အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကန့်ကွက်မှုအချို့ ရှိနေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီတွင် တပ်မတော်နှင့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ ပါဝင်ရန် မသေချာသော်လည်း လုပ်ငန်းတာဝန်များ အမြန်ဆုံးစတင်မည်ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ် ဉာဏစိုးက ပြောသည်။
‘‘ပူးပေါင်းကော်မတီရဲ့ လုပ် ငန်းတာဝန်တွေထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလုပ် ငန်းတွေကို ဆောလျင်စွာ ဆောင် ရွက်ဖို့ဆိုတာ ပါပါတယ်။ ပူးပေါင်းကော်မတီဟာ ၄၅ ဦးစလုံးစုံမှ လုပ်ငန်းစလို့ရမယ်ဆိုတဲ့ ပြဋ္ဌာန်း ချက်မျိုးမရှိပါဘူး’’ဟု ၎င်းက ပြောသည်။
ယင်းကော်မတီတွင် ပါဝင် ရန် တပ်မတော်နှင့် ပြည်ခိုင်ဖြိုး အမတ်များက အမည်စာရင်းပေး သွင်းခြင်း မရှိသော်လည်း ယမန် နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၌ မဲခွဲဆုံးဖြတ်၍
ကော်မတီကို အတည်ပြုဖွဲ့စည်း ခဲ့သည်။
ကော်မတီဖွဲ့စည်းရေးလွှတ် တော်သဘောထားရယူချိန်တွင် တပ်မတော်နှင့် ပြည်ခိုင်ဖြိုးကိုယ် စားလှယ်များအပါအဝင် ကိုယ်စားလှယ်အချို့က မတ်တတ်ရပ် ကန့်ကွက်မှုရှိခဲ့သည်။ ထိုသို့ ကန့်ကွက်သည့် ကိုယ်စားလှယ်အချို့ က ဆွေးနွေးခွင့်ပြုရန် တောင်းဆိုသော်လည်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ခွင့်ပြုခြင်းမရှိဘဲ မဲခွဲဆုံးဖြတ်ရန် ညွှန်ကြားခဲ့သည်။
အတည်ပြုဖွဲ့စည်းသည့် ကော်မတီတွင် မူလလျာထား သည့်အတိုင်း အဖွဲ့ဝင် ၄၅ ဦး ပါဝင်မည်ဖြစ်သော်လည်း လတ်တလော၌ အမည်စာရင်းပေးထား ခြင်းမရှိသော တပ်မတော်နှင့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များအ တွက် ၁၀ နေရာကို ချန်လှပ်ထား ကြောင်း ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က လွှတ်တော် တွင် ရှင်းလင်းသည်။
ပူးပေါင်းကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့ လာသုံးသပ်၍ လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းရမည်ဖြစ် ပြီး ကော်မတီအတွင်း သဘော ထားကွဲလွဲသော အချက်များရှိပါ က အစီရင်ခံစာတွင် ပူးတွဲတင်ပြ ခွင့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့နောက် အစီရင်ခံစာပါ အချက်များအပေါ် လွှတ်တော် တွင်း ဆွေးနွေးခြင်း၊ အတည်ပြု ချက်ရယူခြင်းတို့ ဆောင်ရွက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း တစ်ရပ်ကို လွှတ်တော်သို့ ပြန် လည်တင်သွင်းနိုင်ရေး ဆောင် ရွက်ပြီးသည်အထိ ပူးပေါင်းကော် မတီက တာဝန်ယူရမည်ဖြစ် သည်။
ကော်မတီအနေဖြင့် ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းမူကြမ်းရရှိသည်အထိ ဆောင်ရွက်ရာတွင် အခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်၊ ပြည်ထောင် စုလွှတ်တော်ဥပဒေ၊ နည်းဥပဒေ ပါ ပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ် နည်းများကို ကျော်လွန်ဆောင် ရွက်မည်မဟုတ်ကြောင်း ကော် မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောသည်။
‘‘ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြတ်လမ်းနည်းနဲ့ ပြင်ဆင်ဖို့ ကြိုး ပမ်းဆောင်ရွက်မှာ မဟုတ်ပါဘူး။ တစ်ပါတီတစ်စုတစ်ဖွဲ့မှ ဆောင် ရွက်ခြင်းထက် ပြည်သူ့ဆန္ဒအစစ် အမှန်နှင့် ကိုက်ညီတဲ့ ပြင်ဆင်ရေး လုပ်ငန်းများကိုအားလုံး အတူ တကွပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရန် အားထုတ်ကြိုးပမ်းဆောင် ရွက်သွားမှာဖြစ်တဲ့အကြောင်း လေးနက်စွာ တင်ပြအပ်ပါတယ်’’ဟု ၎င်းက လွှတ်တော်တွင် ပြော ကြားသည်။
ကော်မတီဖွဲ့စည်းရေး မူလ လျာထားမှုအရ ဒီချုပ်ပါတီဝင် ၁၉ ဦး ပါဝင်သော်လည်း လက်ရှိတွင် တစ်ဦးလျှော့ချကာ ရခိုင်အမျိုးသားပါတီကို နှစ်ဦး ပါဝင်ခွင့်ပြု ထားသည်။ ထို့အပြင် အချိုးကျ တွက်ချက်မှုအရ လစ်လပ်နေ သည့် တစ်နေရာတွင် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကို ထပ်မံပါဝင်ခွင့်ပြုထားသည်။
ထို့ကြောင့် လက်ရှိ ပူးပေါင်း ကော်မတီတွင် ပြည်ထောင်စု လွှတ်တော် ဒုတိယနာယကနှင့် အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌတို့က ရာထူးအရ ပါဝင်မည် ဖြစ်ကာ ဒီချုပ်ပါတီဝင် ၁၈ ဦး၊ ရခိုင်အမျိုးသားပါတီနှင့် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တို့မှ နှစ်ဦးစီ၊ လွှတ်တော်တွင် ကိုယ်စားလှယ်တစ်ဦးမှ ငါးဦးအ ထိ ပါဝင်သော ပါတီ ၁၀ ခုမှ တစ် ဦးစီနှင့် တစ်သီးပုဂ္ဂလများ ကိုယ် စား တစ်ဦး စုစုပေါင်း ၃၅ ဦး ပါဝင်မည်ဖြစ်သည်။
ကော်မတီအတည်ပြုဖွဲ့စည်း ချိန်အထိ တပ်မတော်သားကိုယ် စားလှယ် ရှစ်ဦးနှင့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်နှစ်ဦး ပါဝင်ရန် အမည်စာရင်းပေးထားခြင်းမရှိ သေးသော်လည်း ပူးပေါင်းပါဝင် လာရန် မျှော်လင့်ကြောင်း ကော် မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။
တပ်မတော်နှင့် ပြည်ခိုင်ဖြိုး ပါတီတို့ကမူ ၎င်းတို့၏ တောင်းဆို ချက်များကို ထည့်သွင်းစဉ်းစား ခြင်းမရှိဘဲ လွှတ်တော်တွင်း အ များစုဆန္ဒမဲဖြင့် ကော်မတီကို အ တည်ပြုဖွဲ့စည်းခဲ့ခြင်းအပေါ် ဝေ ဖန်ပြီး ပူးပေါင်းပါဝင်ရန် ရှိ၊ မရှိ မေးမြန်းသော်လည်း တိကျစွာ ဖြေကြားခြင်းမရှိပေ။
‘‘တစ်ပါတီတစ်ဖွဲ့ရဲ့ လုပ် ဆောင်ချက်အပေါ်မှာ ပါတီအား လုံးပါအောင် ဆွဲပြီးတော့ ခေါ် သွားတဲ့ ပုံစံမျိုးလည်း ဖြစ်နေတဲ့ အတွက် ဒီအပေါ်မှာ ပြန်လည် စဉ်းစားပေးဖို့ တင်ပြတာ။ ဒီလမ်း ကြောင်းကို သူတို့ ဘယ်လိုသွား မလဲဆိုတာ စောင့်ကြည့်ပြီးတော့ မှ ကိုယ်တို့ ဆုံးဖြတ်ပါမယ်။ ဥပဒေနဲ့မညီဘဲ သွားနေရင်တော့ ကျွန်တော်တို့ ပူးပေါင်းပါဝင်ဖို့ အ ခက်အခဲဖြစ်ပါလိမ့်မယ်’’ဟု ပြည် ခိုင်ဖြိုးအမတ် ဦးသောင်းအေးက ပြောသည်။
တပ်မတော်သားကိုယ်စား လှယ် ဗိုလ်မှူးချုပ်မောင်မောင်က ကော်မတီကို အများစုဆန္ဒမဲဖြင့် အတည်ပြုဖွဲ့စည်းခြင်းသည် အ ခြေခံဥပဒေကို မလိမ့်တပတ်ပြင် ဆင်ရန် ကြိုးပမ်းခြင်းဟု ဝေဖန် ပြီး ဥပဒေနှင့်အညီ ဆောင်ရွက် မည်ဆိုပါက ပူးပေါင်းပါဝင်နိုင်ရန် ကြိုးပမ်းမည်ဟု ပြောသည်။
‘‘ကျွန်တော်တို့ အစုအဖွဲ့မှာ ပြန်စဉ်းစားဆုံးဖြတ်ပြီးတော့ ဘယ်လိုပါဝင်မလဲဆိုတာ ဆက်လက် ပြီး ဆောင်ရွက်ပါမယ်။ နောက် တစ်ခုကလည်း ပြည်သူအများ လိုချင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး မှာ တပ်မတော်က မပါဘူးဆိုရင် ကျွန်တော်တို့လည်း မသင့်တော် ဘူးပေါ့လေ’’ဟု ၎င်းက သတင်း ထောက်များအား ပြောသည်။
ပြည်ခိုင်ဖြိုးအမတ် ဦးသိန်း ထွန်းအပါအဝင် ရွေးကောက်ခံ အမတ် ၃၈ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၁၀၅ ဦး စုစုပေါင်း ၁၄၃ ဦးက လက်မှတ်ရေးထိုး တင် ပြထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ မူ ကြမ်းကို လက်ခံဆွေးနွေးမည်ဖြစ် ကြောင်း ယမန်နေ့ ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော် နာယကက ပြောကြားခဲ့သည်။
ယင်းဥပဒေကြမ်းနှင့် ပတ် သက်၍ အသေးစိတ်လေ့လာ စိစစ်နိုင်ရန် လွှတ်တော်နှစ်ရပ်မှ ဥပဒေကြမ်း ကော်မတီဝင်များ အားလုံး ပါဝင်သော လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းပြီးဖြစ်ကြောင်း နာယက ဦးတီခွန်မြတ်က လွှတ်တော်သို့ ရှင်းလင်းသည်။
အဆိုပါ ဥပဒေကြမ်းတွင် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အား သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းလွှတ်တော်များက ရွေးချယ် တင်မြှောက်နိုင်စေရန် အခြေခံ ဥပဒေပုဒ်မ ၂၆၁ ပါ ပြဋ္ဌာန်းချက် များကို ပြင်ဆင်ထားသည်။
=======================
251 / End