အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မယ့် ကဏ္ဍစုံလုပ်ငန်းစဉ်တွေမှာ နိုင်ငံတော်အစိုးရ၊ ပြည်သူတွေ၊ ပုဂ္ဂလိကပြည်တွင်းအန်ဂျီအို၊ စီအက်ဏအို၊ မိတ်ဘက်နိုင်ငံ ကုလသမဂ္ဂအေဂျင်စီတွေ၊ အိုင်အန်ဂျိအိုတွေ ပူးပေါင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေးဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) ကော်မတီကို ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
ဒီကော်မတီကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနေနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒုက္ကဋ္ဌ၊ ဒေါက်တာအောင်ထွန်းသက်က ညှိနှိုင်းရေးမှူးချုပ်နဲ့ ဦးကျော်မြိုင်က သတင်းနဲ့ဆက်သွယ်ရေး တာရိုက်တာအဖြစ်အဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ကော်မတီဝင် ၄ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
ဒီကော်မတီအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထိထိရောက်ရောက် ပေးအပ်ဆောင်ရွက်ဖို့၊ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး ကိစ္စတွေအတွက် ပူပေါင်းညှိနှိုင်းဆောင်ရွက်ဖို့၊ ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည်ပဋိပက္ခကင်းဝေးရေး ဆောင်ရွက်ဖို့ ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရာမှာ နိုင်ငံတော်ပံ့ပိုးမှုအပြင် ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ ကူညီထောက်ပံငွေတွေနဲ့ ဆောင်ရွက်မှာဖြစ်တဲ့အတွက် ဘဏ္ဍာရေးကိစ္စကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးမှုအပြင် နိုင်ငံတကာစာရင်းစစ်ကုမ္မဏီတခုကိုလည်း ငှားရမ်း အစစ်ဆေးခံနိုင်ရေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ လုပ်ငန်း ၃ ရပ်ကို လုပ်ဆောင်မယ့် ကော်မတီတရပ်ကို ကိုယ်တိုင် ဥက္ကဋ္ဌထားပြီး လုပ်ဆောင်မယ့်အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၂ ရက်နေ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
အဲဒီလုပ်ငန်း ၃ ရပ်မှာ လူသားချင်းစာနာမှု အကူအညီတွေ ထိထိရောက်ရောက်ပေးရေး၊ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည်ပဋိပက္ခတွေ ကင်းဝေးရေးတို့နဲ့ ဆိုင်တဲ့ လုပ်ငန်း ၃ ရပ် လုပ်ဆောင်သွားမယ်ဆိုတာ ပြောဆိုသွားခဲ့ပါတယ်။
နိုင်ငံမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ နားလည်မှု အပြည့်အဝနဲ့ စည်းစည်းလုံးလုံးနဲ့ အစိုးရကို ဝန်းရံပေးတဲ့အတွက် အလွန်ကျေးဇူးတင်ကြောင်းနဲ့ ဘယ်လို အခက်အခဲတွေနဲ့ ကြုံတွေ့ရပါစေ၊ ပြည်သူရဲ့ ညီညွှတ်မှုအင်အားနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။
========================
251 / End
၁၈ အောက်တိုဘာ ၂၀၁၇ - ၁၈:၃၅
News ID: 861149
ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။