အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
ချင်းပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သန်းသည် ပါတီမှညွှန်ကြားသည့်အတိုင်း ရာထူးမှ နုတ်ထွက်ခြင်း မရှိပါက စွပ်စွဲပြစ်တင်၍ တာဝန်မှရပ်စဲရန် ညွှန်ကြားထားကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲက ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(ဗဟို)က ဖေဖော်ဝါရီ ၇ရက်တွင် ဦးအောင်သန်းကို ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌတာဝန်မှ နုတ်ထွက်ရန် ညွှန်ကြားထားပြီး ယမန်နေ့အထိ နုတ်ထွက်စာတင်ခြင်း မရှိသေးကြောင်း ဦးဇိုဘွဲက ရှင်းပြသည်။
‘‘ကျွန်တော့်အနေနဲ့ ဘာမှမဆိုင်ဘူး။ သူ့အနေနဲ့ နုတ်ထွက် ခွင့်ရေးထိုးဖို့ရှိတာ။ ကျွန်တော်က ဘာမှမသိရဘူး။ ပါတီအပေါ်ကပဲ လုပ်တာဆိုတော့’’ ဟု ဦးဇိုဘွဲက ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က နောက်ဆုံးအခြေအနေ ကို မသိသေးကြောင်းနှင့် ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကိုသာမေးမြန်းရန် ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖြေကြားသည်။
မင်းတပ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်း ကိုဆက်သွယ်ရန် ကြိုးစားသော် လည်း မရပေ။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲသည် ချင်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဖြစ်ပြီး ဦးအောင်သန်းသည် ပြည်နယ် ပါတီအတွင်း ရေးမှူးဖြစ်သည်။
သို့ရာတွင် ဦးအောင်သန်းကို ပါတီက ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌတာဝန်မှ နုတ်ထွက်ရန် နောက်ဆုံးအကြိမ် သတိပေးကြောင်း သိရှိရခြင်းကြောင့် ယင်းသို့သတိပေးခြင်းနှင့် ပတ်သက်၍ ခိုင်မာသော အကြောင်းရင်းများ ကို မဲဆန္ဒရှင်ပြည်သူများ သိရှိ နိုင်ရေး ထုတ်ပြန်၊ ချပြပေးရန် မင်းတပ်မြို့နယ် မဲဆန္ဒရှင် ၁၀ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားသည်။
‘‘ချင်းပြည်နယ်မှာ ၀န်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ရှိတယ်။ လွှတ်တော်မှာဆို ဥက္ကဋ္ဌဦးဆောင်တဲ့လွှတ်တော်ရှိတယ်။ ဒီလိုအခြေအနေမှာ ပါတီကကြားဝင်တာက ဒီမိုကရေစီနည်း လမ်းမကျဘူး။ ရှေ့မှာတုန်းက စည်ပင်ဝန်ကြီးကို နုတ်ထွက်ခိုင်းတယ်။ အဲဒီဝန်ကြီးဆို ချင်းပြည်နယ်မှာအလုပ်လုပ်ဆုံးပဲ။ အဲဒီလိုအမှားမျိုး ထပ်ဖြစ်မှာစိုးလို့ မဲဆန္ဒရှင်တွေကိုယ်စား တောင်းဆိုထားတာ’’ ဟု လက်မှတ်ရေးထိုး တောင်းဆိုခဲ့သူ ဆလိုင်းရှယ်အောင်က ပြော သည်။
မင်းတပ်မဲဆန္ဒရှင်များသည် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ တာဝန်၊ ၀တ္တရားများ လစ်ဟင်းအားနည်းမှုကြောင့် နုတ်ထွက်စေမည်ဆိုပါက ယင်းကိုယ်စားလှယ် ကို ရှုတ်ချမည်ဖြစ်ပြီး အကယ်၍ အကြောင်းရင်းမခိုင်လုံဘဲ နုတ် ထွက်စေမည်ဆိုပါက ကိုယ်စားလှယ်ဘက်က မားမားမတ်မတ် ရပ်တည်မည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ၀န်ကြီးချုပ်၊ ဒီချုပ် ပါတီဒုတိယဥက္က ဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်နှင့် ပါ တီဗဟိုသို့ပေးပို့သော အကြောင်း ကြားစာ၌ ဖော်ပြထားသည်။
လူမှုကွန်ရက်၌ ထွက်ပေါ်နေ သော ဒေါက်တာဇော်မြင့်မောင်လက်မှတ်ရေးထိုးထားသည့် ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးအောင်သန်းထံ နောက်ဆုံးသတိပေးစာ တွင် ဖေဖော်ဝါရီ ၇ ရက်တွင် ရာထူးမှ နုတ်ထွက်မည်ဟု ဗဟိုအလုပ် အမှုဆောင်များရှေ့၌ ကတိပြုခဲ့သည့်အတိုင်း နုတ်ထွက်ရန်
နှင့် ဖေဖော်ဝါရီ ၂၃ ရက်အထိ နောက်ဆုံးထားနုတ်ထွက်ခြင်းမရှိပါက လွှတ်တော်အတွင်း ပြစ်တင်ရှုတ်ချ နုတ်ထွက်စေမည်ဖြစ် ကြောင်း ဖော်ပြသည်။
ချင်းပြည်နယ် လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ ၁၄ နှင့် ၁၅ ရက်တွင် နောက်ဆုံး ခေါ်ယူထားပြီး ယင်းရက်များတွင် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သန်းက ခွင့်ယူခဲ့ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အချို့ က ပြောသည်။
ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးကို ယခုလအတွင်း ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ဦးဇိုဘွဲက ပြောသည်။
======================================
251 / End
၂ မတ် ၂၀၁၉ - ၂၀:၂၈
News ID: 931474
ချင်းပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သန်းသည် ပါတီမှညွှန်ကြားသည့်အတိုင်း ရာထူးမှ နုတ်ထွက်ခြင်း မရှိပါက စွပ်စွဲပြစ်တင်၍ တာဝန်မှရပ်စဲရန် ညွှန်ကြားထားကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲက ပြောသည်။