အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်၊ စက်တင်ဘာ ၄ ။ ။ နမ္မတူမြို့နယ် ပန်လုံကျေးရွာနှင့် ပန်ကိုင်တွင် မြောက်ပိုင်းတပ်ဖွဲ့များဖြစ်ကြသည့် ပလောင်လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA)၊ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့၏ပူးပေါင်းအဖွဲ့နှင့် အစိုးရ၏ NCA လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း TNLA ဘက်မှထုတ်ပြန်ချက်များအရသိရသည်။
TNLA / SSPP ပူးပေါင်းတပ်ဖွဲ့နှင့် RCSS တို့သည် သြဂုတ်လ ၁၅ ရက်နေ့က ပန်လုံကျေးရွာအနီးတွင်တစ်ကြိမ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် နမ့်ဆလင်းကျေးရွာအနီး၌ တစ်ကြိမ်၊ စက်တင်ဘာ ၁ ရက်နေ့၌ မန်ဆာကျေးရွာ အနီးတွင် ၁ကြိမ်နှင့် စက်တင်ဘာ ၄ ရက်နေ့၌ ပန်လုံကျေးရွာတွင် တစ်ကြိမ် အပါအ၀င် စုစုပေါင်း တိုက်ပွဲ (၄) ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲများနှင့်ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ပလောင် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ကိုမေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
တိုက်ပွဲများကြောင့် စက်တင်ဘာ ၁ရက်နေ့တွင် ပန်လုံရွာမှ အသက် ၅၄ နှစ်အရွယ် ရွာသားတစ်ဦးနှင့် အသက် ၂၅ အရွယ် ရွာသားတစ်ဦး သေနတ်ကျည် ထိမှန်ခဲ့သည်။ထို့အပြင် တိုက်ပွဲကြောင့် ထွက်ပြေးရသည့် စစ်ပြေးရှောင်များမှာလည်း ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာဆွေမျိုးများထံခိုလှုံနေကြရပြီး အနည်းဆုံး လူ ၂ ထောင်ခန့် စစ်ဘေးရန်ကို တိမ်းရှောင်နေရကြောင်း သိရသည်။တိုက်ပွဲများကြောင့် နမ့်ဆန်မှ လားရှိုး၊သီပေါသို့ သွားလာသည့် ယာဉ်လမ်းကြောင်းများကိုလည်း ခေတ္တ ပိတ်ထားရကြောင်း နမ့်ဆန် ဒေသခံများထံမှသိရသည်။
ပလောင်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၏ တပ်မဟာ ၁ နယ်မြေ၊ ကွတ်ခိုင်မြို့နယ် နမ့်ဆုံကျေးရွာ အနီးတွင်လည်း မြန်မာ့တပ်မတော်မှ တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၇ တို့ တိုက်ပွဲဖြစ်ပွား ခဲ့သေးကြောင်း TNLA ဘက်ကထုတ်ပြန်ထားသည်။
၂၀၁၈ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ လက်နက်ကိုင်ထိတွေ့မှု ၂၇ ကြိမ်၊ ဒေသန္တရလက်လုပ်မိုင်း အသုံးပြုသည့်တိုက်ခိုက်မှု ၂ကြိမ် ဖြစ်ပွားခဲ့ပြီး ဇွန်လထက် အကြိမ်ရေမြင့်တက်ခဲ့သည်ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အဖွဲ့ကထုတ်ပြန်ထားသည်။
=======================
251 / End
၄ စက်တင်ဘာ ၂၀၁၈ - ၁၁:၀၁
News ID: 908025