
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေစဉ် လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲပြီး သေဆုံးခဲ့သည့် မင်းပြားမြို့နယ် စပါးထားရွာမှ ဒေသခံ ခြောက်ဦး၏နာရေးကို ယမန်နေ့က မင်းပြားမြို့ သုသာန်၌ပြုလုပ်ရာ လူဦးရေထောင်ချီတက်ရောက် ခဲ့သည်။
လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် အမျိုး သားလေးဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်းခြောက်ဦး သေဆုံးရာ လေးဦးသည် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးပြီး နှစ်ဦးသည် ဆေးရုံသို့ပို့ဆောင် ကုသစဉ် သေဆုံးခဲ့သည်။
တပ်မတော်နှင့် AA တို့၏ တိုက်ပွဲအကြားတွင် အရပ်သားသေဆုံးသည့်ဖြစ်စဉ်များကို ကြားသိနေရ ခြင်းမှာ များစွာဝမ်းနည်းဖွယ်ကောင်းကြောင်း ဒေသခံ သံဃာတစ်ပါးက စပါးထားရွာသားခြောက်ဦး၏ နာရေး၌ မိန့်ကြားခဲ့သည်။
‘‘တကယ်တမ်း စစ်ပွဲမရှိခဲ့ရင် သေစရာအကြောင်း မရှိဘူး။ လက်ရုံးရည်သတ္တိနဲ့ နှလုံးရည် သတ္တိမှာ လက်ရုံး ရည်သတ္တိကို သုံးရမလား၊ နှလုံးရည်သတ္တိကို သုံးရ မလား၊ နှလုံးရည်သတ္တိကောင်းဖို့လိုပါတယ်။ အုပ်ချုပ်ခံ လူတန်းစားကလည်း သဘောထားကြီးမယ်၊ အုပ် ချုပ်တဲ့လူတွေကလည်း သဘောထားကြီးမယ်ဆိုလို့ရှိ ရင် ဒီနိုင်ငံ၊ ဒီလူမျိုးသည် ရှေ့ကိုရောက်ပါမယ်’’ ဟု ဆရာတော်က မိန့်ကြားသည်။
အရပ်သားခြောက်ဦး၏ နာ ရေးသို့ ဒေသခံ လူဦးရေ သုံးထောင် ခန့် လာရောက်ကြောင်း မင်းပြား မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသန်းနိုင်က ပြော ကြားသည်။
မင်းပြားမြို့နယ်အတွင်း ပစ်ခတ်မှုအချို့ ရှိနေသေးကြောင်း၊ တိုက်ပွဲများကြောင့် ရခိုင်ဒေသခံ များ မကြာခဏ ဒုက္ခကြုံတွေ့နေရ ၍ အရပ်သားများ နေထိုင်ရာ နေရာအနီးတွင် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေလိုကြောင်း ၎င်းက ဆိုသည်။
အရပ်သားများ ရှိရာသို့ တမင်ရည်ရွယ်ပစ်ခတ်ခြင်းရှိ၊ မရှိ ကိုလည်း စုံစမ်းဖော်ထုတ်သင့် သည်ဟု ဦးသန်းနိုင်က ပြောသည်။ရခိုင် အမျိုးသားပါတီမှ ဦးထွန်းအောင်ကျော်ကလည်း ပြဿနာများကို ငြိမ်းချမ်းစွာ နိုင်ငံ
ရေးနည်းနှင့် ဆွေးနွေးရန် တပ်မတော်နှင့် AA တို့ကို အကြိမ်ကြိမ် တောင်းဆိုသော်လည်း နှစ်ဖက်စ လုံးက အလျှော့ပေးခြင်းမရှိ၍ တိုက်ပွဲများ ပြင်းထန်လာကြောင်း ပြောကြားသည်။
‘‘ ဒီလိုတိုက်ပွဲတွေပြင်းထန် လာလို့ ဒီလိုဖြစ်ရတာကို အမြန် ဆုံးငြိမ်းချမ်းရေးနည်းနဲ့ တိုက်ပွဲတွေ လျှော့ချပြီးတော့ ငြိမ်းချမ်းစွာ စားပွဲပေါ်ဆွေးနွေးမှုကို အမြန်ဆုံး လုပ်နိုင်မှသာလျှင် ဒီအနိဋ္ဌာရုံတွေ၊ ဒုက္ခတွေက လွတ်ကင်းမယ် လို့ ယုံကြည်ပါတယ်’’ ဟု ဦးထွန်း အောင်ကျော်က ပြောသည်။
တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ စတင်ပြင်းထန် ခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းကစ၍အရပ်သား ၂၀ သေဆုံးသည်ဟု မေလနောက်ဆုံးပတ်တွင် အစိုး ရကပြောကြားထားပြီး လူမှုအဖွဲ့ အစည်းများကမူ အရပ်သား ၄၀ ကျော် သေဆုံးသည်ဟုဆိုသည်။
=======================
251 / End