၂၄ မေ ၂၀၂၀ - ၁၉:၂၅
ပါကစ္စတန် ခရီးသည်တင်လေယာဉ် ပျက်ကျမှုအတွင်း လူ ၉၇ ဦးသေဆုံးခဲ့ပြီး လူနှစ်ဦး အသက်ရှင်ကျန်ရစ်

လူ ၉၉ ဦးလိုက်ပါလာသော ပါကစ္စတန် ခရီးသည်တင်လေယာဉ်တစ်စင်းသည် မေ ၂၂ ရက်က နိုင်ငံတောင်ပိုင်း ကရာချိမြို့ရှိ လူနေရပ်ကွက်သို့ ပျက်ကျခဲ့ရာ လူ ၉၇ ဦး သေဆုံးခဲ့ပြီး နှစ်ဦး အသက်ရှင်ကျန်ရစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ပါကစ္စတန် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (PIA) မှပြေးဆွဲသော Airbus A320 အမျိုးအစား ခရီးသည်တင်လေယာဉ်သည် ပျက်ကျနေသည့်အချိန်တွင် ကရာချိလေဆိပ်သို့ ဆင်းသက်ရန် ကြိုးပမ်းမှုအကြိမ်ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

END / 251

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လူ ၉၉ ဦးလိုက်ပါလာသော ပါကစ္စတန် ခရီးသည်တင်လေယာဉ်တစ်စင်းသည် မေ ၂၂ ရက်က နိုင်ငံတောင်ပိုင်း ကရာချိမြို့ရှိ လူနေရပ်ကွက်သို့ ပျက်ကျခဲ့ရာ လူ ၉၇ ဦး သေဆုံးခဲ့ပြီး နှစ်ဦး အသက်ရှင်ကျန်ရစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ပါကစ္စတန် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (PIA) မှပြေးဆွဲသော Airbus A320 အမျိုးအစား ခရီးသည်တင်လေယာဉ်သည် ပျက်ကျနေသည့်အချိန်တွင် ကရာချိလေဆိပ်သို့ ဆင်းသက်ရန် ကြိုးပမ်းမှုအကြိမ်ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 လာဟိုးမြို့မှ ကရာချိမြို့သို့ ပျံသန်းထွက်ခွာသည့် အဆိုပါခရီးသည်တင်လေယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ နောက်ပိုင်းတွင် လေကြောင်း ခရီးသွားလာမှု ထိန်းချုပ်ရေးစင်တာနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း PIA လေကြောင်းလိုင်းက ဆိုသည်။

ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်းများ၏ အလောင်းများကို ကယ်ဆယ်ရေးဝန်ထမ်းများက ရှာဖွေထားပြီးဖြစ်ကာ အလောင်း ၁၉ လောင်းကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုထားပြီးဖြစ်သည်ဟု ဆင်းဒ်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သေဆုံးသူများအား အတည်ပြုနိုင်ရန်အတွက် PIA စစ်ဆေးမှုကို ကရာချိတက္ကသိုလ်တွင် လုပ်ဆောင်နေသည်။ လေယာဉ်ပျက်ကျစဉ်တွင် လေယာဉ်မှ မီးတောက်များနှင့် မီးခိုးလုံးများ ထွက်နေပြီး လမ်းမပေါ်သို့ မပျက်ကျမီအချိန်တွင် လေယာဉ်တောင်ပံများသည် အိမ်ခေါင်မိုးများကို ထိရိုက်ခဲ့သည်။

အသက်ရှင်ကျန်ရစ်သူများကို လေယာဉ်အပျက်အစီးများအကြားတွင် ဦးစွာ ရှာဖွေမှုပြုလုပ်ကြသူများမှာ ဒေသခံပြည်သူများဖြစ်ပြီး လေယာဉ်၏ အရေးပေါ်ထွက်ပေါက် တံခါးတွင် တွဲလောင်းခိုနေသော အမျိုးသားတစ်ဦး၏ အော်ဟစ်သံများကို ကြားခဲ့ရသည်ဟု မျက်မြင်သက်သေများက ဆိုသည်။

Airbus A320 လေယာဉ်ထဲမှ အလောင်းများကို ကယ်ဆယ်ရေးသမားများက ဆွဲထုတ်ခဲ့ကြကြောင်း၊ လေယာဉ်အတွင်း၌ သေဆုံးသူများသည် ထိုင်ခုံခါးပတ်များ ပတ်ထားဆဲအခြေအနေဖြင့် သေဆုံးနေကြခြင်း ဖြစ်ကြောင်း လေယာဉ်ပျက်ကျရာနေရာတွင် ရှိနေသည့် မီးသတ်ဝန်ထမ်း ဆာဖာဇ်အာမက်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

“ ပျက်ကျခဲ့တဲ့ လေယာဉ်က Airbus A320 လေယာဉ်အမျိုးအစားပါ။ အဲ့ဒီ့ လေယာဉ်မျိုးက ဘေးကင်းလုံခြုံမှုအရှိဆုံး လေယာဉ်အမျိုးအစားတွေထဲက တစ်ခုပါ။ နည်းပညာပိုင်းအရ၊ စက်ပိုင်းအရ အရာရာက စနစ်တကျရှိခဲ့တာပါ” ဟု PIA လေကြောင်းလိုင်း၏ အမှုဆောင်အရာရှိ အာရှက်မာမွတ်မာလိခ်က သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောကြားခဲ့သည်။

A320 လေယာဉ်ကို မောင်းနှင်ခဲ့သူ လေယာဉ်မှူး ဆာဂျက်ဂူလ်သည် လေယာဉ်မောင်းနှင်မှု အတွေ့အကြုံများစွာရှိသူဖြစ်ကြောင်း လေကြောင်းသယ်ယူပို့ဆောင်ရေးဝန်ကြီး ဂူလမ်ဆာဝါခန်းက ဆိုသည်။

ထို A320 လေယာဉ်ကို ၂၀၀၄ ခုနှစ်တွင် စတင်ပျံသန်းပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဆယ်နှစ်အကြာတွင် PIA လေကြောင်းက ယင်းလေယာဉ်ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး လေကြောင်းခရီးစဉ် ပျံသန်းပြေးဆွဲမှု နာရီပေါင်း ၄၇,၁၀၀ ဝန်းကျင် မောင်းနှင်ခဲ့ပြီးဖြစ်ကြောင်း Airbus က ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်သွားမည်ဟု PIA က ကတိပြုထားသည်။

လေယာဉ်ပျက်ကျရာ လူနေရပ်ကွက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို စေလွှတ်ထားပြီး ပျက်စီးဆုံးရှုံးမှုကို လေ့လာဆန်းစစ်ရန် ရဟတ်ယာဉ်များ အသုံးပြုထားကြောင်း ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ထားသည်။

ကပ်ရောဂါကြောင့် Lockdown ချထားသည့်ကာလအတွင်း လေယာဉ်ပျံသန်းပြေးဆွဲမှုများကို ရပ်ဆိုင်းထားခဲ့ပြီးနောက် စီးပွားဖြစ်လေယာဉ်ပျံသန်းပြေးဆွဲမှုများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း လေယာဉ်၊ ရဟတ်ယာဉ်ပျက်ကျမှုများ ဖြစ်ပွားခဲ့ခြင်းနှင့်အတူ ပါကစ္စတန်နိုင်ငံ၏ စစ်ဘက်၊ အရပ်ဘက်လေကြောင်းခရီးပျံသန်းမှုတွင် ဘေးကင်းလုံခြုံမှုမှတ်တမ်းမှာ ကောင်းတစ်လှည့် ဆိုးတစ်လှည့် ရှိခဲ့သည်။

၂၀၁၆ ခုနှစ်တွင် PIA လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းပျက်ကျမှုအတွင်း လူ ၄၀ ကျော်သေဆုံးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် Airblue လေကြောင်းလိုင်းမှ Airbus A321 လေယာဉ်ပျက်ကျမှုအတွင်း လိုက်ပါသူ ၁၅၂ ဦးစလုံး သေဆုံးခဲ့သည်။


##########################################################
END/ 251