
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်သည် ပြည်သူလူထုညီညွတ်ပါက မဖြစ်နိုင်စရာမရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၁၇ ရက်တွင်စာရေးဆရာများနှင့် တွေ့ဆုံစဉ်ပြောကြားသည်ဟုယင်းတွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူ စာရေးဆရာအချို့က ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ဇူလိုင် ၁၇ ရက် ညနေတွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ စာရေးဆရာများနှင့် တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံပွဲ၌ စားပွဲဝိုင်းတစ်ခုသို့ သွားရောက်စကားပြောဆိုခဲ့စဉ် စာရေးဆရာအချို့က ခြေဥပြင်ဆင်ရေးနှင့်ပတ်သက်၍ မေးမြန်းရာ ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ဒေါ်အောင်ဆန်းစုကြည်က ဘာကိုယုံကြည်ချက်ရှိလဲဆိုရင်ပြည်သူလူထုသာညီညွတ်လို့ ပြည်သူလူထုသာ ဆန္ဒတွေ ပြင်းပြင်းထန်ထန်နဲ့ ၀ိုင်းကြ၀န်းကြမယ်ဆိုရင် ဒီအခြေခံဥပဒေပြင်ဆင်ရေးဆိုတာ မဖြစ်နိုင်စရာ ဘာအကြောင်းမှမရှိဘူးလို့
သူက အဲဒီလို သဘောထားရှိတယ်ဗျ’’ ဟု စာရေးဆရာသရ၀ဏ်(ပြည်) က ပြောသည်။
ပြည်သူများသည် အခြေခံ ဥပဒေပြင်ဆင်ရမည့် အချက်အ လက်များနှင့်ပတ်သက်၍ ရှင်းလင်းစွာ သိရှိထားသင့်ပြီး ပြင်ဆင်ရမည့် အချက်များကို ကောင်းစွာ နားလည်ပါက ပြင်ဆင်နိုင်မည့် အခြေအနေပေးလာမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ကြောင်း စာရေးဆရာနေမျိုးအေး ကလည်း ရှင်းပြသည်။
‘‘ပြည်သူလူထုအားလုံးဟာ တစ်စိတ်တည်း တစ်ဝမ်းတည်း၊ တစ်စိတ်တည်း ဖြစ်လာပြီဆိုရင် အရာရာတိုင်းကို ကျော်လွှားနိုင်တဲ့ သဘောမျိုးတော့ရှိတာပေါ့’’ ဟု ၎င်း၏အမြင်ကို ပြောသည်။
သို့ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတွင် အစိုးရနှင့် အာဏာရပါတီ၌လည်း တာဝန်ရှိ သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်းပြောကြားကြောင်း စာရေးဆရာသရ၀ဏ် (ပြည်)က ဆိုသည်။
‘‘အစိုးရနဲ့ ပါတီဟာ အလုပ်လုပ်ရမယ်။ တစ်ချိန်တည်းမှာ ပြည်သူများဟာ ကိုယ်နဲ့မဆိုင်ဘူး ဆိုပြီး နေလို့မရဘူး။ အားလုံး ၀ိုင်း ၀ိုင်းဝန်းဝန်းနဲ့ လုပ်ကြမယ်ဆိုရင် မအောင်မြင်စရာမရှိဘူး ပြောတာ ပါ’’ ဟု ၎င်းက ရှင်းပြသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထု၊ နိုင်ငံရေးသမားအားလုံး က လက်ခံနိုင်သည့် အနေအထား မရှိကြောင်းနှင့် ဖက်ဒရယ်၊ ဒီမို ကရေစီနှင့် ကိုက်ညီသည့် ဖွဲ့စည်း ပုံမျိုးဖြစ်စေရန် ပြင်ဆင်ရမည်ဟု သဘောထားရှိထားပြီး ဖြစ်ကြောင်း မှတ်ချက်ပြုသည်။
‘‘အဓိကကတော့ လွှတ်တော်အတွင်းကနေ ထက်ထက်မြက်မြက်နဲ့ ထိထိရောက်ရောက် တွန်းအားပေးဖို့ လိုတယ်လို့ မြင် တယ်ဗျ။ အဲဒါမှ ပြည်သူလူထုက ယုံယုံကြည်ကြည်နဲ့ နောက်ကလိုက်ကြမှာလေ။ ပြည်သူက ရှေ့က သွားရမှာ မဟုတ်ဘူးလို့ မြင်တယ်ဗျ’’ ဟု ဦးမြအေးက ဆိုသည်။လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပြည် ထောင်စုလွှတ်တော်၌ ပြင်ဆင် ရေးပူးပေါင်းကော်မတီ၏အစီရင် ခံစာတင်သွင်းထားပြီး မြို့အသီး အသီး၌လည်း ယင်းလုပ်ငန်းစဉ် ကို ထောက်ခံကြောင်း ဆန္ဒထုတ် ဖော်ပွဲများ ပြုလုပ်ခဲ့သည်။ သို့သော် တစ်ပြိုင်နက်တည်းမှာပင် ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင် ရေး ဆန္ဒထုတ်ဖော်ပွဲအချို့ကို လည်း ပြုလုပ်ခဲ့သည်။
=======================
251 / End