အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရတာဝန်ယူပြီးနောက်ပိုင်းတွင် အတိုက်အခံအဖြစ် ရပ်တည်နေသည့် ပါတီများတွင် ပြည်ခိုင်ဖြိုးပြီးလျှင် အထင်ရှားဆုံးသည် ရခိုင်အမျိုးသားပါတီ ဖြစ်သည်။ ပြည်ထောင်စုအဆင့် လွှတ်တော်များတွင်သာမက ရခိုင်အမျိုးသားပါတီက အသာရထားသည့် ရခိုင်ပြည်နယ် လွှတ်တော်၌ပါလက်ရှိ အစိုးရနှင့် အချေအတင်အငြင်းပွားရသော ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။
လက်ရှိတွင် ရခိုင်အမျိုးသား ပါတီဝင် အမတ်အများစု လွှမ်းမိုး ထားသည့် ရခိုင်ပြည်နယ်လွှတ် တော်က ဒီချုပ်ပါတီဝင် ပြည်နယ် ဝန်ကြီးတစ်ဦးကို စွပ်စွဲပြစ်တင် ခြင်းဖြင့် ရခိုင်အမျိုးသားပါတီက အတိုက်အခံခြေလှမ်းများကို ဆက်လက်ပြသခဲ့သည်။
ဒီချုပ်အားနည်းပြီး ယခင်က ပင် မကျေလည်မှုများရှိခဲ့သည့် ရခိုင်ပြည်နယ် လွှတ်တော်တွင်း အတိုက်အခံနှင့် အာဏာရပါတီ တို့ ထိပ်တိုက်တွေ့ဆုံမှုမှ ထွက် ပေါ်လာမည့် ရလဒ်သည် စိတ်ဝင် စားဖွယ်ကောင်းနေသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်သည် ဥပဒေအရ ပေးအပ်သော တာဝန်များကို ဆောင်ရွက်နိုင်ခြင်းမရှိဟုဆိုကာ စွပ်စွဲပြစ်တင်ရန် ပြည်နယ်လွှတ် တော်အမတ် ၁၇ ဦးက လက်မှတ် ထိုး၍ နိုဝင်ဘာ ၂၉ ရက်တွင် လွှတ်တော်သို့ တင်ပြခဲ့သည်။
ယင်းသည် လက်ရှိ NLD အစိုးရသက်တမ်းအတွင်း ပြည်နယ် ဝန်ကြီးတစ်ဦးအပေါ် စွပ်စွဲပြစ် တင်ရန် လွှတ်တော်တွင်း ပထမ ဆုံးအကြိမ် တရားဝင်လှုပ်ရှားမှု တစ်ခု ဖြစ်လာသည်။ ယခင်အစိုးရ လက်ထက်ကလည်း ထိုကဲ့သို့ ပုံစံ တူဖြစ်စဉ်မျိုးရှိခဲ့သည်။
ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်နှင့် တိုင်းအစိုးရ အဖွဲ့ တို့ ထိပ်တိုက်တွေ့ဆုံမှုသည် သမ္မတ ဦးသိန်းစိန် အစိုးရသက် တမ်းတွင် ထင်ရှားခဲ့သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးသန်းထွန်းတို့ ကို ထိုစဉ်က လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ဦးဆောင်သော တိုင်း လွှတ်တော်က စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းခဲ့သည်။
ဌာနဆိုင်ရာများအနေဖြင့် လွှတ်တော်အတွေ့အကြုံရှင်း လင်းခြင်းနှင့် လွှတ်တော်ဥပဒေ ဆိုင်ရာများ ရှင်းလင်းခြင်းမှအပ ကျန်ကိစ္စများအတွက် လွှတ်တော် ကိုယ်စားလှယ်က ဆင့်ခေါ်လျှင် သွားရန်မလိုကြောင်း ညွှန်ကြား ချက်ထုတ်ပြန်ခဲ့၍ လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို ထိပါးစေသည်ဟု ဆိုကာ စွပ်စွဲပြစ်တင်ရန် ဆောင် ရွက်ခဲ့သည်။
သို့သော် ဝန်ကြီး ဦးသန်း ထွန်းက လွှတ်တော်အတွင်း တရားဝင် တောင်းပန်ခဲ့၍ စွပ်စွဲ ပြစ်တင်ရန်အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ပြန်လည် ရုပ်သိမ်းပေးခဲ့သည်။
ထို့အပြင် ပြည်ထောင်စုအ ဆင့် လွှတ်တော်များတွင် ပထမ အကြိမ် လွှတ်တော်သက်တမ်းအ တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာ ခုံရုံးကို စွပ်စွဲပြစ်တင်ဖြုတ်ချ သည့် တစ်ကြိမ်သာရှိခဲ့သည်။ အဆိုပါ စွပ်စွဲပြစ်တင်မှုကို ဦးစီးဆောင်ရွက်သူများသည် အာဏာရ ပြည်ခိုင်ဖြိုးပါတီဝင်များ ဖြစ် သည်။
ယခုတစ်ကြိမ်တွင် အတိုက် အခံပါတီနှင့် အာဏာရပါတီတို့ ထိပ်တိုက်ရင်ဆိုင်ရမည့် အနေအ ထားဖြစ်သည်။ ဒီချုပ်အမတ် ဦးမင်းအောင်အား ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန် စွာ မဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်နှင့် ပြည်သူတို့ အကျိုးစီးပွား ထိခိုက်နစ်နာဆုံးရှုံးနေကြောင်း ၎င်းကို စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးတင်ပြသည့် လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။
စွပ်စွဲပြစ်တင်ရန် လက်မှတ် ရေးထိုးသည့် လွှတ်တော်ကိုယ် စားလှယ် ၁၇ ဦးသည် ရခိုင်အမျိုး သားပါတီနှင့် ပြည်ခိုင်ဖြိုးပါတီဝင် များဖြစ်နေခြင်းက မထူးခြားသော် လည်း ဒီချုပ်ပါတီဝင်ကိုယ်စား လှယ်တစ်ဦး ပါဝင်မှုကထူးခြားနေသည်။
ထိုသို့ ဒီချုပ်ပါတီဝင် အမတ် တစ်ဦးပါဝင်နေခြင်းက အာဏာရ ပြီးနောက်ပိုင်းတွင် ပါတီဝင်များ နှင့် ကိုယ်စားလှယ်များအပေါ် တင်းကျပ်စွာ ကိုင်တွယ်ထိန်း ကျောင်းနေကြောင်း ဝေဖန်ခံနေရ သော ဒီချုပ်အတွက် အံ့အားသင့် ဖွယ်ဖြစ်သည်။
‘‘အဓိကကတော့ သူလုပ်တဲ့ လုပ်ရပ်တွေကို မကြိုက်လို့ပေါ့။ သူက လွှတ်တော်ကို မတိုင်ပင်ဘဲ ကိုယ်လုပ်ချင်သလို လုပ်လို့’’ဟု လက်မှတ်ထိုးရာတွင် ပါဝင်သည့် မာန်အောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ဒီချုပ်အမတ် ဦးသိမ်း မောင်က ဆိုသည်။
ဦးသိမ်းမောင်သည် လက်ရှိ အထိ ဒီချုပ်ပါတီဝင် အမတ်အဖြစ် ရပ်တည်နေသော်လည်း ပါတီမှ နုတ်ထွက်ရန် တင်ပြထားသူဖြစ် သည်။ သို့သော် ပါတီက နုတ်ထွက်ခွင့်မပြုသေးကြောင်း ၎င်းက ပြော သည်။
ဝန်ကြီး ဦးမင်းအောင်ကို စွပ် စွဲပြစ်တင်ရာတွင် ဒီချုပ်အမတ်တစ်ဦး ပါဝင်နေသော်လည်း ဝန် ကြီးချုပ် ဦးညီပုအပါအဝင် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပတ်သက်၍ တိုင်ကြားချက်တစ်စုံ တစ်ရာမရှိကြောင်း ဒီချုပ်လွှတ် တော်ကိုယ်စားလှယ်များ တိုင် ကြားစာဌာန တာဝန်ခံ ဒေါက်တာ မျိုးညွန့်က ပြောသည်။
ဦးမင်းအောင်ကို အဓိက ပြစ်ချက်ကိုးခုကြောင့် စွပ်စွဲပြစ်တင် ရန် တင်ပြခြင်းဖြစ်ကြောင်း လက် မှတ်ထိုးရာတွင် ပါဝင်သည့် မင်း ပြားမြို့နယ် မဲဆန္ဒနယ် (၁) ပြည် နယ်လွှတ်တော်အမတ် ဦးလှသိန်းအောင်က ပြောသည်။
ရခိုင်ပြည်နယ် မြို့နယ်ငါးခု တွင် စည်ပင်သာယာဌာနပိုင် ဈေးများတည်ဆောက်ရေး တင်ဒါခေါ်ယူရာတွင် ပွင့်လင်းမြင်သာမှုမရှိ ခြင်း၊ ဈေးများတည်ဆောက်ရန် ဆောင်ရွက်ရာ၌ ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ဒီချုပ်ဝန်ကြီးအချို့ ၏ မဲဆန္ဒနယ်များကို ဦးစားပေးရွေးချယ်ထားခြင်း၊ ကျောက်ဖြူမြို့နယ်ရှိ ဌာနပိုင် ဈေးဆိုင်ခန်း များကို နီးစပ်ရာသို့ လက်လွှဲရောင်းချခြင်း စသည်တို့အပါအ ဝင် စွပ်စွဲချက်ကိုးခုကို ဝန်ကြီးဦးမင်းအောင်က ပြန်လည်ဖြေရှင်းရမည်ဖြစ်သည်။
ကိုယ်စားလှယ်များ၏ တင် ပြချက်အရ စုံစမ်းစစ်ဆေးရေးအ ဖွဲ့ကို ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက ဒီဇင်ဘာ ၅ ရက်တွင် အဖွဲ့ဝင်ငါးဦးဖြင့် ဖွဲ့စည်းပေးခဲ့ ပြီး ဒီဇင်ဘာ ၁၁ ရက်တွင် စုံစမ်း စစ်ဆေးနေပြီဖြစ်သည်။
စုံစမ်း စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်အဖြစ် ဘူးသီး တောင် မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုး ပါတီဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်ကို တာဝန်ပေးထားသည်။ အဖွဲ့ဝင် များအဖြစ် ရခိုင်အမျိုးသားပါတီမှ သုံးဦးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တစ်ဦးပါဝင်သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ သည် စွပ်စွဲပြစ်တင်ချက်ပါ အ ချက်များနှင့်ပတ်သက်၍ သိရှိသူ များကို ခေါ်ယူစစ်ဆေးမေးမြန်း နိုင်ပြီး မြေပြင်အထိ ကွင်းဆင်း သွားရောက်စစ်ဆေးမေးမြန်းနိုင် ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ၏ လုပ်ငန်းတာဝန်တွင် ဖော်ပြ ထားသည်။
စွပ်စွဲပြစ်တင်ခံရသော ဝန်ကြီးသည် ကိုယ်တိုင်သော်လည်း ကောင်း၊ ကိုယ်စားလှယ်ဖြင့်သော် လည်းကောင်း ပြန်လည်ချေပခွင့် ရရှိမည်ဖြစ်သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်နှင့် စုံစမ်းစစ် ဆေးသည့် ကိစ္စရပ်အသီးသီးကို လျှို့ဝှက်ထားရှိရမည်ဖြစ်ပြီး စစ် ဆေးတွေ့ရှိချက်များကို ဒီဇင် ဘာ ၁၉ ရက် နောက်ဆုံးထား၍ လွှတ်တော်ရုံးသို့ ပြန်လည်အစီရင် ခံတင်ပြရန် လွှတ်တော်ဥက္ကဋ္ဌက ညွှန်ကြားထားသည်။
‘‘ဒီဇင်ဘာ ၁၁ ရက်ကနေ စပြီး ဝန်ကြီး ဦးမင်းအောင်ကို စစ် ပါမယ်။ နောက် တိုင်တဲ့ ၁၇ ဦး ထဲက လေး၊ ငါးယောက်ကို စစ် မယ်။ ပြီးရင် ခရိုင်စည်ပင်အရာရှိ တွေ၊ တခြားတာဝန်ရှိသူတွေကို စစ်ပါမယ်’’ဟု စုံစမ်းစစ်ဆေးရေး ကော်မတီဝင် စစ်တွေမြို့နယ် အ မှတ် (၂) ပြည်နယ်လွှတ်တော်အ မတ် ဦးအေးသိန်းက ပြောသည်။
သို့သော် စုံစမ်းစစ်ဆေးမှု များ ဒီဇင်ဘာ ၁၉ ရက်တွင် ပြီးစီးနိုင်ရန် အခက်အခဲရှိ၍ ရက်ထပ်တိုးပေးရန် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြမည်ဟု ၎င်းကဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ ပုဒ်မခွဲ (င) ပုဒ်မခွဲငယ် (၁) တွင် ‘‘တိုင်းဒေသကြီး (သို့ မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် တစ်ဦးဦးအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအ ဖွဲ့က စုံစမ်းစစ်ဆေး တွေ့ရှိချက် များကို တင်ပြလာလျှင် လွှတ်တော်ဥက္ကဋ္ဌသည် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်’’ ဟု ဖော်ပြထားသည်။
သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနည်းဆုံးသုံးပုံနှစ်ပုံက စွပ်စွဲပြစ် တင်မှုသည် မှန်ကန်၍၊ စွပ်စွဲခံရသူသည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် (သို့မဟုတ်) ဝန်ကြီးရာထူးတွင် ဆက်လက် ထမ်းရွက်စေရန်မသင့်ကြောင်း ဆုံးဖြတ်လျှင် ဥက္ကဋ္ဌသည် ထိုဆုံး ဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြရမည်ဟု ပါရှိသည်။
ထို့အပြင် ပုဒ်မခွဲငယ် (၂) တွင် ‘‘နိုင်ငံတော်သမ္မတသည် တင်ပြချက်ရရှိလျှင် စွပ်စွဲပြစ်တင် ခြင်းခံရသည့် တိုင်းဒေသကြီး (သို့ မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် (သို့မဟုတ်) ဝန်ကြီးကို ရာထူးမှ ရပ်စဲ ရမည်ဟုလည်းကောင်း၊ ပုဒ်မခွဲ ငယ် (၃)တွင် စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း သက်ဆိုင်ရာ လွှတ်တော်က ဆုံးဖြတ်လျှင် ထို သို့ ဆုံးဖြတ်ကြောင်းကို လွှတ် တော်ဥက္ကဋ္ဌသည် နိုင်ငံတော် သမ္မတသို့ တင်ပြအစီရင်ခံရမည် ဟု ဆက်လက်ဖော်ပြထားသည်။
ရခိုင်ပြည်နယ် လွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၄၆ ဦးရှိပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုးဦး၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ သုံးဦး၊ ရခိုင်အမျိုး သားပါတီမှ ၂၃ ဦးဖြစ်သည်။ထို့အပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးရှိသည်။ ယင်းတို့အနက် ရခိုင်အ မျိုးသားပါတီမှ လွှတ်တော်အမတ် သုံးဦးသည် ပါတီမှ နုတ်ထွက်ပြီး နှစ်ဦးကို ထုတ်ပယ်ထားကာ တစ် ဦးကွယ်လွန်ခဲ့သည်။ ထို့ကြောင့် ယခုအခါ ရခိုင်အမျိုးသားပါတီဝင် လွှတ်တော်အမတ် ၁၇ ဦးသာ ကျန်ရှိတော့သည်။
သို့သော် ရခိုင်ပြည်နယ် လွှတ်တော်တွင် ရခိုင်အမျိုးသား ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် တပ် မတော်သား လွှတ်တော်ကိုယ်စား လှယ်များ စုပေါင်းပါက ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စုစု ပေါင်းဦးရေ၏ သုံးပုံနှစ်ပုံအထက် ၌ ရှိနေသည်။
ထို့ကြောင့် စွပ်စွဲပြစ်တင်မှု နှင့်ပတ်သက်၍ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မည်ဆိုပါက ဒီချုပ် ကိုယ်စားလှယ်များ အသာမရနိုင် သော အနေအထားဖြစ်သည်။ သို့ ဖြစ်ရာ စွပ်စွဲပြစ်တင်ချက်များ မှန် ကန်ကြောင်း လွှတ်တော်က ဆုံး ဖြတ်ပါက ဝန်ကြီး ဦးမင်းအောင် အနေဖြင့် ရာထူးက နုတ်ထွက်ရ မည့်အခြေအနေအထိ ရင်ဆိုင်ရ မည်ဖြစ်သည်။
ဒီမိုကရေစီစနစ်တွင် အစိုးရ အဖွဲ့ကို အပြန်အလှန်ထိန်း ကျောင်းနိုင်ရန် ထိုသို့စွပ်စွဲပြစ် တင်ခြင်းသည် ဖြစ်လေ့ဖြစ်ထရှိ သည့် ကိစ္စရပ်တစ်ခုသာဖြစ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် က အထက်ပါစွပ်စွဲပြစ်တင်မှုနှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။
ရခိုင်အမျိုးသားပါတီသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ကာလများက ဒီချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ ဝင် NLD နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသော်လည်း ရွေး ကောက်ပွဲအပြီးနောက်ပိုင်း ဆက် ဆံရေးတင်းမာခဲ့သည်။
ရခိုင်ပြည်နယ်လွှတ်တော် တွင် ANP ပါတီဝင် ကိုယ်စား လှယ်အများစု အနိုင်ရသည့် အ ခြေအနေကြောင့် ပြည်နယ်အစိုး ရကို ဦးဆောင်ဖွဲ့စည်းခွင့်ပေးရန် တောင်းဆိုရာမှ ဆက်ဆံရေးတင်း မာမှုများ ပေါ်ပေါက်ခဲ့သည်။ ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင် ဖွဲ့စည်းခွင့်မရပါက အတိုက်အခံ ပါတီအဖြစ် ရပ်တည်မည်ဟု ရခိုင်အမျိုးသားပါတီက သဘောထား ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဒီချုပ်ပါတီဝင် ဦးညီပုကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့် အပ်မည်ဖြစ်ကြောင်း ကြေညာ ချိန်တွင် ANP အမတ်များက လွှတ်တော်တွင်း၌ စတစ်ကာအမည်း များကပ်၍ ကန့်ကွက်ခြင်းနှင့် လွှတ်တော်ခန်းမအတွင်းမှ ထွက်ခွာခြင်းတို့ဖြင့် သပိတ်မှောက်ခဲ့ သည်။
ထို့အပြင် အစိုးရ၏ ရခိုင်အ ရေးဖြေရှင်းဆောင်ရွက်မှုများတွင် လည်း ရခိုင်အမျိုးသားပါတီကိုယ် စားလှယ်များက လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ၌ အပြင်းအထန် ကန့်ကွက်ရှိခဲ့သည်။ ထို့ကြောင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးမင်းအောင်အပေါ် စွပ်စွဲပြစ်တင်ခြင်းသည် ယင်းအခြေအနေများ နှင့် ချိတ်ဆက်မှု ရှိ၊ မရှိ မေးခွန်း ထုတ်မှုများလည်း ရှိသည်။
‘‘ထူးခြားတာက အထူး သဖြင့် ANP က အမြဲတမ်းပဲ အာ ဏာရပါတီကို ဝေဖန်ပြောဆိုနေ တဲ့ ပါတီဖြစ်တယ်။ အဲဒီကိစ္စက တော့ နည်းနည်းသတိထားဖို့ ကောင်းတယ်’’ဟု ဦးအောင်မိုး ဇော်က ပြောကြားသည်။
လက်ရှိ အစိုးရလက်ထက်၌ လွှတ်တော်အသီးသီး၏ အပြန်အ လှန်ထိန်းကျောင်းနိုင်စွမ်းအား နည်းနေရာ ရခိုင်ပြည်နယ်လွှတ် တော်အနေဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့အပေါ် ထိန်းကျောင်းနိုင် ရေး ရည်ရွယ်ပါက စွပ်စွဲပြစ်တင် ခြင်းသည် လက်မခံနိုင်ဖွယ်ရာ ကိစ္စမဟုတ်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
စွပ်စွဲပြစ်တင်မှုပြုလုပ်ခြင်း သည် ပါတီနှစ်ရပ်အကြား ဆက် ဆံရေးအခြေအနေနှင့် သက်ဆိုင် ခြင်းမရှိဟု လက်မှတ်ရေးထိုးတင် ပြရာတွင် ပါဝင်သော ရခိုင်အမျိုး သားပါတီဝင် ကိုယ်စားလှယ်တစ် ဦးက ပြောသည်။
‘‘သူ့ကို စာတင်တာက ရခိုင် အမျိုးသားပါတီတစ်ခုတည်းက မဟုတ်ပါဘူး။ တခြား NLD တို့ ကြံ့ခိုင်ရေးတို့ကလည်း ပါပါ တယ်’’ဟု ၎င်းက ပြောသည်။
သို့သော် စွပ်စွဲပြစ်တင်ခံ ထားရသူ ဝန်ကြီး ဦးမင်းအောင်က စွပ်စွဲချက်များကို ပယ်ချကာ ၎င်း အနေဖြင့် တာဝန်ပျက်ကွက်ခဲ့ခြင်း မရှိဟု တုံ့ပြန်သည်။ ‘‘လွှတ်တော် ကိုယ်စားလှယ်တွေက ပြစ်ချက် ရှာပြီးတော့ စွပ်စွဲမှာပေါ့။ ကျွန် တော်လုပ်ထားတဲ့၊ ဆောင်ရွက် ထားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး တော့ ပြန်ပြီးဖြေရှင်းပေးရမှာပေါ့’’ ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာ ၁၁ ရက်က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ရာ တွင် ဦးမင်းအောင်က ၎င်းအပေါ် စွပ်စွဲထားချက်များ မှန်ကန်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ကြောင်း စုံ စမ်းစစ်ဆေးရေးအဖွဲ့ဝင် ဦးအေး သိန်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင် အ တွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း က ဝန်ကြီး ဦးမင်းအောင်အပေါ် ထောက်ခံစကားဆိုသည်။ ဦးမင်း အောင်အပေါ် စွပ်စွဲပြစ်တင်ချက် များသည် ဥပဒေနှင့် ညီညွတ်မှု ရှိဘဲ မှားယွင်းသည့် စွပ်စွဲချက်များ သာဖြစ်ကြောင်း ပြောသည်။
‘‘ရခိုင်မှာ တင်ထားတဲ့ဟာ ကိုလည်း ကျွန်တော်သိပြီးပြီ။ ဥပဒေနဲ့လည်း ကျွန်တော် ပြန် Check လုပ်ပြီးပြီ။ မှားနေတယ် လို့ ပြောချင်တယ်’’ဟု ဦးဉာဏ် ဝင်းက ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၆၃ (က)အရ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် (သို့မဟုတ်) ဝန်ကြီးတစ်ဦးဦးကို စွပ်စွဲပြစ်တင် ရန် အချက်ငါးချက်ပြဋ္ဌာန်းထားပြီး ယခုစွပ်စွဲပြစ်တင်မှုသည် အဆိုပါ ပြဋ္ဌာန်းချက်ငါးရပ်နှင့် ညီညွတ် ခြင်းမရှိဟု ၎င်းက ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ် ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်း ထားသည့် အရည်အချင်းပျက် ယွင်းခြင်း၊ ဥပဒေအရ ပေးအပ် သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းတို့ရှိမှသာ ဝန် ကြီးချုပ် (သို့မဟုတ်) ဝန်ကြီးတစ် ဦးကို စွပ်စွဲပြစ်တင်နိုင်မည်ဖြစ် သည်။
‘‘စွပ်စွဲပြစ်တင်ရမယ့် ဥပဒေ မှာပါတဲ့ အချက်ငါးချက်လုံးတစ် လုံးမှမညီဘဲ စွပ်စွဲပြစ်တင်ရင် တော့ ဒါဥပဒေနဲ့ ဆန့်ကျင်တာပဲ။ အဲဒီငါးချက်ထဲမှာ တစ်ချက်မှ အ ကျုံးမဝင်ဘူးလို့ ပြောချင်တယ်’’ ဟု ဦးဉာဏ်ဝင်းက ပြောသည်။
သို့ဖြစ်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်နှင့် ပတ် သက်ပြီး ပြည်နယ်လွှတ်တော်၏ စုံစမ်းစစ်ဆေးမှုရလဒ်နှင့် လွှတ် တော်၏ အဆုံးအဖြတ်ကို ဆက် လက်စောင့်ကြည့်ရမည်ဖြစ်သည်။
========================
251 / End
၁၃ ဒီဇင်ဘာ ၂၀၁၇ - ၁၄:၄၅
News ID: 872345
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရတာဝန်ယူပြီးနောက်ပိုင်းတွင် အတိုက်အခံအဖြစ် ရပ်တည်နေသည့် ပါတီများတွင် ပြည်ခိုင်ဖြိုးပြီးလျှင် အထင်ရှားဆုံးသည် ရခိုင်အမျိုးသားပါတီ ဖြစ်သည်။ ပြည်ထောင်စုအဆင့် လွှတ်တော်များတွင်သာမက ရခိုင်အမျိုးသားပါတီက အသာရထားသည့် ရခိုင်ပြည်နယ် လွှတ်တော်၌ပါလက်ရှိ အစိုးရနှင့် အချေအတင်အငြင်းပွားရသော ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။