၂၉ နိုဝင်ဘာ ၂၀၁၇ - ၁၅:၅၀
အိန္ဒိယအစိုးရ၏ Act East Policy ကို အိန္ဒိယ-မြန်မာ ဂျာနယ်လစ်များ ထောက်ခံအားပေး

အိန္ဒိယအစိုးရရဲ့ Act East မူဝါဒ အကောင်အထည်ဖော်ဆောင်မှုကို အားပေးထောက်ခံဖို့နဲ့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မီဒီယာ အသိုင်းအ၀ိုင်းအတွက် ဗီဇာအထူးကင်းလွတ်ခွင့်စနစ် ထူထောင်ရေး ကိစ္စတို့ကို နှစ်နိုင်ငံ ဂျာနယ်လစ် အဖွဲ့တွေက ထောက်ခံ ဆွေးနွေးသွားခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အိန္ဒိယအစိုးရရဲ့ Act East မူဝါဒ အကောင်အထည်ဖော်ဆောင်မှုကို အားပေးထောက်ခံဖို့နဲ့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မီဒီယာ အသိုင်းအ၀ိုင်းအတွက် ဗီဇာအထူးကင်းလွတ်ခွင့်စနစ် ထူထောင်ရေး ကိစ္စတို့ကို နှစ်နိုင်ငံ ဂျာနယ်လစ် အဖွဲ့တွေက ထောက်ခံ ဆွေးနွေးသွားခဲ့ကြပါတယ်။

အိန္ဒိယရဲ့ Act East မူဝါဒဟာ ပြီးခဲ့တဲ့ ၁၉၈၁ ခုနှစ်မှာပဲ အရှေ့မျှော်မူဝါဒအဖြစ် စတင် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ၀န်ကြီးချုပ် နာရင်ဒြာ မိုဒီ အစိုးရအာဏာရလာချိန်မှာတော့ ၂၀၁၄ ခုနှစ်ကပဲ ယင်းမူဝါဒကို Act East Policy အဖြစ် ပြန်လည်ခေါ်ဆို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်က မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယ  အရှေ့မြောက်ခြမ်းရှိ မဏိပူရ်ပြည်နယ် မြို့တော် Imphal မှာ နှစ်ရက်တာကျင်းပပြုလုပ်တဲ့ မြန်မာ-အိန္ဒိယအကြား ဒေသတွင်း မီဒီယာများအကြား အပြန်အလှန်အကျိုးဖြစ်မှု အစည်းအဝေးမှာပဲ အထက်ပါ ထောက်ခံအကြံပြုချက်တွေကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

နှစ်နိုင်ငံစလုံးက မီဒီယာဂျာနယ်လစ် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတဲ့ အဆိုပါ ပရိုဂရမ်မှာတော့ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တိုးမြင့်သွားရေး ထောက်ခံအကြံပြုဆွေးနွေးသွားကြသလို အနာဂတ်မှာ မီဒီယာအချင်းချင်း အပြန်အလှန် ဖလှယ်မှု အစီအစဉ်တွေ ပိုမိုလုပ်ဆောင်သွားရေးကိုပါ ထောက်ခံဆွေးနွေးသွားကြပါတယ်။ ဒါ့အပြင် ကုန်းလမ်း၊ မီးရထားလမ်း၊ လေကြောင်းနဲ့ ရေကြောင်းဆိုင်ရာ ဆက်သွယ်ရေး ပိုင်းတွေမှာ ပိုမိုတိုးတက်လာစေဖို့ နှစ်နိုင်ငံ အတူတကွလုပ်ဆောင်သွားရေး၊ နှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်တဲ့ ပို့ဆောင်ရေးအဆောက်အအုံပစ္စည်းတွေ ဖြစ်ပေါ်လာရေးတို့ကိုလည်း ယင်းပရိုဂရမ်မှာ ထောက်ခံအကြံပြုသွားကြပါတယ်။

အဆိုပါ ထောက်ခံချက်ကိုတော့ မြန်မာ့ စာနယ်ဇင်းကောင်စီမှ ဒေါက်တာ ဇော်သန်း၊ Editors’ Guild of India မှ Prakash Dubey ၊ အိန္ဒိယ စာနယ်ဇင်း အသင်းအဖွဲ့မှ Jaishanker Gupta ၊ အိန္ဒိယ ဂျာနယ်လစ်များ သမဂ္ဂမှ Kosuri Amarnath ၊ အိန္ဒိယ စာနယ်ဇင်းကောင်စီမှ အဖွဲ့ဝင်ဟောင်းများဖြစ်ကြတဲ့ Vivek Saxena နဲ့ CK Naik တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ယင်းအပြင် အဆိုပါ ထောက်ခံချက်အရ နှစ်နိုင်ငံအကြား သတင်း ပိုမိုလွတ်လပ်စွာ စီးဆင်းနိုင်ရေးကိုလည်း အကြံပြုထားပါတယ်။

အိန္ဒိယနဲ့ အာရှနိုင်ငံတွေက မီဒီယာ ပုဂ္ဂိုလ်တွေအကြား ပူးတွဲ မီဒီယာ venture တစ်ခု ထူထောင်ဖို့၊ မူးယစ်ဆေးနဲ့ စိတ်ကြွဆေးဝါး တိုက်ဖျက်ဖို့ကိုလည်း ဟောပြောဆွေးနွေးသူ အများစုက  အဆိုပါ ပရိုဂရမ်ရဲ့ ပညာရပ်ဆိုင်ရာ ဆွေးနွေးမှု အပိုင်းမှာ ပြောဆိုအကြံပြုသွားကြပါတယ်။ ဒါ့အပြင် မြန်မာနဲ့ အိန္ဒိယအကြား ကုန်သွယ်မှုနဲ့ စီးပွားရေး နှစ်နိုင်ငံဆက်ဆံမှုကို တိုးတက်စေဖို့ကိုလည်း ၎င်းတို့ကအကြံပြုသွားပါတယ်။ မီဒီယာတာဝန်ရှိသူတွေအကြား ထိရောက်တဲ့ ချိတ်ဆက် ဆက်သွယ်မှုက အရေးကြီးဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနဲ့ အိန္ဒိယအကြား မီဒီယာအပြန်အလှန် အကျိုးပြုမှု ပရိုဂရမ်ကတော့ အိန္ဒိယ ၀န်ကြီးချုပ် မိုဒီ စက်တင်ဘာလက ရန်ကုန်ကို သမိုင်းဝင်လာရောက်တဲ့ခရီးစဉ်ရဲ့ အကျိုးဆက်ရလဒ်တစ်ခုလည်း ဖြစ်ပါတယ်။ PCI နဲ့ MPC တို့အကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်အားပေးဖို့ နှစ်နိုင်ငံစလုံးက သဘောတူခဲ့တဲ့အပေါ်လည်း ၀မ်းမြောက်ကြောင်း ၀န်ကြီးချုပ် မိုဒီက ပြောထားပါတယ်။

နေ့လည်ခင်းမှာတော့ မြန်မာဂျာနယ်လစ်များအဖွဲ့ကို Imphal မြို့က မဏိပူရ် ဂျာနယ်လစ်များ သမဂ္ဂ ရုံးမှာ ရိုးရာလက်ဆောင်ပစ္စည်းများကို ပေးအပ်ရင်း နွေးထွေးရင်းနှီးစွာ ကြိုဆိုခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာပဲ အဖွဲ့ဝင် ၁၃ ဦးပါ မြန်မာ ကိုယ်စားလှယ်အဖွဲ့တစ်ခုဟာ ပြည်နယ်ဝန်ကြီးချုပ် N Biren ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ၎င်းတို့ကိုတော့ မဏိပူရ် ရိုးရာ ပ၀ါတွေ လက်ဆောင်ပေးရင်း ကြိုဆိုခဲ့ကြပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ ကာလအတွင်း များစွာ တိုးတက်နေခဲ့တယ်လို့ Biren က ပြောခဲ့တယ်လို့ သိရပါတယ်။ " မဏိပူရ် အစိုးရအနေနဲ့ Imphal နဲ့ မန္တလေး အကြား ဘတ်စ်ကားဝန်ဆောင်မှု တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်နိုင်ဖို့ အားထုတ်နေပါတယ်၊ ဒါမှလည်း နှစ်ဘက် ပြည်သူတွေအကြား ဆက်ဆံမှုကို တိုးတက်စေမှာဖြစ်ပါတယ်" လို့ Biren က ပြောပါတယ်။ ယင်းအပြင် မန္တလေးနဲ့ မဏိပူရ် အမျိုးသမီး ဘောလုံးအသင်းအကြား ချစ်ကြည်ရေး ဘောလုံးပွဲကိုလည်း ကျင်းပဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
       
========================
251 / End