အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကုလသမဂ္ဂ လူ့ အခွင့်အရေးကောင်စီက ရခိုင် ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေး ရန် ဖွဲ့စည်းထားသည့် အချက် အလက်ရှာဖွေရေးအဖွဲ့ မြန်မာ နိုင်ငံအတွင်း မဝင်ရောက်စေရန် မြန်မာသံရုံးများကို လိုအပ်သော ညွှန်ကြားမှုများ ပြုလုပ်တားဆီး မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ပြောသည်။
‘‘ယင်းမစ်ရှင်ကို မြန်မာနိုင်ငံ သို့ လာရောက်ခွင့်မပြုရန် သက် ဆိုင်ရာ မြန်မာသံရုံးများကိုလိုအပ် သော ညွှန်ကြားမှုများ ပြုလုပ်ကာ ကာကွယ်တားဆီးမယ်’’ဟု ၎င်း က ပြောကြားသည်။
ဇွန်လ ၂၉ ရက်က ပြုလုပ်ခဲ့ သည့် ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန်မှ အနားယူပြီး ပြည်ခိုင်ဖြိုး ပါတီမှ ဝင်ရာက်ယှဉ်ပြိုင်ပြီး ကိုယ်စားလှယ်ဖြစ်လာသည့် ဦးလှဌေးဝင်း၏ လွှတ်တော်အတွင်း ပထမဆုံးမေးခွန်းအဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် အချက်အလက်ရှာဖွေရေးအဖွဲ့ (Fact-Finding Mission)တစ်ဖွဲ့ မြန်မာနိုင်ငံသို့စေလွှတ်ရန်ဆုံးဖြတ်ချက်အပေါ် အစိုးရအနေ ဖြင့် ထိရောက်သော တားဆီးကန့်ကွက်မှုပြုလုပ်ရေး မည်ကဲ့သို့ဆောင်ရွက်ရန် အစီအစဉ်ရှိ ကြောင်း မေးမြန်းမှုအပေါ် ဖြေခဲ့ ကြားခြင်းဖြစ်သည်။
လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံသို့ စေလွှတ်မည့် အချက်အလက် ရှာဖွေရေးကို မေလ ၃၀ ရက်က ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့ကို လာရောက်ခွင့် မပြုသော်လည်း အချက်အလက် စုဆောင်းခြင်းနှင့် လူ့အခွင့်အရေး ကောင်စီသို့ အစီရင်ခံစာ တင်ပြ ခြင်းတို့ကိုမပြုလုပ်ရန် မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ဟန့်တားနိုင် ခြင်း ရှိမည်မဟုတ်ကြောင်း ဦး ကျော်တင်ကပြောသည်။
‘‘ဒါပေမဲ့ မစ်ရှင်အနေနဲ့ မြန်မာနိုင်ငံကို မရောက်လို့ရှိရင် အိမ်နီးချင်းနိုင်ငံများသို့ သွား ရောက်စုံစမ်းမယ်။ ပြည်တွင်းရှိ သက်ဆိုင်သူများကို ဆက်သွယ် မေးမြန်းမှုတွေ ပြုလုပ်ပြီး ၎င်းတို့ တွေ့ရှိချက် အစီရင်ခံစာကို လူ့ အခွင့်အရေးကောင်စီသို့ တင်ပြ မည်သာဖြစ်ပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရခိုင် အမျိုးသားပါတီမြောက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှ စောက ‘‘လက်မခံဘူးဆိုတဲ့ နောက်ဆက်တွဲနောက်မှာ သူက အဲဒီဟာကို လက်မခံရင် အဲဒီ အဖွဲ့က အခြားနိုင်ငံကိုသွားမယ်။ သွားပြီးတော့ အစီရင်ခံစာကို ထပ်တင်မယ်။ ထပ်တင်ရင် ပြဿနာပိုကြီးလာလိမ့်မယ်။ ကျွန်တော်က ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်သင့်တယ်လို့ထင်တယ်’’ဟုဆိုသည်။
ထို့အပြင် အချက်အလက် ရှာဖွေရေးအဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်ခြင်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရောက်ရှိသည့် နိုင်ငံတိုင်းတွင် ကန့်ကွက်ခဲ့ပြီး စွပ်စွဲချက်များကို အစိုးရအနေဖြင့် ခေါင်းခံတာဝန်ယူ ကာကွယ် နေကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
သို့သော် ရခိုင်ပြည်နယ် အတွင်း အစိုးရလုပ်ဆောင်ချက် များ၊ လုပ်သင့်လုပ်ထိုက်မှုများ သည် အပြည့်အဝ မဖြစ်သေး ကြောင်း ဦးလှဌေးဝင်းက ပြော သည်။ ရခိုင်ဒေသကို နိုင်ငံတကာ က အာရုံစူးစိုက်စိုးရိမ်ရသည့် Hot Spot ဒေသဖြစ်အောင် ဘက်ပေါင်းစုံမှ နည်းမျိုးစုံဖြင့် သရုပ်ဖော်နေသည့် အချိန်ဖြစ်၍ သတိကြီးကြီးထားရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ သမ္မတဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းထားပြီး ယင်းကော်မရှင်က နိုင်ငံတကာက လက်ခံယုံကြည်သည့် အစီရင်ခံ စာထုတ်ပြန်လာနိုင်မည်ဆိုပါကလည်း နိုင်ငံတကာမှ ဖိအားပေးမှုများကို ပိုမိုထိရောက်စွာ တုံ့ပြန်နိုင်မည်ဖြစ် ကြောင်း ဦးကျော်တင်က ပြော သည်။
ယင်းအချက်ကို ဦးလှဌေး ဝင်းက ‘‘ဒါနဲ့ပတ်သက်ပြီး သိပ် ဘဝင်မကျဘူး။ အဲဒါကို အဆင် ပြေအောင်လုပ်ဖို့က ဒုသမ္မတ အဖွဲ့က လုပ်ရမှာမဟုတ်ဘူး။ တာဝန်ရှိတဲ့လူကြီးတွေက ဝိုင်းပြီးလုပ်ရမှာဖြစ်တယ်။ ဒီအဖြေနဲ့ ပတ်သက်ပြီး သိပ်ဘဝင်မကျဘူး’’ ဟု ဆိုသည်။
အချက်အလက်ရှာဖွေရေး အဖွဲ့ကို မြန်မာနိုင်ငံသို့ လာရောက်ရန် လက်မခံသော်လည်း ဒေါက်တာ ကိုဖီအာနန် အကြံပေးကော်မရှင်၏ ထောက်ခံတင်ပြချက်ကိုအကောင်အထည်ဖော်ခြင်းဖြင့် ရေရှည်တည်တံ့သည့် ဖြေရှင်းမှု ရရှိရန် ကြိုးပမ်းဆောင်ရွက်နေမှု ကို နိုင်ငံတိုင်းတွင် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ကြောင်း ဦးကျော်တင်က ဆက်လက်ပြော ကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာစိန်မြအေးက ‘‘အမြင်မတူတဲ့လူတစ်စုက ကိုဖီ အာနန်ကော်မရှင်ကို ဝိုင်းပြီးကန့် ကွက်လိုက်ကြတဲ့အတွက် ကော်မ ရှင်ရဲ့ လုပ်ငန်းတွေ နှောင့်နှေး သွားတာရှိပါတယ်။ အဲဒါကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံကို လာပြီးအသည်းအသန်စစ်ဆေးဖို့တွေ ဖြစ်လာတာပါ။ ဒီကော်မရှင်ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် အားလုံးသဘောတူပြီး ဖွဲ့ထားတဲ့ကော်မရှင်ပါ။ အမြင် မတူတဲ့ သူတချို့တော့ ရှိတာပေါ့ လေ။ ဒီကော်မရှင်ရဲ့ အကြံပေး ချက်တွေဟာ ကျွန်တော်တို့နိုင်ငံ အတွက် ရလဒ်ကောင်းတွေ ဖြစ် လာမှာပါ’’ဟု ပြောသည်။
နိုင်ငံခြားရေးဒုဝန်ကြီး ပြော ကြားချက်နှင့်ပတ်သက်၍ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဇွန်လ ၂၉ ရက်ညနေ တွင် သဘောထားထုတ်ပြန်ရာ အချက်အလက် ရှာဖွေရေးမစ်ရှင် နှင့် ပူးပေါင်းဆောင်ရွက်မှု မပြုဟု ဆိုသော်လည်း ဒေသခံရခိုင်ပြည် သူများ၊ နိုင်ငံရေးပါတီများ၊ လွှတ် တော်ကိုယ်စားလှယ်များက အတိ အလင်း ကန့်ကွက်ထားသည့် ကိုဖီအာနန်ကော်မရှင်၏ အကြံ ပြုချက်များကို လိုက်နာဆောင် ရွက်မည်ဟူသော ပြောကြားချက် သည်တရားမဝင်ဟု အငြင်းပွားဆဲ ဖြစ်သော ကိုဖီအာနန်ကော်မရှင် က အစိုးရ၏ အဆုံးအဖြတ်အပေါ် သြဇာသက်ရောက်မှုရှိရန် ထပ်လောင်းအာမခံချက် ပေးလိုက် သည့်သဘော သက်ရောက်သည် ဟုဆိုသည်။
နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေတည်တံ့မှုကို လျစ်လျူရှု၍ လူ့အခွင့် အရေး ကြွေးကြော်သံဖြင့် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏ စွမ်းဆောင်မှုကို ကန့်သတ်ရန်ထောင်ချောက်ဆင် ဝင်ရောက်လာမည့် ပြည်ပစွက်ဖက်မှုများကို ပါတီအနေဖြင့် လုံးဝလက်မခံ ပယ်ချကြောင်း ဆိုသည်။
=====================
251/ End
ရခိုင်အရေးနှင့်ပတ်သက်၍ ကုလအချက်အလက် ရှာဖွေရေးအဖွဲ့ မြန်မာနိုင်ငံအတွင်း မဝင်ရောက်နိုင်စေရန် တားဆီးမည်ဟု ဒုဝန်ကြီးပြော
၃၀ ဇွန် ၂၀၁၇ - ၁၄:၅၉
News ID: 839631
ကုလသမဂ္ဂ လူ့ အခွင့်အရေးကောင်စီက ရခိုင် ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေး ရန် ဖွဲ့စည်းထားသည့် အချက် အလက်ရှာဖွေရေးအဖွဲ့ မြန်မာ နိုင်ငံအတွင်း မဝင်ရောက်စေရန် မြန်မာသံရုံးများကို လိုအပ်သော ညွှန်ကြားမှုများ ပြုလုပ်တားဆီး မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ပြောသည်။