အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မေ ၃၀ ။ ။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် တရားစီရင်ရေး၊ဥပဒေရေးရာဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရ၏ အာမခံချက်များ၊ကတိများ၊တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ကော်မတီ ဝင်များနှင့်အတူဘိုကလေး၊ဖျာပုံ၊မအူပင်၊ပန်းတနော်၊ကျောင်းကုန်း၊မြန်အောင်၊ကြံခင်းနှင့် သာပေါင်းမြို့နယ်များသို့ တရားရေး၊အင်းလုပ်ငန်း၊အင်းမြေပုံ ကိစ္စများနှင့်ပတ်သက်ပြီး မြေယာကိစ္စများ
ကွင်းဆင်းလေ့လာခဲ့ပြီးတွေ့ရှိချက် အကြံပြုချက်များကို တိုင်းဒေသကြီးလွှတ်တော်သို့ မေလ၃၀ရက်နေ့တွင် တင်သွင်းခဲ့သည်။
"ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဂရန်အင်းများ၏ နယ်နိမိတ်အတွင်း ငါးမွေးခွင့်လိုင်စင်များချပေးရာတွင် ဥပဒေနှင့်အညီ သေချာစွာကွင်းဆင်းစိစစ်မှုမရှိခြင်းနှင့် တရားမဝင်ဆောင်ရွက်မှုများအား တိတိကျကျ အရေးယူရန်လိုအပ်ကြောင်း စိစစ်တွေ့ရှိရပါသည်။ ဥပမာ စားကျက်မြေများ ဂရန်အင်းများ မြစ်ချောင်းများအတွင်း ငါးကန်အဖြစ် လုပ်ဆောင်ခြင်း၊ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဥပဒေပါ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဝန်ထမ်းနှင့် ယာဉ်များလိုအပ်လျက်ရှိသည် ” ဟု ကော်မတီဥက္ကဋ္ဌဦးဇေယျာမင်းသိန်းက ကွင်းဆင်းစိစစ်တွေ့ရှိချက်အား တိုင်းဒေသကြီးလွှတ်တော်သို့တင်ပြခဲ့သည်။
အင်းလုပ်ငန်း၊အင်းမြေပုံများနှင့်ပတ်သက်၍ ကော်မတီ က ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အင်းမြေပုံရေးဆွဲရာတွင် တိကျမှန်ကန်စေရေးနှင့်ဆက်စပ်ဌာနများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်စေရန် စီမံချက်ချဆောင်ရွက်သင့်ကြောင်း၊ငါးကန်ဆက်စပ်အင်းများ တူးဖော်နေခြင်းကို အချိန်မီတားဆီးရန်နှင့် ထိရောက်စွာအရေးယူရန်လိုအပ်နေပြီး ဆက်စပ်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊မြေစာရင်းဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပြတ်သားစွာဆောင်ရွက်သင့်ကြောင်း ၊တရားမဝင်ငါးကန် တူးဖော်ထားမှုများကို စီမံချက်ချစစ်ဆေးဖော်ထုတ်ပြီး ငါးလုပ်ငန်းဥပဒေနှင့်သာမက တိုင်းဒေသကြ်ီးမှ ထိရောက်သော လုပ်ငန်းဆောင်ရွက်ချက်များဖြင့် သီးခြားအရေးယူသင့်ကြောင်း၊လေလံစည်းကမ်းချိုးဖောက်ခြင်းနှင့် အင်းစည်းကမ်းနှင့်မညီသော တမံတုပ်ငါးဖမ်းခြင်း ၊ခြုံချငါးဖမ်းခြင်းတို့အား ထိရောက်စွာ အရေးယူနိုင်ရေးကွင်းဆင်းစိစစ်ဆောင်ရွက်သင့်ကြောင်း၊ငါးမွေးခွင့် လိုင်စင်များ ချထားပေးရာတွင် မြေပြင်အခြေအနေနှင့် ပိုင်ဆိုင်မှုအငြင်းပွားမှုများ သေချာစွာစိစစ်ပြီးမှသာ ချထားပေးသင့်ကြောင်း တိုင်းလွှတ်တော်သို့တင်ပြခဲ့သည်။
=======================
251 / End