အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ရဲ့ ကိုင်တွယ်ဖြေရှင်းနေတဲ့ အမှုတချို့မှာ ကိုင်တွယ်ဖြေရှင်းပေးနေသူတွေ ပါဝင်နေမှာကို စိုးရိမ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
နိုင်ငံတော်သမ္မတက ပေးပို့ထားတဲ့ နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ (IACA) ကို နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်မှာ မြန်မာပါဝင်ဖို့ကိစ္စကို ကိုယ်စားလှယ်အချို့က ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူ မရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
ကိုယ်စားလှယ်တွေအနေနဲ့ အဂတိလိုက်စားမှုအပေါ် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အသိပညာပေးဖို့၊ အဂတိ တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်တွေ မြင့်တင်ပေးဖို့ စတဲ့ကိစ္စတွေအပြင် အဂတိလိုက်စား သူတွေကိုလည်း ထိထိရောက်ရောက်အရေးယူပေးဖို့ ကိစ္စတွေအပေါ် ဦးစားပေးဆွေးနွေးသွား ခဲ့တာတွေ့ရှိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှစိုးကတော့ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖြတ်ရေးကော်မရှင်ရဲ့ ကိုင်တွယ်ဖြေရှင်းနေတဲ့ အမှုအချို့မှာ ကိုင်တွယ်ဖြေရှင်းပေးနေသူတွေ ပါဝင်နေမှာကို ပြည်သူတွေအပြင် လွှတ်တော်ကိုယ်စားလှယ်တွေပါ စိုးရိမ်နေတယ်လို့ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
“အခုချိန်မှာ လွှတ်တော်ကိုယ်စားလှယ်များ စိုးရိမ်သလို အချို့သော အဂတိမှုတွေမှာ ဖြေရှင်းပေးနေတဲ့ လူများကိုယ်တိုင် ပါဝင်ပက်သက်မှုများရှိနေမလားဆိုတဲ့ ပြည်သူတွေရဲ့ စိုးရိမ်စိတ်များ ဖြစ်ပေါ်လျက်ရှိပါတယ်။ အဲဒါကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒီကိစ္စအပေါ်မှာ ပိုမိုတာဝန်ယူပေးပါလို့လည်း တိုက်တွန်းလိုပါတယ်” လို့ ဒေါ်လှလှစိုးက ဆိုပါတယ်။
ဒါ့အပြင် “အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး သင်ခန်းစာများကို အခြေခံပညာ မူလတန်းအဆင့်မှ စတင်သင်ကြားနိုင်ရေးကိုလည်း သက်ဆိုင်ရာဌာနများနဲ့ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားနိုင်ရန်ကိုလည်း တိုက်တွန်းလိုပါတယ်”လို့ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
IACA သဘောတူစာချုပ်ကို မြန်မာပါဝင်ဖို့နဲ့ ပတ်သက်လို့ ဇူလိုင် ၂၄ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ အဂတိတိုက်ဖျက်ရေးကော်မရှင်က ရှင်းလင်းတင်ပြခဲ့တာဖြစ်ပြီး သြဂုတ်လ ၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးခဲ့ကြပြီး ကိုယ်စားလှယ်အားလုံးရဲ့ သဘောတူညီချက်နဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။
ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်အချို့ရဲ့ ဆွေးနွေးမှုများအရ အဂတိတိုက်ဖျက်ရေးကော်မရှင်ကို အခုအစိုးရလက်ထက်မှာ အသစ်ပြန်လည်ဖွဲ့စည်းဆောင်ရွက်နေပေမယ့် ကော်မရှင်အဖွဲ့ဝင်တွေရဲ့ ခံယူချက်မြင့်မားစေဖို့နဲ့ စွမ်းရည်ပိုင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် နိုင်ငံတကာရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
=======================
251 / End
၅ ဩဂုတ် ၂၀၁၉ - ၁၅:၅၁
News ID: 967149
မြန်မာနိုင်ငံရဲ့အဂတိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ရဲ့ ကိုင်တွယ်ဖြေရှင်းနေတဲ့ အမှုတချို့မှာ ကိုင် တွယ်ဖြေ ရှင်းပေးနေသူတွေပါဝင်နေမှာကိုစိုးရိမ်တယ်လို့လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။