အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မွန်ပြည်သစ်ပါတီနှင့် လားဟူအဖွဲ့ကတစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရန် ကြေ ညာခဲ့သဖြင့် အဖွဲ့ဝင်လေးဖွဲ့သာ ကျန်ရှိတော့သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒ ရယ်ကောင်စီ (UNFC)အနာဂတ် နေဝင်ချိန်ရောက်ပြီဟု သုံးသပ်မှုများထွက်ပေါ်လာသည်။
UNFC လက်ရှိ ဥက္ကဋ္ဌ မွန် ပြည်သစ်ပါတီ(NMSP)နှင့် လား ဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ NCA ရေးထိုးပါက အဖွဲ့အစည်း၏မူအရ တပ်ပေါင်းစုမှ နုတ်ထွက်ရဖွယ်ရှိသည်။
ထို့ကြောင့် UNFC တွင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)နှင့် ရခိုင်အမျိုးသား ကောင်စီ (ANC) နှစ်ဖွဲ့သာ ကျန် ရှိမည့် အနေအထားဖြစ်သည်။ KNPP ကလည်း အဖွဲ့အစည်းအ တွင်း NCA ရေးထိုးရေးဆွေးနွေးမှု များပြုလုပ်နေပြီး ANC သည် အဖွဲ့ငယ်တစ်ဖွဲ့သာဖြစ်သည်။
တပ်ပေါင်းစုလက်ရှိအနေ အထားနှင့်ပတ်သက်၍ UNFC တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ပအိုဝ်းလက်နက်ကိုင်အဖွဲ့ PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ယခုကဲ့သို့ မှတ်ချက်ပြုသည်။
‘‘လောလောဆယ်တော့ UNFC က အခြေအနေမကောင်း တာတော့ အမှန်ပေါ့’’
ထို့ကြောင့် ‘UNFC ပြိုကွဲ တော့မည်လား’ ဟူသည့်မေးခွန်း များနောက်တွင် ငြိမ်းချမ်းရေး အလှမ်းမဝေးစေသော နည်းလမ်း ရှာသင့်ကြောင်း အကဲခတ်များက မှတ်ချက်ပြုသည်။
UNFC သည် အင်အားကြီး အဖွဲ့များအပါအဝင် လက်နက် ကိုင် ၁၂ ဖွဲ့ စုဖွဲ့မှုဖြင့် ယခင်ငြိမ်း
ချမ်းရေးဆွေးနွေးပွဲစားပွဲဝိုင်းများ တွင် နေရာယူဝင့်ကြွားနိုင်ခဲ့သည့် တိုင်းရင်းသားတပ်ပေါင်းစုတစ်ခု ဖြစ်သည်။
ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်ဆိုသည့် ရည် ရွယ်ချက်ဖြင့် UNFC ကို ၂၀၁၁ ဖေဖော်ဝါရီတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက စတင် စုဖွဲ့ခဲ့သည်။ အဖွဲ့ ဥက္ကဋ္ဌသည် ကေအိုင်အိုမှ ဗိုလ်ချုပ်ကြီးအင်ဘန်လဖြစ်သည်။
UNFC တွင် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များဖြစ်သည့် ကချင်လက်နက် ကိုင်အဖွဲ့(KIO)၊ ကရင်အမျိုး သားအစည်းအရုံး(KNU)၊ ရှမ်း ပြည်တိုးတက်ရေးပါတီ(SSPP/ SSA)တို့အပါအဝင် NMSP, KNPP၊ ချင်းအမျိုးသားတပ်ဦး၊ PNLO၊ တအာင်းဖွဲ့(TNLA)၊ ကိုး ကန့်အဖွဲ့ (MNDAA)၊ LDU၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ်(WNO)နှင့် ANC တို့ပါဝင်သည်။
UNFC စတင်ဖွဲ့စည်းစဉ်က ထိုင်းနိုင်ငံက အခြေစိုက်ရာ ရုံးခန်း ဖွင့်ခွင့်၊ နေထိုင်ခွင့်ပြုခဲ့သည်။ ဂျပန်နိုင်ငံကလည်း လိုအပ်သည့် ပစ္စည်းအထောက်အကူများ ပေးခဲ့ ကာ ဂျပန်ဝန်ကြီးချုပ်ကိုယ်တိုင် ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်၍ ဦးစားပေး ဆက်ဆံခဲ့သလို နိုင်ငံအတော်များ များ၏ ဖိတ်ကြားနေရာပေးမှုရခဲ့ သည်။
ယင်းသို့ ကာလအတန်ကြာ နိုင်ငံရေး မျက်နှာစာ စန်းပွင့်ခဲ့သည် ဟု ဆိုနိုင်သည့် UNFC သည် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် အခရာကျသည့် NCA ၌ ပါဝင်နိုင်ခြင်းရှိ၊ မရှိ သဘော ထားလွန်ဆွဲမှုများနောက် အက်ကွဲ ကြောင်း စတင်ခဲ့သည်။
အဖွဲ့တွင်းအင်အားကြီး လက်နက်ကိုင်အဖွဲ့နှစ်ခုဖြစ်သည့် KIO နှင့် KNU တို့သည် လက်တွဲညီညီဖြင့် တပ်ပေါင်းစုကို သုံးနှစ်ခန့်ဦးဆောင်ပြီးနောက် ပူးပေါင်းဆောင်ရွက်မှု နည်းသွားသည်။
ထို့နောက် ကရင်အမျိုးသား အစည်းအရုံး(KNU)က အဖွဲ့တွင်း သဘောထားကွဲလွဲမှုများမှ နေ၍ UNFC တွင် ပါဝင်မှုယာယီရပ် ဆိုင်းရာမှတစ်ဆင့် ၂၀၁၄ နှစ် ကုန်ပိုင်းတွင် အပြီးအပိုင်နုတ် ထွက်ခဲ့သည်။ ထို့နောက် KNU နှင့်အတူ NCA စာချုပ်တွင်ပါဝင် လက်မှတ်ရေးထိုးခဲ့သည့် ပအိုဝ်းလက်နက်ကိုင်အဖွဲ့ (PNLO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ကို UNFC က ၂၀၁၅ အောက်တိုဘာတွင် အဖွဲ့ဝင်အဖြစ်မှ ယာယီ ရပ်ဆိုင်းခဲ့သည်။
ထို့အပြင် တအာင်းလက် နက်ကိုင်အဖွဲ့(TNLA)နှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA)တို့ကလည်း UNFC မှ ထပ်မံနုတ်ထွက်သည်။ ၎င်းတို့လှုပ်ရှားရာဒေသများတွင် တပ်မတော်စစ် ကြောင်းများက စစ်ရေးအရ ဖိအားပေးထိုးစစ်ဆင်နေမှုအပေါ် လျစ် လျူရှုသည်ဟု ဆိုသည့်အကြောင်းပြချက်ဖြင့် ဖြစ်သည်။
ထို့နောက် UNFC ကို ဦး ဆောင်ခဲ့သည့် ကချင်လက်နက် ကိုင်အဖွဲ့(KIO)၊ ရှမ်းလက်နက် ကိုင်အဖွဲ့(SSPP/SSA)နှင့် ‘ဝ’ အမျိုးသားအဖွဲ့ချုပ်(WNO)တို့က လည်း ၂၀၁၇ တွင် ဆက်တိုက် ဆိုသလို တပ်ပေါင်းစုကို စွန့်ခွာခဲ့သည်။
အဖွဲ့ဝင်လေးဖွဲ့သာ ကျန်ရှိ တော့သည့် UNFC သည် NCA ရေးထိုးရန် အဆိုပြုချက်ရှစ်ချက် ကို အစိုးရနှင့်ညှိနှိုင်းနေသည်မှာ တစ်နှစ်ခွဲခန့် ရှိပြီဖြစ်သည်။ တောင်းဆိုထားသည့်ရှစ်ချက်အနက် တစ်ချက်သာ သဘောတူညီရန် ကျန်ရှိကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သုံးနှုန်းရန်လိုလားသည့် ‘ဖက်ဒရယ်ဒီမိုကရေစီ’ နှင့် အစိုးရက လိုလားသည့် ‘ဒီမိုကရေစီဖက်ဒရယ်’ ဆိုသည့် အသုံးအနှုန်းအပေါ်သာ ညှိနှိုင်းနေရခြင်းဖြစ်သည်။
အဆိုပါအချက်ကို နောက် ဆုံးညှိနှိုင်းရန် UNFC ထိပ်သီး ခေါင်းဆောင်များက နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံ ရန်လည်း ကမ်းလှမ်းထားသည်။ ထိုသို့ ဆောင်ရွက်နေစဉ် မွန်နှင့် လားဟူအဖွဲ့တို့က အစိုးရ၊ တပ်မတော်ခေါင်းဆောင်များနှင့် သွား ရောက်တွေ့ဆုံခဲ့ရာ ကျန်နှစ်ဖွဲ့၏ သဘောထားအပေါ် မေးခွန်းထုတ် မှုများဖြစ်စေခဲ့ပြီး အဖွဲ့ဝင်အချင်း ချင်းကြားတွင်လည်း ပွတ်တိုက်မှုများရှိခဲ့ကြောင်း ထင်ရှားစေသည်။
မွန်နှင့် လားဟူအဖွဲ့ခေါင်း ဆောင်များက ဒေါ်အောင်ဆန်း စုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့နှင့် နေပြည်တော် တွင် သီးခြားစီ တွေ့ဆုံ၍ လက် မှတ်ရေးထိုးရန် ဆုံးဖြတ်ပြီး နှစ်ရက်အကြာတွင် UNFC က သဘောထား ကြေညာချက် တစ် စောင် ထုတ်ပြန်ခဲ့သည်။
ကြေညာချက်တွင် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(DPN) နှင့် ငြိမ်းချမ်းရေးကော်မရှင်(PC) တို့အကြား ဆွေးနွေးနေသည့်အ ချက်ရှစ်ချက်ကို နိဂုံးချုပ်အဆင့် အကျေအလည်ဆွေးနွေးရဦးမည် ဟု ထည့်သွင်းဖော်ပြသည်။
UNFC ၏ထုတ်ပြန်ချက် သည် ဗဟိုကော်မတီဝင်အစည်း အဝေးတွင် ဆုံးဖြတ်ထားခြင်းမရှိ သည့်အပြင် ၎င်း၏သဘောတူညီ ချက်မရဘဲ ပြောရေးဆိုခွင့်ရှိသူ နေရာတွင် နာမည်ထည့်သွင်းထား သဖြင့် ချက်ချင်းပယ်ဖျက်ပေးရန် UNFC ၏ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ်သူ ANC မှဦးထွန်းဇော်ထံသို့ စာပို့အကြောင်း ကြားခဲ့သည်။
ဦးထွန်းဇော်ကမူ NMSP နှင့် LDU ခေါင်းဆောင်များ၏နေပြည် တော်ခရီးစဉ်သည် UNFC အ တွင်း အသိပေးဆွေးနွေးခြင်းမရှိ ဘဲ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။
DPN က ဆောင်ရွက်နေသည့်အတိုင်း ကျန်နှစ်ဖွဲ့က လုပ် ဆောင်ပါက NCA ကို လေးဖွဲ့စ လုံး တစ်ပြိုင်နက်တက်လှမ်းနိုင် တော့မည်ဖြစ်ကြောင်း ဦးထွန်း ဇော်က ဆိုသည်။ လက်ရှိ UNFC တွင် ကောင်စီဝင် ၂၀ ဦးရှိရာ အဖွဲ့ဝင် အဖွဲ့အစည်းလေးဖွဲ့မှ ကိုယ်စားလှယ်ငါးဦးစီ ပါဝင်နေ သည်။
UNFC ဗဟိုအလုပ်အမှု ဆောင်ရှစ်ဦးရှိရာ ဥက္ကဋ္ဌသည် NMSP ဒုဥက္ကဋ္ဌ နိုင်ဟံသာဖြစ် သည်။ ‘‘နိုင်ငံရေးလမ်းကြောင်းက ဒီ NCA အပေါက်တစ်ခုပဲ ရှိတယ် ဆိုတော့ ကျွန်တော်တို့ကြိုးစားခဲ့ တဲ့ ရှစ်ချက်ရဲ့ရလဒ်အပေါ် အကျုံးဝင် ပတ်သက်တဲ့ NCA လမ်း ကြောင်းပဲ ဆက်သွားမယ်။ ဒါမှ နိုင်ငံရေးအဖြေရှာတာ လမ်းကြောင်း ပေါက်မယ်။ အဲဒီလမ်းကြောင်းကို အမြန်ဆုံးရောက်မယ်လို့ ယုံကြည်တဲ့အတွက် NCA ကို ထိုးရခြင်းဖြစ်တယ်’’ဟု NMSP ၏အပစ် ရပ်လမ်းကြောင်းရွေးချယ်ရခြင်း အကြောင်းကို ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ရှင်းပြသည်။
ကျန်သည့် UNFC အဖွဲ့ဝင် များကို လက်မှတ်ထိုးမှုတွင် ပါဝင် စေရန် ရှင်းလင်းမည်ဖြစ်ကြောင်း လည်း NMSP ကိုယ်စားလှယ်က အခိုင်အမာပြောသည်။ NCA လမ်းကြောင်းက တိုင်းရင်းသား များလိုလားသည့် လိုလားချက်ကို သွားနိုင်သည့် အဆင့်တစ်ခုအဖြစ် ယူဆကြောင်း ဆက်လက် ပြော သည်။
ဦးထွန်းဇော်ကမူ လက်ရှိအ ခြေအနေနှင့်ပတ်သက်၍ ‘‘DPN ဒုတိယ အဖွဲ့ခေါင်းဆောင် က လည်း မွန်ပြည်သစ်ပါတီရဲ့ကိုယ် စားလှယ်ခေါင်းဆောင်တစ်ဦးဖြစ် တယ်။ ဒီလိုလူတွေနဲ့ ကျွန်တော်တို့အဆင့်ဆင့် ညှိနှိုင်းထားတာဖြစ် တယ်။ အခု နောက်ဆုံးနိဂုံးချုပ် တော့ DPN မှာ တောက်လျှောက် ညှိလာတဲ့ ကျွန်တော်တို့ရဲ့စေ့စပ် ညှိနှိုင်းရေးခေါင်းဆောင်ပါဝင်မှု မရှိဘဲ ဘယ်လိုနိဂုံးချုပ်ကြမလဲ။ ဒါက မဖြစ်သင့်ဘူးလို့ ကျွန်တော် မြင်တယ်’’ဟု ဆိုသည်။
ထိုသို့အဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်နှင့် ကြေညာချက်တို့ အကြား သဘောထားကွဲလွဲမှုများ ကြောင့် UNFC တပ်ပေါင်းစုအ ကြား အကွဲအပြဲများက ပိုမိုထင် ရှားစေခဲ့သည်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ စုဖွဲ့ခဲ့သည့် တပ်ပေါင်းစုများအကြား အဖွဲ့ အတွင်း သဘောထားကွဲလွဲမှုများ ကြောင့် ပြိုကွဲခဲ့ရမှုများ ယခင်က လည်း ရှိခဲ့သည်။ ယခင်တပ်မ တော်အစိုးရလက်ထက်တွင် ဖွဲ့ စည်းခဲ့သော အမျိုးသားဒီမိုကရေ စီတပ်ပေါင်းစု (NDF)နှင့် မြန်မာ ပြည်ဒီမိုကရက်တစ်မဟာမိတ်အ ဖွဲ့ချုပ်(DAB)တို့သည်လည်း အ သွင်ပြောင်းရုပ်သိမ်းခဲ့ရပြီး နေဝင် ခဲ့မှုများရှိသည်။
ထို့အပြင် UNFC ကို ဦး ဆောင်ခဲ့သော ကချင်လက်နက် ကိုင်အဖွဲ့ (KIO)နှင့် SSPP တို့ သည် UNFC မှ နုတ်ထွက်ပြီး နောက် UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ရေးကော်မတီ(FPNCC)တွင် ပူး ပေါင်းခဲ့ကြသည်။
တစ်ဖက်တွင်လည်း ယင်းသို့ အဆင့်ဆင့်ကွဲကွာပြီး အင်အား နည်းလာသည့် UNFC ၏လက်ရှိ အခြေအနေသည် စောင့်ကြည့် ဖွယ်ရာဖြစ်နေသည်။
‘‘အဖွဲ့အစည်းတစ်ခု၊ လူမျိုး တစ်မျိုးရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားရတာကိုး။ အကောင်းဆုံးအ ခြေအနေကို ဖန်တီးကြတာပဲ။ ဘယ်သူ့မှတော့ အပြစ်တင်လို့ မရပါဘူး’’ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က မှတ်ချက်ပြုသည်။
မွန်နှင့် လားဟူတို့ NCA မထိုးခင်အထိ UNFC ၏အနေအထား ဆက်လက်ရှိနေဦးမည် ဖြစ်ကြောင်းလည်း KNPP အတွင်းရေးမှူး(၂) ခူးဒယ်နီရယ်က ပြောသည်။
UNFC ကောင်စီအစည်းအ ဝေးကို ဖေဖော်ဝါရီ ဒုတိယပတ် တွင် ပြုလုပ်ရန် ရှိသည်။ ထိုကောင်စီအစည်းအဝေးက UNFC အနာဂတ်ကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။
‘‘နိဂုံးက ကောင်းမွန်စွာချုပ် ကြမှာပါပဲ။ ဘယ်လိုပုံစံလုပ်မလဲ ဆိုတာ လက်ရှိ ခေါင်းဆောင်တွေ ပဲ ဆုံးဖြတ်ပါစေဗျာ။ အခုလက်ရှိ ခေါင်းဆောင်တွေလည်း အတွေ့ အကြုံရှိပါတယ်’’ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
========================
251 / End
၃၁ ဇန်နဝါရီ ၂၀၁၈ - ၁၉:၂၁
News ID: 880210
မွန်ပြည်သစ်ပါတီနှင့် လားဟူအဖွဲ့ကတစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရန် ကြေ ညာခဲ့သဖြင့် အဖွဲ့ဝင်လေးဖွဲ့သာ ကျန်ရှိတော့သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒ ရယ်ကောင်စီ (UNFC)အနာဂတ် နေဝင်ချိန်ရောက်ပြီဟု သုံးသပ်မှုများထွက်ပေါ်လာသည်။