အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန် ၊ ဇွန် ၂၄ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီ၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံမှ ဗဟိုကော်မတီဝင် နှင့် အရံဗဟိုကော်မတီဝင်များကို ညီလာခံပထမနေ့ဖြစ်သည့် ဇွန်လ ၂၃ ရက်နေ့တွင် ရွေးချယ်ခန့်အပ်လိုက်ပြီးဖြစ်သည်။
ဗဟိုကော်မတီဝင်အသစ်အဖြစ် ၄၂ ဦး နှင့် အရံဗဟိုကော်မတီဝင် ၃၀ ဦးကို ညီလာခံတက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များက မဲပေးရွေးချယ်ပြီး ခန့်အပ်ခဲ့ခြင်းလည်းဖြစ်သည်။
“နဂိုရှိပြီးသား ဗဟိုကော်မတီဝင်တွေကတော့ အတည်ပဲဖြစ်ပါတယ်။ အရံတွေကိုတော့ ပယ်ဖျက်လိုက်ပြီးတော့ အသစ် ပြန်ရွေးပါတယ်။ အဲ့ဒီမှာ တိုးချဲ့လိုက်တာက တိုင်းနဲ့ပြည်နယ်အားလုံးဆိုရင် ၄၂ ယောက် တိုးချဲ့ခန့်ထားပါတယ်။ အဲ့တော့ စုစုပေါင်း ဆိုရင် အခုတစ်နိုင်ငံလုံးအနေနဲ့ အယောက် ၁၆၀ လောက်ဖြစ်သွားပါပြီ” ဟု ဗဟိုကော်မတီဝင်ခန့်အပ်မှုနှင့် ပတ်သက်ပြီး NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မဇ္ဈိမသို့ ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အတည်ပြုပြောဆိုသည်။
ယနေ့ ဇွန်လ ၂၄ ရက်နေ့ ညီလာခံဒုတိယနေ့တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ပြီး လူအရေအတွက် မည်မျှတိုးချဲ့ဖွဲ့စည်းသွားမည်ကို မဆုံးဖြတ်ရသေးကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။
“ဘယ်နှစ်ဦးတိုးချဲ့မယ်ဆိုတာကိုတော့ ဆုံးဖြတ်ဖို့ အခုလက်ရှိအစည်းအဝေးထိုင်နေတယ်” ဟု ဒေါက်တာမျိုးညွန့်က ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့သည်။
တိုင်းဒေသကြီး နှင့် ပြည်နယ်များက တင်သွင်းသည့် ကိုယ်စားလှယ်လောင်း တစ်ဦးစီ နှင့် ဗဟိုလုပ်ငန်းအဖွဲ့က တင်သွင်းသည့် ကိုယ်စားလှယ်လောင်း တစ်ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁၅ ဦးထဲမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ကို ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခြင်းမခံရသည့် ကိုယ်စားလှယ်မှာ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဖြစ်လာမည် ဖြစ်သည်။
လက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၉ ဦး ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဥာဏ်ဝင်း ၊ ဦးဝင်းထိန် စသည့်ပုဂ္ဂိုလ်များအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အများစုပါဝင်နေသည်။
=======================
251 / End
၂၄ ဇွန် ၂၀၁၈ - ၁၅:၀၂
News ID: 898962
ရန်ကုန် ၊ ဇွန် ၂၄ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီ၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံမှ ဗဟိုကော်မတီဝင် နှင့် အရံဗဟိုကော်မတီဝင်များကို ညီလာခံပထမနေ့ဖြစ်သည့် ဇွန်လ ၂၃ ရက်နေ့တွင် ရွေးချယ်ခန့်အပ်လိုက်ပြီးဖြစ်သည်။