အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမ်းမြို့နယ်ထဲမှာ ဖြတ်သန်းသွားတဲ့ ရေနံပိုက်လိုင်းကြောင့် မြေယာဆုံးရှုံးခဲ့ရတဲ့ တောင်သူ ၁၀၀၀ ကျော်ဟာ မြေသိမ်းဆည်းခဲ့တဲ့ ကုမ္ပဏီတွေကို ဆန္ဒပြတဲ့အနေနဲ့ မြေသိမ်းဆည်းတုန်းက ပါသွားခဲ့တဲ့ သုဿန်မြေ သုံးခုမှာ ဧပြီလ ၂၅ ရက် နေ့လယ်ပိုင်းက ကျိန်စာဆိုခဲ့ကြပါတယ်။
ရေနံကုမ္ပဏီတွေက တောင်သူတွေနဲ့ ညှိနှိုင်းပြီး လျော်ကြေးကိစ္စတွေ ပြေလည်အောင် ဆောင်ရွက်ဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ၂ဝ၁၇ မေလ ၁၆ ရက်နေ့မှာ ညွှန်ကြားခဲ့ပေမယ့် တစ်နှစ်ပြည့်အချိန်ထိ ပူးပေါင်းဆောင်ရွက်တာ မရှိတဲ့အတွက် အခုလို ဆန္ဒပြ ကန့်ကွက်နေကြ တာပါ။
ဦးဆောင်သူ ကိုမျိုးလွင်က “ကုမ္ပဏီတွေက ၁၀က်အတွင်း တုံ့ပြန်မှု မလုပ်ရင် ကန့်ကွက်မှုတွေ တဆင့်ပြီး တဆင့်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အဲ့ဒီ ဆုံးဖြတ်ချက်အတိုင်း ဒီလ ၇ ရက်နေ့က တောင်စောင်ထိန်းချုပ်စခန်းမှာ ဆန္ဒပြခဲ့တယ်။ အခု သူတို့သိမ်းသွားတဲ့ သင်္ချိုင်းတွေမှာ တပြိုင်တည်း ကျိန်စာဆိုဆန္ဒပြပါတယ်”လို့ ပြောပါတယ်။
ဒီနေ့ ကျိန်စာဆို ဆန္ဒပြပွဲတွေကို အမ်းမြို့နယ်ထဲက ဆင်ခုံတိုင်၊ ခမောင်းချောင်းနဲ့ သံပုရာ၊ မျောက်ကိုက်ကျေးရွာ စတဲ့ ကျေးရွာတွေက သုဿန်မြေနေရာတွေမှာ တပြိုင်တည်း လုပ်ခဲ့တာပါ။
ဆန္ဒပြသူတွေက မြေသိမ်းဆည်းခဲ့တဲ့ MOGEနဲ့ CNPC ကုမ္ပဏီတွေဟာ ၂ဝ၁၈ ဧပြီလ ၂၅ ရက်နေ့မှာ ကျိန်စာသင့်ပြီး သေဆုံးခဲ့ပြီဖြစ်လို့ ဒေသခံတွေကို အနိုင်ကျင့်လို့ မရတော့ဘူး၊ ကုမ္ပဏီတွေ ဖျက်ဆီးလို့ ပျက်စီးခဲ့တဲ့ သုဿန်မှာ သင်္ဂြုလ်ပြီးပြီ၊ ကုမ္ပဏီတွေ ဆင်းရဲဒုက္ခ ခံစားရပါစေလို့ ကျိန်စာစာတမ်းကို ရွတ်ဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။
ကုမ္ပဏီကတော့ MOGE ကတဆင့် ပိုက်လိုင်းဆိုင်ရာ သတင်းအချက်အလက်တွေကို ဧပြီ ၁၂ ရက်မှာ နေပြည်တော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပုံမှန်အစည်းအဝေးမှာ တင်ပြမှာ ဖြစ်သလို MOGE နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး လယ်ယာမြေလျော်ကြေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဒေသခံတွေကို အမြန်ဆုံး ရှင်းပြပြောဆိုသွားမယ်လို့ ပြောထားပေမယ့် ဧပြီ ၂၅ ရက်နေ့ထိတော့ ရှင်းလင်းပြောဆိုတာ မရှိသေးပါဘူး။
========================
251 / End
၂၅ ဧပြီ ၂၀၁၈ - ၁၅:၀၉
News ID: 890874
အမ်းမြို့နယ်ထဲမှာ ဖြတ်သန်းသွားတဲ့ ရေနံပိုက်လိုင်းကြောင့် မြေယာဆုံးရှုံးခဲ့ရတဲ့ တောင်သူ ၁၀၀၀ ကျော်ဟာ မြေသိမ်းဆည်းခဲ့တဲ့ ကုမ္ပဏီတွေကို ဆန္ဒပြတဲ့အနေနဲ့ မြေသိမ်းဆည်းတုန်းက ပါသွားခဲ့တဲ့ သုဿန်မြေ သုံးခုမှာ ဧပြီလ ၂၅ ရက် နေ့လယ်ပိုင်းက ကျိန်စာဆိုခဲ့ကြပါတယ်။