဘာဝဘေးနဲ့ ပတ်သက်လို့ ပညာတွေပေးထားမယ်၊ ထရိန်နင်တွေ ပေးထားမယ်၊ အတတ်ပညာတွေ၊ ပစ္စည်းတွေလည်း လုပ်ထားမယ်။ အစိုးရနဲ့ ပြည်သူပူးပေါင်းပြီးတော့ အတူတူ လက်တွဲဆောင်ရွက်မှ သဘာဝဘေးတုံ့ပြန်မှုက အဆင် ပြေမှာ။
ဒီရက်ပိုင်းမှာဆို အိမ်အကူကလေးငယ်တွေကို အိမ်ရှင်တွေက နှိပ်စက်တာမျိုး သတင်းဆိုးတွေ ကြားနေရပါတယ်။ ဒီအမှုတွေကို တ ကယ်တမ်းဖြေရှင်းတဲ့ အခါကျတော့ ငွေကြေးလျော်ကြေးနဲ့တင် ပြီးပြတ်သွားတာရှိတယ်။ နှိပ်စက်ခံရတဲ့ ကလေးမှာတော့ သူ့ရဲ့ တစ်သက်လုံးမှာ မပျောက်တော့မယ့် ဒဏ်ရာအမာရွတ်တွေနဲ့ ဘ၀ကို ဆက်ရတယ်။ ဒီလိုအခြေအနေတွေကို ပြောင်းလဲနိုင်ဖို့ ဘာတွေလုပ်ဖို့ လိုအပ်မလဲ။
ဘယ်သူမှာ တာဝန်ရှိသလဲဆိုတော့ အစိုးရမှာလည်း တာဝန်ရှိ တယ်၊ ပြည်သူမှာလည်း တာဝန်ရှိ တယ်။ ပြည်သူမှာ နှိပ်စက်တဲ့သူနဲ့ နှိပ်စက်ခံရသူနှစ်ခုရှိတယ် မဟုတ် လား။ သူတို့ရဲ့အသိ အရမ်းအရေး ကြီးတယ်။ အစိုးရကလည်း သိအောင်ပြောထားရမယ်။ ဥပမာ-ကလေးသူငယ်ဆိုရင် ကလေးသူငယ်အခွင့်အရေးရှိတယ်။ ကလေးသူငယ်အခွင့်အရေးက ဒီအတိုင်းမဟုတ်ဘူး။ ပထမတုန်းက ကလေးသူငယ်ဥပဒေဆိုပြီး ရှိခဲ့တယ်။ အခုလောလောဆယ် ကျွန်တော်တို့က ကလေးသူငယ်အခွင့်အရေး ဥပဒေဆိုပြီး ပြန်ရေးနေတယ်။ ဒီဥပဒေဟာ မကြာခင် တစ်လ၊ နှစ်လအတွင်းမှာကို အပြီးသတ် မှာ။ လွှတ်တော်ကနေ ဒါကို ပြန်ဆန်းစစ်အတည်ပြုမယ်။ ပြည်သူကို ချပြမယ်။ ကလေးသူငယ်အခွင့်အရေးကို ကလေးတွေနဲ့ဆိုင် တဲ့သူ အကုန်လုံးသိရမယ်။ အဲဒီလိုပဲ ကလေးကို ခေါ်ပြီးတော့ ခိုင်းထားတဲ့ ခုနကပြောတဲ့ အလုပ်ရှင်၊ ကျူးလွန်တဲ့သူရော ဒီဥပဒေကို သိရမယ်။ ဥပဒေကိုသိရင် ဒီဥပဒေနဲ့ ကလေးသူငယ်နဲ့ ဆက်စပ်ကြည့်ရင် ငါတို့ ဘယ်လောက် အပြစ်ကြီးသလဲဆိုတာ သူတို့သိသွားမယ်။ ခုနပြောသလို လျော်ကြေးနဲ့ပဲ ပြီးသွားတယ်ဆိုတာက ကလေးသူငယ်ဥပဒေကို တကယ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသေးလို့။
ဥပဒေအတည်မပြုနိုင်သေးခင်မှာ လတ်တလော နှိပ်စက်ခံနေရတဲ့ ကလေးသူငယ်အတွက် ဆရာတို့ အနေနဲ့ ဘယ်လိုဆောင်ရွက်ပေးဖို့ ရှိပါသလဲ။
နဂိုရှိပြီးသား ဥပဒေမှာ ကလေးသူငယ်ကို နှိပ်စက်လို့ရှိရင် တရားစွဲနိုင်မယ့် ပုဒ်မရှိပြီးသား။ အခုလည်း လူမှုဝန်ထမ်းဦးစီးဌာနကနေပြီးတော့ တာဝန်ယူပြီးတော့ တရားစွဲဆိုပေးရတယ်။ စွဲဆိုပြီး အဲဒီဥပဒေအတိုင်း ဆောင်ရွက်ပြီးတော့ အမိန့်ချမှတ်ပြီးတော့ အ ပြစ်ဒဏ်ခံရတာတွေရှိပါတယ်။
မသန်စွမ်းအရေးနဲ့ ပတ်သက်လို့ နည်းဥပဒေရေးဆွဲနေတဲ့အပိုင်းက ကော ဘယ်အဆင့်ထိ ရောက်နေပါပြီလဲ။
မသန်စွမ်းဥပဒေက ၂၀၁၅ ကတည်းက ပေါ်ပြီးသား။ အခုလုပ်နေတာက နည်းဥပဒေ ဖော်ဆောင်နေတာ။ မသန်စွမ်းနဲ့ ပတ်သက်ရင် ကျွန်တော်တို့ လုပ်ပေးစရာတွေ အများကြီးရှိပါတယ်။ ဘယ်နေရာ စဉ်းစားစဉ်းစား မသန်စွမ်းကို ထည့်သွင်းစဉ်းစားတယ်။ ဘယ်နေရာလေးလုပ်လုပ်၊ အဆောက်အအုံ ဆောက်တာလည်း မသန်စွမ်းတွေအတွက် စဉ်းစားတယ်။ ကိစ္စတစ်ခု ဆောင်ရွက် တိုင်း မသန်စွမ်းဆိုရင် ဘယ်လိုပါဝင်လို့ရမလဲ။ ဒါကို ကျွန်တော်တို့ စဉ်းစားတယ်။ နည်းဥပဒေထွက်လာပြီဆိုရင် အခွင့်အရေးတွေ ကျွန်တော်တို့ အများကြီးပေးနိုင်မှာ ဖြစ်ပါတယ်။
မသန်စွမ်း ကလေးသူငယ်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ၂၀၁၆ နှစ်ကုန်က ထွက်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ မသန်စွမ်းကလေးသူငယ်သုံးယောက်မှာ နှစ်ယောက်က ကျောင်းတက်ဖို့ ငြင်းဆန်ခံရတာရှိတယ်။ ကျောင်းတွေမှာလည်း မသန်စွမ်း ကလေးငယ်တွေကို ခွဲခြားဆက်ဆံတာမျိုး၊ ကျောင်းတက်ခွင့်ကို ငြင်းပယ်တာမျိုးရှိ တော့ သူတို့ပညာရေးနဲ့ ပတ်သက်ပြီး အခွင့်အရေးတွေရနိုင်ဖို့ ဆရာတို့အနေနဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက် နေတာရှိသလဲ။
အခုလည်း ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ အရင် တုန်းက အမိန့်ကြော်ငြာစာတို့၊ ညွှန်ကြားချက်တို့၊ လုပ်ထုံးလုပ်နည်းတို့ ထုတ်ပြန်ထားတယ်။ တချို့နေရာမှာ လိုအပ်ချက်တွေရှိတယ်။ ခေတ်စနစ်နဲ့ မကိုက်ညီတော့ဘူးပေါ့။ ဒါကြောင့် အခုနည်းဥပဒေအသစ်ကို ဖော်ထုတ် နေတာ။ ညွှန်ကြားချက်တွေ၊ အမိန့်ကြော်ငြာစာတွေ၊ လုပ်ထုံးလုပ်နည်းတွေ ဒါတွေ အကုန်ပြောင်းလဲသွားမယ်။ ပြောင်းလဲသွားတဲ့အခါမှာ ခုနကပြောတဲ့ အခွင့်အရေးတွေ အများကြီးခံစားလာရလိမ့်မယ်။ ဒါ မကြာတော့မယ့်ကာလမှာ ဖြစ်မှာပါ။
အမျိုးသမီးတွေအတွက် အကြမ်း ဖက်မှုကာကွယ်ရေး ဥပဒေကြမ်း ရေးဆွဲနေမှုကကော။
အမျိုးသမီးများအခွင့်အရေး ကို ဖော်ဆောင်တဲ့နေရာမှာ ပထမ ဦးဆုံးအရေးကြီးတာကတော့ အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်နိုင်ဖို့ဆိုပြီး ဥပဒေကို စရေးတယ်ပေါ့။ အဲဒီဥပဒေ စရေးတာလည်း အခုပြီးလုနီးပါးဖြစ်ပြီ။ အကုန်လုံးက ဒီနှစ်အတွင်းမှာ သေချာပေါက် ဖော်ထုတ်လာမယ်။ ပြီးခဲ့တဲ့နှစ်က အားသွန်ခွန်စိုက်လုပ်ခဲ့လို့ ဒီနှစ်မှာ အကောင်အထည်ပေါ်မယ်။
အသက်(၉၀)နှစ်နဲ့အထက် အဘိုးအဘွားတွေကို တစ်လ ကျပ်တစ်သောင်း ထောက်ပံ့တာ စနေတာတွေ့ရပါတယ်။ သက်ကြီးရွယ်အိုဆိုတာမှာ စွန့်ပစ်ခံ သက်ကြီးရွယ်အိုတွေရှိတယ်။ ငွေကြေးအခြေအနေအရ စားဝတ်နေရေး ကျပ်တည်းနေသူတွေလည်း ရှိတယ်။ နောက် (၇၀)၊ (၈၀)အရွယ်တွေဘယ်လိုဆောင်ရွက်ဖို့ရှိသလဲ။
သက်ကြီးရွယ်အို စောင့် ရှောက်မယ့် ဥပဒေက ဒီအစိုးရသစ်လက်ထက်မှာ ပေါ်ပေါက်လာ တယ်။ ကျွန်တော်တို့က ဥပဒေပေါ် ပေါက်လာရင် အကောင်အထည် ဖော်ရမယ်။ အကောင်အထည် ဖော်နိုင်မယ့် နည်းလမ်းကို ဥပဒေ မှာရေးဆွဲထားတယ်။ ဒါဘာလဲဆို တော့ သက်ကြီးရွယ်အိုပင်စင်၊ လူ မှုရေးပင်စင်လို့ ခေါ်တာပေါ့။ ဒါနဲ့ ပတ်သက်လို့ရှိရင် အသက်အရွယ် အပိုင်းအခြားဆောင်ရွက်ပါမယ် ဆိုတာ ဥပဒေမှာရှိတယ်။ အဲဒီ ဥပဒေအတိုင်း အသက်အရွယ်အပိုင်းအခြားအရ ဆွဲထားတာ ကြောင့် နိုင်ငံတော်ဘတ်ဂျက်နဲ့ ညှိပြီးတော့ သက်ကြီးရွယ်အိုဦးရေနဲ့ ယှဉ်တွဲတဲ့အခါကျတော့ ပထမဦး ဆုံးတတ်နိုင်တဲ့ အသက်ကနေ စ တယ်။ (၉၀)ကျော်ကနေစတယ်။ (၉၀)ကျော်ကို ထောက်ပံ့ဖို့နိုင်လားဆိုတော့ နိုင်တယ်။ နိုင်တာတွေ့နေပြီ။ အသက် (၉၀)ကျော်ကို နိုင်ပြီဆိုရင် ကျွန်တော်တို့ အသက်ကို လျှော့ချရမယ်။ နောက်နှစ်နောက်နှစ်တွေမှာ (၈၅) ထားမလား၊ (၈၀) ထားမလားပေါ့။ စာရင်းဇယားတွေ ကျကျနနကောက်ယူမယ်။ (၈၅) ဘယ်လောက်ရှိသလဲ၊ သန်ခေါင်းစာရင်းအရ ဒီလောက်ရှိတယ်။ တကယ်လက်တွေ့ဆိုရင် ဘယ်လောက်ရှိမလဲ။ အဲဒါတွေ ကျွန်တော်တို့ ကောက်ယူပြီးတဲ့အခါမှာ အသက်ကို လျှော့ချသွားမယ်။ အဲဒီအစီအစဉ် ကျွန်တော်တို့မှာ ရှိပါတယ်။
လမ်းဘေးက တောင်းရမ်းစား သောက်နေတဲ့ သက်ကြီးဘိုးဘွား တွေအတွက်ကော အစိုးရသစ် လက်ထက်မှာ ဘာတွေများဆောင်ရွက်ပေးဖို့ရှိပါသလဲ။
ဒီကိစ္စက အလွယ်ကြီး မဟုတ်ဘူး။ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့အပိုင်းက ခုနကပြောတဲ့ သက်ကြီးရွယ်အိုတင်မကဘူး။ ကလေးသူငယ်တွေပါ ပါတယ်။ အရွယ်မရောက်တဲ့ ကလေးသူ ငယ်တွေရှိတယ်။ တောင်းရမ်းစားသောက်တဲ့သူတွေ ရှိတယ်။ တောင်းရမ်းစားသောက် အခိုင်းခံ ထားရတဲ့သူတွေလည်း ရှိတယ်။ ဒါကို ကနဦး စာရင်းဇယားကို ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ လုပ်ခဲ့တယ်။ စာရင်းဇယား ကောက်ယူပြီး ဘယ်လောက်များမလဲဆိုတာ ကျွန်တော်တို့ဆီမှာ စာရင်းဇယား အကြမ်းဖျင်းရတယ်ပေါ့။ ရတော့ ဒါကို ဘယ်လိုညှိနှိုင်းဆောင်ရွက်မလဲဆိုတဲ့အဆင့်ပေါ့။ ဒါက အရေးကြီးတဲ့အတွက် ကျွန်တော်တို့ ရက်တစ်ရာစီမံကိန်း အစက ဆောင်ရွက်တာ။ ဒါပေမဲ့ ရှေ့လုပ်ငန်း အကောင်အထည်ဖော်တဲ့အခါမှာ အခက်အခဲအဟန့်အတားရှိတယ်။ ဘာလဲဆိုတော့ကျွန်တော်တို့ ပိုင်ပိုင်နိုင်နိုင် ကိုင်နိုင်မယ့် ဥပဒေတို့၊ နည်းဥပဒေတို့ ရှိရမယ်။ ဥပဒေ၊ နည်းဥပဒေတွေကို ဘက်စုံကနေ ဖော်ဆောင်နေတဲ့အတွက်ကြောင့် ကလေးသူငယ်အခွင့်အရေး ဥပဒေထွက်လာ ပြီဆိုရင် တောင်းရမ်းစားသောက် သူ ကလေးသူငယ်၊ အစောင့် ရှောက်မဲ့နေတဲ့ ကလေး ဒါတွေက အကုန်ဆောင်ရွက်နိုင်မှာ ဖြစ် တယ်။
လူထုက အသိအမှတ်ပြုတဲ့ ဝန်ကြီးဌာနတွေထဲမှာ ဆရာတို့ ဝန်ကြီးဌာနက ရေပန်းစားတယ်။ 7Day က လုပ်ခဲ့တဲ့ စစ်တမ်းမှာ လည်း လူထုက အကြိုက်ဆုံး ဝန် ကြီးစာရင်းမှာ ဆရာက ထိပ်ပိုင်း မှာပါခဲ့တာပေါ့။ ဒေါ်အောင်ဆန်း စုကြည်ပြီးရင် ဆရာဖြစ်ခဲ့တာပေါ့။ ဝန်ကြီးကိုယ်တိုင်ကလည်း သဘာ ဝဘေးဖြစ်တဲ့ သွားလာရခက်ခဲတဲ့ နေရာအထိ ရောက်အောင်သွားခဲ့ တာ တွေ့ရတယ်။ တာဝန်တွေ ကျေပွန်အောင် မနားမနေလုပ် အောင် ဘယ်အချက်တွေက အဓိက တွန်းအားပေးပါသလဲ။
ပြည်သူနဲ့ အစိုးရနဲ့ သဟဇာ တဖြစ်ဖို့ လိုတယ်။ ပြည်သူက အစိုးရအပေါ်မှာ ယုံကြည်မှုရှိဖို့လို တယ်။ အားကိုးမှုရှိဖို့လိုတယ်ပေါ့။ ဘာကြောင့် အားသာသွားလဲဆို တော့ ပထမရက်တစ်ရာစီမံကိန်း ရဲ့ ထိပ်ဆုံးရည်ရွယ်ချက်က ပြည် သူနဲ့ နီးစပ်အောင် ကြိုးစားမယ်ဆို ပြီး ဆောင်ရွက်ခဲ့တယ်။ ပြည်သူ တွေ ကျွန်တော်တို့ကို ဆက်သွယ် လို့ရအောင် Hot Line နံပါတ်တွေ အရင်ဆုံးလုပ်လိုက်တယ်။ ပြည် သူတွေက ထစ်ခနဲတစ်ခုခုဖြစ်ရင် ကျွန်တော်တို့ဆီကို ဆက်သွယ် တယ်။ နောက်တစ်ချက်က ကျွန် တော်တို့ ဘယ်သူ့ကို အားကိုးရ သလဲဆိုတော့ ပြည်သူကို ကိုယ် စားပြုထားတဲ့ လွှတ်တော်ကိုယ် စားလှယ်တွေရှိတယ်။ ကိုယ်စား လှယ်တွေဆီကနေ တိုက်ရိုက်ချိတ် ဆက်တာတွေရှိတယ်။ ပြည်သူက တိုက်ရိုက်ဆက်သွယ်တာရှိတယ်။ လွှတ်တော် ကိုယ်စားလှယ်ဆီက တိုက်ရိုက်ဆက်သွယ်တာရှိတယ်။ လွယ်လွယ်ကူကူနဲ့ ပြည်သူနဲ့ ကျွန် တော်တို့ ဝန်ကြီးဌာနရဲ့ကြားမှာ ဆက်သွယ်ရေး လမ်းကြောင်းက အင်မတန်မှ လွယ်ကူချောမွေ့စေ တယ်။ ဒါက ကျွန်တော်တို့အတွက် အောင်မြင်စေတဲ့ အချက်ပဲဖြစ်ပါ တယ်။ ဒါကြောင့် ပြည်သူ့ဆန္ဒ ဘာလဲဆိုတာသိတယ်။ သိတော့ ချက်ချင်းအကောင်အထည် ဖော်နိုင်တယ်။ အဲဒီလိုပဲ အလျင်အမြန် တုံ့ပြန်ရမယ်။ ပြည်သူတွေဆီကို အရောက်သွားမှ သူတို့ တကယ် ဘာဖြစ်နေတယ်ဆိုတာ သိမယ်။ ဒါကြောင့်မို့ ရောက်တဲ့နည်းနဲ့သွားတယ်။ ကျွန်တော့်အလုပ်ကိုက သွားရမယ့် အလုပ်လေ။ ကျွန်တော် တာဝန်ကိုကျေအောင် ထမ်းဆောင်ရင်းကနေ ကျေ အောင် ကြိုးစားတာပေါ့နော်။ ကျေတော့ ဘယ်ကျေမလဲ။ ကျေပွန်အောင် ကြိုးစားရင်းနဲ့ ပြည်သူ နဲ့ နီးစပ်သွားမယ်။ ပြည်သူနဲ့နီးစပ် သွားလို့ ဒီလိုရလဒ်ကောင်းတွေရတယ်လို့ ကျွန်တော့်အနေနဲ့ ယူ ဆတယ်။
ဌာနက ဝန်ထမ်းတွေနဲ့ ပတ်သက် လို့ ဆရာ့ရဲ့ ဂုဏ်ယူရတဲ့အချက် က ဘာတွေပါလဲ။ သူတို့အပေါ်မှာ စိတ်တိုင်းမကျတာကော ဘာရှိ လဲ။
သိပ်ကောင်းတဲ့မေးခွန်းပေါ့။ ကျွန်တော်က စပြီးတာဝန်ယူတဲ့ အချိန်ကစပြီး ဝန်ထမ်းကြီး၊ ဝန် ထမ်းလတ်၊ ဝန်ထမ်းငယ် အဲဒီမှာ လည်း တိုင်းရင်းသားဝန်ထမ်းတွေ ရှိတယ်။ အဆင့်ဆင့် လူကြီး၊ လူ လတ်၊ လူငယ်ရှိတယ်။ ကျွန်တော် က လူငယ်နဲ့ပတ်သက်လို့ရှိရင် လူငယ်မူဝါဒလည်း ကျွန်တော့် စိတ်ထဲမှာရှိတယ်။ ဝန်ကြီးဌာန ဝန် ထမ်းအဆင့်ဆင့်ကို သီးခြားစီခေါ်ပြီးတော့ အခက်အခဲတွေ၊ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေမှာ အရင်တုန်းက ဖြစ်ခဲ့တဲ့ အဟန့်အတားတွေပေါ့နော်။ ပြည်သူနဲ့ ဝေးခဲ့တဲ့၊ မနီးစပ်တဲ့ကိစ္စတွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖြစ်တယ်။ အဖွဲ့တွေ ခွဲခွဲပြီးတော့ ဆွေးနွေးတယ်။ ကျွန်တော်နဲ့ ရင်းနှီးအောင် ဆောင်ရွက်တယ်။ ကြောက်စရာ မလိုဘူးပေါ့။ ကျွန်တော်တို့က အောက်ဆုံးတံမြက်စည်းလှည်းတဲ့ ဝန်ထမ်းကလည်း ပြောရဲရမယ်။ အဲဒီလိုလုပ်တော့ ဝန်ထမ်းတွေနဲ့ ဆောင်ရွက်ရတာ သိပ်လွယ်သွား တယ်။ ဝန်ထမ်းတွေ ၂၄ နာရီ တာဝန်တွေပေးထားတယ်။ ဒီ Hot Line မှာ တာဝန်ထမ်းဆောင်တဲ့ ကလေးတွေဆိုရင် သိပ်ပင်ပန်း တယ်။ ဒါပေမဲ့ သူတို့လုပ်ပြီး ပျော် နေကြတာပဲ။ စစချင်းမှာ ပြန်တုံ့ ပြန်တာကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူဘူးပေါ့။ တချို့ က စိတ်ရှည်တယ်။ တချို့ သိပ် စိတ်မရှည်ဘူးရှိမှာပေါ့။ ဒါပေမဲ့ အကုန်လုံးက အဆင်ပြေသွား အောင် ကျွန်တော်တို့က ခဏခဏ ခေါ်ပြီး ဆွေးနွေးတယ်။ အခက် အခဲတွေလည်း မေးတဲ့အတွက် ကြောင့် တဖြည်းဖြည်းနဲ့ ပြေလည် လာတာပေါ့။ ဒီနှစ်ပိုင်းမှာတော့ ပိုကောင်းလာမယ်ထင်ပါတယ်။
ဒီချုပ်အစိုးရ တက်လာလာချင်း 7Day နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဝန်ထမ်းအင်အားက ဖွဲ့စည်းပုံအတိုင်း ပြည့်မီဖို့ တော်တော်လေး လိုအပ်ချက်ရှိတယ်လို့ ပြောခဲ့ တယ်။ အခုဆို အစိုးရသက်တမ်း က တစ်နှစ်ကျော်လာခဲ့ပြီဆိုတော့ လက်ရှိအခြေအနေလည်း သိပါရ စေ။
အဲဒါကလည်း အရေးကြီးတဲ့ ကိစ္စ။ ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ မူလဖွဲ့စည်းပုံက ပြည်နယ်နဲ့တိုင်း မှာရှိတဲ့ ခရိုင်တချို့မှာ ခရိုင်နည်း နည်းလေးမှာပဲရှိတယ်။ ခရိုင် အပြည့်မရှိဘူး။ မြို့နယ်မှာတော့ မရှိဘူး။ ဒါနဲ့ပတ်သက်ပြီး အစိုးရ အဖွဲ့ကို တင်ပြတယ်။ သက်ဆိုင် ရာကိုတင်ပြတော့ အားလုံးက ကျွန်တော်တို့ လုပ်ငန်းတွေနဲ့ နောက်ထွက်လာမယ့် ဥပဒေတွေ၊ နည်းဥပဒေတွေရော လုပ်ဆောင် ရမယ့်လုပ်ငန်းတွေက များပြားတဲ့ အတွက်ကြောင့်မို့လို့ ဖွဲ့စည်းပုံချဲ့ ဖို့အတွက်ကို သဘောတူတယ်။ မကြာခင် ဒီနှစ်အတွင်းမှာ မြို့နယ် အဆင့်ထိရောက်အောင် ချဲ့ထွင် နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ဝန်ထမ်း အရေအတွက်ကတော့ တော်တော်ကိုနည်းပါတယ်။ တစ်နိုင်ငံလုံးမှာမှ ၂,၈၉၃ ဦးပဲရှိတယ်။ တကယ်တမ်းလိုအပ်တာက ဖွဲ့ စည်းပုံအတိုင်းဆို ၁၁,၃၂၂ ဦး။ ဒါမှ ဖွဲ့စည်းပုံပြည့်မီရင်တော့ ကျွန်တော်တို့ ဒီထက်ကောင်းအောင် ဆောင်ရွက်နိုင်မယ်ပေါ့။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့တဲ့အခါ ဆရာတို့ဝန်ကြီးဌာန ကို ဘယ်လိုမှတ်ချက်ပြုသလဲဗျ။
ကျွန်တော်တို့တော့ အမြဲ တမ်းတွေ့တယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက် တွေနဲ့ ပတ်သက်လို့ရှိရင် ကျွန် တော်တို့ကို အမြဲဆုံးမတဲ့စကားက တော့ ရာထူးမဟုတ်ဘူး၊ ဒါတာ ဝန်၊ ရာထူးမှာ မသာယာဖို့အရေး ကြီးတယ်ဆိုတာကတော့ ထိပ်ဆုံး ကပဲ။ အရမ်းအရေးကြီးတဲ့စကား။ သာယာမနေနဲ့နော်ဆိုတာ အမြဲ တမ်းပြောတယ်။ ဒါအရမ်းအရေး ကြီးတဲ့ စကားတစ်ချက်ပေါ့။ နောက်တစ်ချက်ကတော့ ကျွန် တော်တို့ ဝန်ကြီးဌာနကို နိုင်ငံ တော်အတိုင်ပင်ခံရဲ့ တုံ့ပြန်မှုက တော့ ဆရာတို့ဝန်ကြီးဌာနဟာ ပြည်သူ့မေတ္တာကို ရနေပါတယ်လို့ ပြောပါတယ်။
အစောပိုင်းက ဆရာပြောသွားတာ ရာသီဥတု ဖောက်ပြန်နေတာကို လူထုကနေ သိနေရမယ်ဆိုတာ ပေါ့။ ဒါမှ ကြိုတင်ပြင်ဆင်ကာ ကွယ်ရေးအပိုင်း ထိရောက်မယ် ပေါ့။ ဒါကြောင့် သဘာဝဘေးကြို တင်ကာကွယ်ရေး အပိုင်းကို ကလေးငယ်တွေကအစ နားလည် ရအောင် ကျောင်းသုံးစာအုပ်တွေ မှာ ပြဋ္ဌာန်းဖို့အတွက် ပညာရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက် ဖို့ရှိပါသလား။
သဘာဝဘေး ကြိုတင်ကာကွယ်ရေးမှာ အသိရှိပြီးရင် လက် တွေ့လည်း တတ်ဖို့လိုတယ်။ အ ကျင့်ရှိရမယ်။ ဆိုလိုတာက ငလျင်လှုပ်ရင်၊ မိုးကြိုးပစ်ရင် ဘာလုပ် မလဲ စသဖြင့်၊ ရေကြီးလာရင်၊ မုန်တိုင်းဆိုရင် ဘယ်လိုကာကွယ်မလဲဆိုတဲ့ အသိရှိဖို့ ငယ်ငယ်ကတည်းက သိနေရမယ်။ အဲဒီလို မျိုး ကလေးငယ်ငယ်ကတည်းကစပြီး သိနေဖို့အတွက် စာသင်ကျောင်းရဲ့ အတွင်းမျက်နှာဖုံးတွေမှာ သဘာဝဘေးနဲ့ပတ်သက်တဲ့ အခြေခံ အချက်အလက်တွေကို သိထားရအောင် ထည့်တယ်။ နောက် သဘာဝဘေးကြိုတင်ကာကွယ်ရေးနဲ့ တုံ့ပြန်ရေးအတွက် ကျောင်းတွေမှာ ဟောပြောတာတွေ၊ ဇာတ်တိုက်လေ့ကျင့်တာတွေ လုပ်ခဲ့တယ်။ ဒါတွေက ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်တာတွေပေါ့။ ပိုပြီးတော့ ကောင်းအောင် ဆောင်ရွက်ဖို့ရှိ တယ်။ သင်ရိုးအနေနဲ့ ပြဋ္ဌာန်းဖို့က သင်ရိုးညွှန်းတမ်း ရေးဆွဲတိုင်း၊ ရေးဆွဲတိုင်းမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကိုယ်စားလှယ်တွေခေါ်တယ်။ သူတို့က နေ တင်ပြရင်းနဲ့ ပါဝင်သွားတာရှိပါတယ်။ အဲဒီလိုပါဝင်ဖို့ဆိုတာ ကျွန်တော်တို့မှာ အချက်အလက် ခိုင်ခိုင်မာမာရှိရပါမယ်။ အရေးကြီးတဲ့ အချက်အလက်တွေ ဖော်ပြနိုင်ရမယ်။ မူဝါဒတွေ၊ ဥပဒေတွေ၊ နည်းဥပဒေတွေလည်း ရှိရမယ်။ အဲဒီအချက်တွေပေါ် မူ တည်ပြီး ထည့်ရတာဖြစ်လို့ တချို့ ဟာတွေ မထည့်ရသေးဘူး။ သေ ချာတဲ့ကိစ္စတွေမှာတော့ ဒါတွေက အရေးကြီးပါတယ်။ ကလေးတွေ ငယ်ငယ်ကတည်းက သိထားသင့် ပါတယ်ဆိုတာတွေကို ပါအောင် ညှိနှိုင်းဆောင်ရွက်ပါတယ်။ သူတို့ (ပညာရေးဝန်ကြီးဌာန) မပေးနိုင် သေးတာတွေကလည်း သူတို့ အခက်အခဲနဲ့ သူတို့ရှိပါတယ်။ ကျွန်တော်တို့က သူတို့အခက်အခဲ ကိုလည်း ဝိုင်းဝန်းကူညီဖြေရှင်း မယ်။
ဒီနှစ်မှာလည်း အစိုးရက ဝင်ငွေ၊ ထွက်ငွေ အနေအထားအရ ဝန် ထမ်းလစာတွေ မတိုးပေးနိုင်သေး ဘူးလို့ သတင်းထုတ်ပြန်ထားပါ တယ်။ ဒီဘက်ပိုင်းမှာ ကုန်ဈေး နှုန်းက ကြီးမြင့်လာတယ်။ ဝင်ငွေ က တိုးမလာဘူး။ ဒါကြောင့် ဝန် ထမ်းတွေရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျမသွားအောင် ဝန်ကြီးအနေနဲ့ ဘယ်လို ကိုင်တွယ် ဆောင်ရွက်ပါသလဲ။
အဲဒီအချက်ကလည်း အရေး ကြီးတယ်။ ကျွန်တော် ဝန်ထမ်း အဆင့်ဆင့်ကို ခေါ်တွေ့တဲ့အခါ မှာ ကျွန်တော်မေးတယ်။ အခက် အခဲရှိနေပြီလား။ ဒီအပြောင်းအလဲမှာ ဘယ်လိုအခက်အခဲရှိနေ ကြလဲ။ အပြောင်းအလဲဆိုတာ ဝန် ထမ်းတွေ အဂတိလိုက်စားမှုမရှိ အောင် လုပ်နေရတာဆိုတော့ ရက်တစ်ရာစီမံကိန်းမှပဲ သူတို့ကို အသိတွေ ပေးတာပေါ့။ အဂတိ လိုက်စားတာနဲ့ ပတ်သက်တာ တွေ။ တကယ်တမ်း လက်တွေ့ မှာ ဘယ်လောက်ခက်ခဲသွားလဲ၊ အရင်နဲ့အခု ဘာကွာလဲ။ ဒါတွေ ကို စေ့စေ့စပ်စပ် အဆင့်ဆင့်တိုင်း ကို ခေါ်မေးတယ်။ ဒါတွေနဲ့ပတ် သက်လို့ ကျွန်တော်တို့ ဝန်ကြီး ဌာနမှာ အခက်အခဲမရှိဘူး။ ဒါပေ မဲ့ အားလုံးနဲ့အတူတူ ခံစားနေရ တဲ့ အကျပ်အတည်းပေါ့။ အဲဒီတော့ ကျွန်တော်က ဘာလုပ်လဲ ဆိုတော့ သူတို့ရဲ့ Facilities ကို မြှင့်တင်တဲ့အပိုင်း လုပ်တယ်။ ဥပမာ အိမ်ခန်းတွေ မရသေးသူတွေကို လတ်တလောမှာ ဝန်ကြီးဌာနမှာရှိတဲ့ မြေကွက်လပ်တွေမှာ ယာယီအိမ်တွေ ဆောက်တယ်။ အပြင်မှာ ငှားမနေရအောင် စီစဉ်တယ်။ သွားရေးလာရေး လွယ်ကူအောင် ဆောင်ရွက်တယ်။ အလုပ်ခွင်မှာ အဆင်ပြေအောင် ဝန်ထမ်းတွေရဲ့ ကလေးတွေကို ဒီအထဲမှာတင် အခမဲ့မူကြိုဖွင့်ပေးတယ်။ ကျွေးလည်းကျွေးတယ်။ စောင့်လည်း စောင့်ရှောက်တယ်။ ဒါတွေက လစာမတိုးပေမယ့် ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေပေါ့။
ဒီနှစ် ဘတ်ဂျက်အနေအထားက ကော ဆရာတို့ ဝန်ကြီးဌာနအတွက် အဆင်ပြေလုံလောက်မှုရှိလား။ ဖြည့်စွက်ဘတ်ဂျက်အနေနဲ့ ကော ဘာတွေဆောင်ရွက်သွားဖို့ ရှိလဲ။
ဒီနှစ် ဘတ်ဂျက်ကတော့ အရင်ထက် သုံးဆရတယ်။ ဒါက ဝမ်းသာစရာကောင်းတယ်။ ဒါပေ မဲ့ ဆက်ပြီးပေါ်ပေါက်လာမယ့် မူဝါဒတွေ၊ ဥပဒေတွေ၊ နည်းဥပဒေတွေနဲ့ လုပ်ရမယ့်အလုပ်တွေနဲ့ စာရင် မလောက်ငသေးဘူး။ သို့ သော် နဂိုဘတ်ဂျက်ထက် သုံးဆရတဲ့အတွက်ကြောင့် ပိုပြီးလုပ် ဆောင်လာနိုင်တာတွေ ရှိတယ်။ ဝန်ကြီးဌာနအားလုံးကတော့ ပြည် သူ့ အကျိုးအတွက် လုပ်တာပဲ။ ငါက ပိုယူပြီးလုပ်မယ်ဆိုတာတော့ မဖြစ်ဘူးပေါ့။ ပြည်သူ့အကျိုးအတွက် လုပ်တာချင်းတူတယ်။ ဘတ်ဂျက်ကို ခွဲဝေတာချင်းမတူ ဘူး။ လုပ်ငန်းဆောင်တာတွေ အပေါ်မူတည်ပြီး ညှိနှိုင်းရမှာ။ ဖြည့်စွက်ဘတ်ဂျက် အပိုင်းက တော့ သုံးရင်းနဲ့မှသိတာ။ အခု လောလောဆယ် ဘယ်လောက်လိုလဲဆိုတာ ပြောလို့မရဘူး။
ပြည်ထောင်စုဝန်ကြီးရဲ့ တစ်နေ့ တာ အနားယူချိန်ကို ဘယ်လိုသတ်မှတ်ထားလဲ။ မိသားစုကိုကော ဘယ်လိုအချိန်ပေးလဲ ခင် ဗျ။
အဲဒါကတော့ ပြောရတာ ခက်ပါတယ်။ ဝန်ကြီးတစ်ယောက် နဲ့တစ်ယောက် မတူဘူး။ ဝန်ထမ်း တစ်ယောက်နဲ့တစ်ယောက် မတူ ဘူး။ ကျွန်တော်ကတော့ ကံ ကောင်းတဲ့အထဲမှာ ပါတယ်လို့ ပြောရမလားပဲ။ ကျွန်တော်က နောက်ပိုင်း အပူအပင်နည်းနည်း ကင်းတယ်။ သားတစ်ယောက်ပဲရှိ တယ်။ သူ့ဘာသာသူ လှုပ်ရှားရုန်း ကန်ရင်းနေတယ်။ ကျွန်တော့် အမျိုးသမီးလည်း သူ့ဘာသာသူ ရပ်တည်ပြီး သူ့ဘာသာသူ မနား တမ်း အလုပ်လုပ်နေရသူဖြစ် တယ်။ မိသားစုအရေးကတော့ ရန်ကုန်က ကျွန်တော့်ရဲ့နေရပ်ဖြစ် သွားတာပေါ့။ ဇာတိက ပြွန်တန် ဆာဆိုပေမယ့် တစ်ခါတလေကျ ရင် ဖုန်းလေးဆက်လိုက်ရတယ်။ နာရီပိုင်းလေးတွေ့ရတယ်။ တစ် ခါ တစ်နေ့တစ်နေ့ အချိန်ရတယ် ဆိုရင် နောက်နေ့အစောကြီးထပြန် ပြီး မိသားစုကို တစ်နေ့အချိန်ပေး လိုက်တယ်ပေါ့။ မိသားစုကိုပေး နိုင်တာ ဒီလောက်ပဲရှိတယ်။ ကျွန်တော့်ရဲ့ တစ်နေ့တာကုန်ဆုံးတာကတော့ (စဉ်းစားလျက်) ဒီအချိန်က အားစိုက်ရမယ့်အချိန် ဖြစ်တယ်၊ အပြောင်းအလဲလည်း ဖြစ်တယ်၊ လုပ်ဆောင်ရမယ့် အလုပ်တွေကလည်း တွေ့နေပြီ။ ဆိုတော့ အမြဲတမ်းလိုပဲ အလုပ်နဲ့ ပတ်သက်ပြီး စဉ်းစားရတယ်၊ လုပ်ဆောင်နေရတယ်ဆိုတော့ အချိန်တော်တော်များများက အလုပ်ထဲမှာပဲ ဝင်နေတယ်လို့ ပြောချင်ပါတယ်။
အခုလိုဖြေကြားပေးတာ ကျေးဇူး တင်ပါတယ်။
=====================
251/ End
၂၁ ဇွန် ၂၀၁၇ - ၁၈:၁၈
News ID: 837961
ကျွန်တော်တို့ကို (ဒေါ်အောင်ဆန်းစုကြည်က) အမြဲဆုံးမတဲ့စကားကတော့ ရာထူးမဟုတ်ဘူး၊ ဒါတာဝန်၊ ရာထူးမှာ မသာယာဖို့ အရေးကြီးတယ်ဆိုတာကတော့ ထိပ်ဆုံးကပဲ...