အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းဖို့ ရည်ရွယ်ချက်ရှိကြောင်း ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
ဇွန်လ ၃၀ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက မီဒီယာတွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာပါ။
၂၀၁၃ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ဒီဥပဒေကို ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ တတိယအကြိမ် ပြင်ဆင်ဖို့ အဆိုတင်သွင်းခဲ့ပါတယ်။ ပြင်ဆင်ဖို့ တင်သွင်းတဲ့ အချက်က ဥပဒေရဲ့ ပုဒ်မ ၉(ခ)ပါ ကော်မရှင်အဖွဲ့တွေရဲ့ အသက် ကန့်သတ်ချက်ကို အသက် ၇၅ နှစ်ထိ သတ်မှတ်ပေးဖို့အတွက် အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။
“ပုဒ်မ ၉(ခ) ပြင်တာ ဘာကြောင့်လဲဆိုတော့ အသက် ၇၀ အထက်ကို ခွင့်ပြုပေးပါ။ ၇၅ နှစ်ကို သင့်တော်ပါတယ်၊ ၇၅ နှစ်ထိ တိုးမြှင့်ပေးပါလို့ တင်ပြတဲ့ ဥပဒေကြမ်းပဲ။ ဘာကြောင့်လဲဆို အစိုးရအဖွဲ့မှာ သမ္မတကြီးကအစ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အထိ ၇၀ ကျော်ပုဂ္ဂိုလ်တွေ၊ ထို့အတူ လွှတ်တော်ထဲမှာဆိုလည်း ၇၅ လောက် ရှိတဲ့ ကိုယ်စားလှယ်တွေ ရှိတယ်။ ပြောချင်တာက အသက် ၇၀ ကျော်ပေမယ်လို့ လုပ်နိုင်စွမ်း အများကြီးရှိသေးတယ်၊ သူတို့ အတွေ့အကြုံတွေက အင်မတန်တန်ဖိုးရှိတယ်။ ဒီအတွေ့အကြုံတွေနဲ့ လုပ်ငန်းဆောင်ရွက်တဲ့ အခါမှာ ပိုအဆင်ပြေတယ်၊ ပိုထိရောက်တယ်ဆိုတဲ့ အမြင်နဲ့ ဒီဥပဒေကို ပြင်ခြင်းဖြစ်တယ်” လို့ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက ဆိုပါတယ်။
ဒါ့အပြင် အစိုးရသစ်လက်ထက် လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို အားရခြင်းမရှိသလို ပြီးခဲ့တဲ့ အစိုးရသက်တမ်းက ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်တိုင်းကိုလည်း အားရကျေနပ်မှု မရှိဘူးလို့လည်း ဦးဇော်မင်းက ပြောပါတယ်။
=====================
251/ End
၃၀ ဇွန် ၂၀၁၇ - ၁၄:၃၀
News ID: 839629
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းဖို့ ရည်ရွယ်ချက်ရှိကြောင်း ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။