အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တရုတ်နယ်စပ် ငြိမ်းချမ်းရေးအတွက် အားစိုက်ဆွေးနွေးရန် ကချင်လက်နက်ကိုင်အဖွဲ့ (KIO)ခေါင်းဆောင်များကိုတရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းက ပြောကြားကြောင်း KIO/KIA သတင်းနှင့် ပြန်ကြားရေး ဌာနက သတင်းထုတ်ပြန်သည်။
တရုတ်အထူး ကိုယ်စားလှယ်နှင့် KIO ခေါင်းဆောင်များသည် ဇန်န၀ါရီ ၁၁ ရက်က KIO ဌာနချုပ် လိုင်ဇာ၌ တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။
ဆွေးနွေးရာတွင် တစ်ကြိမ်၊ နှစ်ကြိမ် ဆွေးနွေးရုံဖြင့် အောင်မြင်မည် မဟုတ်ကြောင်း၊ ဆွေးနွေးရာတွင်လည်း အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း၊ ယင်းသို့ ကြုံလာပါက စိတ်ရှည်စွာ ဆွေးနွေးရန်လိုအပ်ကြောင်း တရုတ်အထူးကိုယ်စားလှယ်က အားပေးစကား ပြောကြားသည်ဟု သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။
KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကလည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး လက်ရှိကေအိုင်အို၏ လုပ်ဆောင်ချက်များကို တင်ပြဆွေးနွေးခဲ့ကြောင်း ဖော် ပြထားသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ပြောဆို ချက်များအရ တရုတ်အထူး ကိုယ်စားလှယ်သည် KIO သာမက‘၀’အဖွဲ့(UWSA)၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းအဖွဲ့(SSPP)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA) နှင့် ရခိုင်အဖွဲ့(AA) ဟူသော မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့စလုံးနှင့် တွေ့ဆုံပြီး အဆိုပါ အဖွဲ့များ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ရေး တိုက်တွန်းခဲ့သည်ဟုဆိုသည်။
မစ္စတာ ဆွန်ကော်ရှန်းသည် ဇန်န၀ါရီ ၉ ရက်နံနက်တွင် ရှမ်းအဖွဲ့(SSPP) နှင့် နယ်စပ်တစ်နေ ရာ၌ တွေ့ဆုံဆွေးနွေးရာက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ရေး SSPP ကို တိုက်တွန်းခဲ့ကြောင်း SSPP က သတင်းထုတ်ပြန်သည်။
အလားတူ တရုတ်အထူး ကိုယ်စားလှယ်သည် ဇန်န၀ါရီ ၉ ရက်တွင် မိုင်းလားအဖွဲ့ (NDAA) နယ်မြေသို့ ရောက်ရှိပြီး မိုင်းလားအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် NCA နှင့်ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင် ရေး တရုတ်အထူး ကိုယ်စားလှယ် က တိုက်တွန်းခဲ့ကြောင်း NDAA အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က ပြောသည်။
တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA) မှ ဗိုလ်မှူး မိုင်းအိုက်ကျော်ကလည်း ၎င်းတို့ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်အထူး ကိုယ်စားလှယ်နှင့် တွေ့ဆုံရန်နယ်စပ်သို့ သွားရောက်နေကြောင်းဇန်န၀ါရီ ၁၂ ရက်က ပြောသည်။
‘‘သွားတွေ့တဲ့အဖွဲ့က ပြန်မရောက်သေးဘူး။ ဘာတွေ ဆွေးနွေးတယ်ဆိုတာ မသိသေးဘူး။ဆွေးနွေးဖို့ ရှိတယ်ဆိုတာ သိရတယ်။ ဘယ်အဖွဲ့တွေ ပါတယ်၊ ဘာအကြောင်းအရာတွေ ဆွေးနွေးမလဲဆိုတာ မသိရသေးဘူး’’ ဟု ၎င်းကဆိုသည်။ TNLA သည်MNDAA၊ AA တို့နှင့် စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ဆောင်ရွက်ထား သည့် အဖွဲ့ဖြစ်သည်။
=======================
251 / End
၁၂ ဇန်နဝါရီ ၂၀၁၉ - ၁၄:၅၈
News ID: 924540
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တရုတ်နယ်စပ် ငြိမ်းချမ်းရေးအတွက် အားစိုက်ဆွေးနွေးရန် ကချင်လက်နက်ကိုင်အဖွဲ့ (KIO)ခေါင်းဆောင်များကိုတရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းက ပြောကြားကြောင်း KIO/KIA သတင်းနှင့် ပြန်ကြားရေး ဌာနက သတင်းထုတ်ပြန်သည်။