အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ။ ။ DPCW(ငြိမ်းချမ်းရေးကြေငြာခြင်းနှင့်စစ်ရပ်စဲခြင်းကြေငြာစာတမ်း)တွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အသုံးဝင်သည့်အချက်များပါရှိနေသဖြင့် မြန်မာနိုင်ငံရှေ့နေအဖွဲ့များနှင့် နိုင်ငံတကာအရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကိုရီးယားနိုင်ငံမှ Heavenly Culture, World Peace, Restoration of Light (HWPL) တို့ ပါဝင်သည့် ညီလာခံတစ်ခုကို ဖေဖော်ဝါရီ ၂ရက် မနက်ပိုင်းတွင် Lotte ဟိုတယ်၌ ပြုလုပ်ခဲ့သည်။
DPCWပြဌာန်းချက်တွင် အပိုဒ် ၁၀ခုနှင့် အပိုဒ်ငယ် ၃၈ခုတို့ပါဝင်နေပြီး ကမ္ဘာကြီး၌ဖြစ်လာနိုင်သည်များကို စနစ်တကျကိုင်တွယ်ရန်ဖွဲ့စည်းထားသည့် ကိရိယာတစ်ခုဖြစ်သည်ဟု HWPL၏ မန်နေဂျာ Danny L Yeem ကပြောသည်။
လက်ရှိနိုင်ငံတကာဥပဒေများက အခွင့်အာဏာမရှိ၊ စနစ်တကျမဟုတ်ဘဲ စစ်မီးအားလုံးငြိမ်းနိုင်ရေးအတွက် DCPWကို နိုင်ငံရေးသမားများနှင့် ဝါရင့်ကျွမ်းကျင်သူများက အရေးထားကြသည်ဟု ၄င်းကပြောသည်။
"HWPL ရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေက အဓိကအားဖြင့်နှစ်ခုရှိပါတယ် ။ တစ်ခုကတော့ DPCW Declaration of Peace and Cessation of War ။နောက်တစ်ခုကတော့ HWPL WARP Offices(World Alliance of Religious's Peace)။ အဲဒါကတော့ မတူညီတဲ့ဘာသာတရားတွေနဲ့ စကားဝိုင်းပြုလုပ်ပေးတာပါ ။ ဒါကHWPL ရဲ့လုပ်ဆောင်ရာမှာအဓိကသော့ချက်ပါပဲ။ လူ့ဂုဏ်သိက္ခာ၊ နိုင်ငံရေးဆိုင်ရာတွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ အတူတကွလုပ်ဆောင်တာပါ"ဟု မန်နေဂျာ Danny L Yeem ကပြောသည်။
DPCW ကြေငြာချက်တွင် မြန်မာနိုင်ငံနှင့်မကိုက်ညီသည့်အပိုင်းများပါဝင်သလို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည့်အပိုင်းများလည်းပါဝင်နေသည့်အတွက် ၄င်းအနေဖြင့် DPCWကို မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် ဖတ်ကြားပေးရခြင်းဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဥက္ကဌ ဦးရှိန် ဆိုသည်။
DPCWတွင် အပိုဒ်(၁) စစ်ရေးခြိမ်းခြောက်မှုနှင့် အင်အားသုံးမှုများကို တားမြစ်သည်၊ အပိုဒ်(၂) စစ်ဖြစ်နိုင်ခြေကိုလျော့ချပြီး လက်နက်တွေရဲ့ရည်ရွယ်ချက်ကို လူသားမျိုးနွယ်အတွက်အသုံးချရမည်၊ အပိုဒ်(၃) ချစ်ကြည်ရင်နှီးမှုကိုတိုးတက်အောင်ဆောင်ရွက်ပြီး ရန်လိုသည့်အပြုအမူများကိုတားမြစ်သည်၊ အပိုဒ်(၄) နိုင်ငံတကာအသိမှတ်ပြုထားသည့် နယ်စပ်ဒေသကို ဆန့်ကျင်အကျပ်ကိုင်မှုကိုတားမြစ်သည်၊ အပိုဒ်(၅) နိုင်ငံ(သို့မဟုတ်)ပြည်သူများ၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို သေချာအောင်ပြုလုပ်ပေးရမည်ဟုပါရှိသည်။
========================
251 / End
၃ ဖေဖော်ဝါရီ ၂၀၁၈ - ၁၈:၁၂
News ID: 880584