၁၅ အောက်တိုဘာ ၂၀၁၈ - ၁၅:၅၀
ထာဝရငြိမ်းချမ်းရေးကို ၂၀၂၀ မှာ ပြည်သူ့လက်ဝယ်အရောက်အပ်နှံမယ်လို့ တပ်ချုပ် ပြော

နေပြည်တော်၊ အောက်တိုဘာ ၁၅ ။ ။ တပ်မတော်အနေဖြင့် လာမည့် ၂၀၂၀ခုနှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက် စေရေးအတွက်သန္နိဋ္ဌာန် ချထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နေပြည်တော်၊ အောက်တိုဘာ ၁၅ ။ ။ တပ်မတော်အနေဖြင့် လာမည့် ၂၀၂၀ခုနှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက် စေရေးအတွက်သန္နိဋ္ဌာန် ချထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

“တပ်မတော်အနေနဲ့ ဒီသံဓိဋ္ဌာန်အတိုင်း ဖြစ်မြောက်အောင် ဆောင်ရွက်ပြီး တိုင်းရင်းသားပြည်သူလူထုက လိုလား တောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်ကို အရောက်အပ်နှံမှာ ဖြစ်ကြောင်း ထပ်လောင်း ပြောကြား လိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်တွင် ယနေ့ကျင်းပသည့် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်သည့် သုံးပွင့်ဆိုင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် အခက်အခဲကြုံတွေ့နေသည့် ခွဲမထွက်ရေး၊ ကိုင်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တစ်ခုတည်းသော တပ်မတော် ထားရှိရေးကဲ့သို့ အရေးကြီးသည့် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြမည်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ခွဲမထွက်ရဘူးဆိုတဲ့ သဘောတူညီချက်ကို ထည့်သင့်၊ မထည့်သင့် အငြင်းပွားနေစရာ မလိုပါဘူး။ NCA ရဲ့ အခြေခံမူ၊ ၂၀၀၈ အခြေခံဥပဒေရဲ့ အခြေခံမူတွေအရ ထည့်ဖို့ လိုအပ်တဲ့ သဘောတူညီချက် ဖြစ်ကြောင်း ကျွန်တော် ပြောလိုပါတယ်” ဟု ခွဲမထွက်ရဟူသည့် အချက်နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးက ထည့်သွင်း ပြောကြားသည်။

နိုင်ငံရေးကဏ္ဍတွင် ပါရှိသည့် “နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ” ဟူသည့် အချက်အား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ အစည်းအဝေးများတွင် အကြိတ်အနယ် ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီမှုမရဘဲ ချန်လှပ်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုကဲ့သို့ ခွဲမထွက်ရဟူသည့် အချက်ကို ထည့်သွင်းရခြင်းမှာ တိုင်းရင်းသားများအပေါ် ယုံကြည်မှုမရှိသောကြောင့် မဟုတ်ကြောင်းလည်း ဗိုလ်ချုပ်မှူးမှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုသည်။

“ခွဲမထွက်ရဆိုတဲ့ တားမြစ်ချက်ကို ထည့်သွင်းရခြင်းဟာ အချို့ အဖွဲ့အစည်းများ ပြောသလို တိုင်းရင်းသား ညီအကိုများ အပေါ် မယုံကြည်လို့ မဟုတ်ပါဘူး။ ရေရှည်အတွက် အာမခံချက် ရှိစေဖို့၊ ယုံကြည်ချင်လို့ တစ်ဦးနဲ့တစ်ဦး သံသယကင်းကင်းနဲ့ ထာဝရငြိမ်းချမ်းရေး လမ်းပေါ်မှာ အတူတကွ လက်တွဲချင်လို့သာ ဖြစ်ကြောင်း ကျွန်တော် ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကမူ ဖက်ဒရယ်အခြေခံမူများကို ခွဲထွက်ရေး၊ ခွဲမထွက်ရေးဆိုသည့် ကိစ္စမျိုးဖြင့် ဆက်စပ်ထားစရာ မလိုကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ တောင်းဆိုနေတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်နဲ့ သဟဇာတရှိရှိ ရေးဆွဲပြဋ္ဌာန်းရမှာဖြစ်ပြီး တဆက်တည်းမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းနိုင်တဲ့ ယန္တရားလည်း ပါရှိနေမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။

=======================
251 / End