အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အင်ဒိုနီးရှားမှာ လူတဦး ပထမဆုံး သေဆုံးတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက မတ် ၁၁ ရက်မှာ ကြေညာလိုက်ပါတယ်။
သေဆုံးသူဟာ အသက် ၅၃ နှစ်အရွယ် နိုင်ငံခြားသူတဦး ဖြစ်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူ အာမက်ယူရီယန်တိုက ပြောကြားပါတယ်။
ဆေးရုံတင်ချိန်က အဲဒီအမျိုးသမီးအခြေအနေဟာ ဆိုးရွားတယ်လို့လည်း ယူရီယန်တိုက ဆိုပါတယ်။ အဲဒီနိုင်ငံခြားသူ ဘယ်နိုင်ငံက ဖြစ်တယ်၊ ဘယ်ဆေးရုံမှာ ဆုံးသွားတယ်ဆိုတာကို ယူရီယန်တိုက မပြောပေမယ့် သက်ဆိုင်ရာသံရုံးက အဲဒီအမျိုးသမီး သေဆုံးတာကို သိရှိပြီး အလောင်းပြန်သယ်ဖို့ စီစဉ်နေတယ်လို့ သူက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသူ နောက်ထပ် ၂၆ ဦး ရှိပါတယ်။ အရှေ့တောင်အာရှမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အများဆုံးက မလေးရှား ဖြစ်ပြီး ကူးစက်ခံရသူ ၁၂၉ ဦး ဖြစ်ပါတယ်။ ပြန်ကောင်းလာသူက ၂၅ ဦးရှိပါတယ်။
ဒုတိယ အများဆုံးကူးစက်ခံရတဲ့နိုင်ငံက စင်ကာပူဖြစ်ပြီး ကူးစက်ခံရသူ ၁၆၆ ဦး ရှိပါတယ်။ ထိုင်းနိုင်ငံကတော့ တတိယ ကူးစက်ခံရမှု အများဆုံး ဖြစ်ပြီး ၅၉ ဦး ရှိပြီး သေဆုံး တဦး ရှိပါတယ်။ ဗီယက်နမ်မှာ ကူးစက်ခံရသူ ၃၅ ဦးရှိပြီး ဖိလစ်ပိုင်မှာ ၃၃ ဦး ရှိပါတယ်။
ဖိလစ်ပိုင်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တဦး ရှိပါတယ်။ ဘရူနိုင်းမှာ ကူးစက်ခံရသူ ၆ ဦးနဲ့ ကမ္ဘောဒီးယားမှာ ၃ ဦး ရှိနေပါတယ်။
အရှေ့တောင်အာရှမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း မရှိသေးတာကတော့ လာအိုနဲ့ မြန်မာနိုင်ငံတို့ ဖြစ်တယ်လို့ Worldometer ဝက်ဘ်ဆိုက်ဖော်ပြချက်အရ သိရပါတယ်။
...........................
END / 251