အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုဝင်ဘာ ၇ ။ ။ မြန်မာနိုင်ငံ နယ်နမိတ်တွင်းကနေ အိန္ဒိယသူပုန်တွေအားလုံးကို တိုက်ထုတ်ရှင်းလင်းမယ်ဆိုပြီး မြန်မာစစ်တပ်က ပြောဆိုလိုက်ပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့ အဆိုပါ အိန္ဒိယသူပုန်တွေကို တိုက်ခိုက်ပြီး မြန်မာနိုင်ငံတွင်းကနေ မောင်းထုတ်မှာဖြစ်တယ်လို့ မကြာသေးမီက ကျင်းပခဲ့တဲ့ အိန္ဒိယ-မြန်မာ ဒေသဆိုင်ရာ နယ်စပ်ကော်မတီအစည်းအဝေးမှာ အနောက်မြောက်တိုင်း တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ် ဖုန်းမြတ်က အိန္ဒိယတပ်မှူးတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
" အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဒီသူပုန်တွေကို ကျွန်တော်တို့ မြန်မ့ာ့မြေပေါ်မှာ ခြေချအသုံးပြုခွင့် ပေးသွားမှာမဟုတ်ပါဘူး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့အနေနဲ့ သူတို့ကို တိုက်ထုတ်သွားမှာဖြစ်ပါတယ်" ဆိုပြီး ဗိုလ်ချုပ် ဖုန်းမြတ်က ပြောဆိုသွားပါတယ်။
အဆိုပါ သုံးရက်တာကျင်းပခဲ့တဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ကော်မတီအစည်းအဝေးကိုတော့ မဏိပူရ်ပြည်နယ် မြို့တော် Imphal မှာ ကျင်းပခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်က ကျင်းပပြီးစီးသွားခဲ့တာဖြစ်ပါတယ်။
ယင်းအစည်းအဝေးကိုတော့ မြန်မာဘက်က အဖွဲ့ဝင် ၁၈ ဦးပါ ကိုယ်စားလှယ်အဖွဲ့တစ်ခု တက်ရောက်ခဲ့ပါတယ်။ အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကိုတော့ အိန္ဒိယစစ်တပ်ရဲ့ Spear Corps မှ ဒုတိယဗိုလ်ချုပ်ကြီး အေနီလ် ချောင်ဟန်က ဦးဆောင်တက်ရောက်ခဲ့ပါတယ်။ အဆိုပါ Spear Corps အဖွဲ့ကတော့ မြန်မာနယ်စပ် အိန္ဒိယပြည်နယ်တွေမှာ သောင်းကျန်းသူရှင်းလင်းရေးစစ်ဆင်ရေးတွေအတွက် တာဝန်ရှိတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
အရှေ့မြောက်ပိုင်း သူပုန်အဖွဲ့အနည်းဆုံးလေးခုလောက်ဟာ ဆိုရင်လည်း စစ်ကိုင်းတိုင်းရဲ့ ဝေးလံခေါင်းပါးတဲ့ တောတောင်နေရာတွေမှာ သူပုန်အုပ်စုညွန့်ပေါင်းအဖွဲ့ကို ထူထောင်ထားရှိပြီး ယင်းကနေပြီးတော့ အိန္ဒိယတပ်တွေကို တိုက်ခိုက်မှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် ဇွန်လတုန်းက သူပုန်တို့ရဲ့ စီးနင်းတိုက်ခိုက်မှု တစ်ခုအတွင်း အိန္ဒိယစစ်သား ၁၇ ဦး ကျဆုံးသွားခဲ့ပြီးနောက် အိန္ဒိယ ကွန်မန်ဒိုတပ်ဖွဲ့အနေနဲ့ မြန်မာနယ်နမိတ်တွင်းက သူပုန်အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကတော့ အိန္ဒိယနဲ့ မြန်မာစစ်တပ်တို့အနေနဲ့ အဆိုပါ နယ်စပ်ဖြတ်ကျော်သူပုန်အဖွဲ့တွေကို တိုက်ခိုက်မှုတွေ ဆောင်ရွက်ထားခဲ့ပါသေးတယ်။
ယခုအစည်းအဝေးမှာ တက်ရောက်လာတဲ့ မြန်မာစစ်တပ်အရာရှိကြီးတစ်ဦးက ပြောကြားရာမှာတော့ နှစ်ဘက်စစ်တပ်တွေအကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားနိုင်ပြီး နယ်စပ်ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုသွားခဲ့ပါသေးတယ်။
========================
251 / End
၇ နိုဝင်ဘာ ၂၀၁၇ - ၁၆:၃၃
News ID: 865302
နိုဝင်ဘာ ၇ ။ ။ မြန်မာနိုင်ငံ နယ်နမိတ်တွင်းကနေ အိန္ဒိယသူပုန်တွေအားလုံးကို တိုက်ထုတ်ရှင်းလင်းမယ်ဆိုပြီး မြန်မာစစ်တပ်က ပြောဆိုလိုက်ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ အဆိုပါ အိန္ဒိယသူပုန်တွေကို တိုက်ခိုက်ပြီး မြန်မာနိုင်ငံတွင်းကနေ မောင်းထုတ်မှာဖြစ်တယ်လို့ မကြာသေးမီက ကျင်းပခဲ့တဲ့ အိန္ဒိယ-မြန်မာ ဒေသဆိုင်ရာ နယ်စပ်ကော်မတီအစည်းအဝေးမှာ အနောက်မြောက်တိုင်း တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ် ဖုန်းမြတ်က အိန္ဒိယတပ်မှူးတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။