အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်တိုင်း၌ ကိုဗစ်ရောဂါအား စတင်ထိန်းနိုင်ပြီ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၂၃ ရက်တွင် COVID-19 ရောဂါဖြစ်ပွားမူ နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
COVID-19 နှင့်ပတ်သက်၍ ပြည်သူများကို တင်ပြရာတွင် အရေးအကြီးဆုံးကိစ္စ အနေဖြင့် Stay at Home မြို့နယ် ကြေညာထားမူ မပြီးပြတ်သေးသည်ကို သတိပေးချင်၍ ဖြစ်ကြောင်း၊ အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွက် အသိပေးလို၍ ဖြစ်ကြောင်း၊ ရန်ကုန်ရှိ အချို့စက်ရုံ၊ အလုပ်ရုံများကို စည်းမျဉ်းစည်းကမ်းများ သတ်မှတ်၍ ကိုက်ညီပါက ပြန်လည် လည်ပတ်နိုင်ရန်အတွက် ခွင့်ပြုပေးသည့်အပေါ် အချို့က Stay at Home လွတ်သွားပြီဟု ထင်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
“Stay at Home က အခုထက်ထိ တည်ဆဲပါ။ စည်းမျဉ်းစည်းကမ်းတွေက တည်ဆဲပါပဲ။ သည်းခံပြီး ဆက်ပြီးတော့ စည်းမျဉ်း စည်းကမ်းတွေအတိုင်း နေပါလို့ မေတ္တာရပ်ခံပါရစေ။ ရန်ကုန်မှာဆိုရင် အခု ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး စတင်ပြီးတော့ ထိန်းနိုင်ပါပြီ။ စရုံပဲ ရှိပါသေးတယ်။ ထိန်းနိုင်သွားပြီလို့ပြောတာ မဟုတ်ပါဘူး။ စပြီတော့ ထိန်းနိုင်ပါပြီဆိုတာ ဘယ်လိုပြောချင်တာလဲဆိုတော့ အရင်အမြင့်ဆုံး အဆင့်ကနေ ကျလာပြီ။ သို့သော်လည်း အတက်အကျကတော့ ရှိသေးတာပဲ။ လုံးဝဆက်ပြီးတော့ ကျတာမဟုတ်ပါဘူး။ ကျလိုက်၊ နည်းနည်းတက်လိုက်၊ နည်းနည်းကျလိုက်၊ တက်လိုက်ပေါ့။ အဲဒီတော့ စပြီးတော့ ထိန်းလို့ရပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်ကို ပိုင်ပိုင်နိုင်နိုင် ထိန်းနိုင်ဖို့ဆိုရင် ဆက်ပြီးတော့ လုပ်ရဦးမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဆက်လက်၍ ၎င်းက အချို့နိုင်ငံများတွင် တတိယလှိုင်းဟု ခေါ်ရလောက်အောင် ကျယ်ကျယ်ပြန့်ပြန့် ရောဂါပိုး တွေ့နေရမူများ ရှိကြောင်း၊ မြန်မာနိုင်ငံ အခြေအနေသည် အဆိုးဆုံးထဲတွင် မဟုတ်ကြောင်း၊ သို့သော် အကောင်းဆုံးထဲတွင်လည်း မဟုတ်ကြောင်း၊ သြဂုတ် မတိုင်ခင်က အခြေအနေ အကောင်းဆုံး နိုင်ငံများထဲတွင် ပါဝင်သည်ဟု ပြော၍ရသော်လည်း လက်ရှိတွင် ပြော၍မရကြောင်း၊ အခုမှစ၍ ထိန်းနိုင်ပြီဆိုပါက အများကြီး တိုးတက်မှု ရှိသည်ဟု ပြော၍ရကြောင်း ပြောကြားသည်။
“အခု တစ်နိုင်ငံလုံးမှာ အရေအတွက်အရရော၊ ရာခိုင်နှုန်းအရရော ကြည့်လိုက်ရင် အပေါ်ဆုံးက ရန်ကုန်တိုင်းဒေသကြီးပါပဲ။ ရန်ကုန်တိုင်းဒေသကြီးပြီးတော့ ပဲခူးတိုင်းဒေသကြီး။ ပဲခူးတိုင်းဒေသကြီးပြီးရင် ရခိုင်ပြည်နယ်။ ရခိုင်ပြည်နယ်ပြီးတော့ မန္တလေးတိုင်းဒေသကြီးပါ။ ဒါပေမဲ့ မန္တလေးတိုင်းဒေသကြီးက ရာခိုင်နူန်း အရဆိုရင် နံပါတ်(၄) မချိတ်ပါဘူး။ အရေအတွက်အရဖြစ်တယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်က ရာခိုင်နှုန်းအရရော၊ အရေအတွက်အရရော များတဲ့ဘက်မှာ ပါပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးက ပြည်သူတွေက ဆက်ပြီး သတိထားရမယ်။ ပဲခူးတိုင်းဒေသကြီးက ပြည်သူတွေကလည်း ဆက်ပြီးတော့ သတိထားရမယ်။ ရခိုင်ပြည်နယ်က ပြည်သူတွေကလည်း ဆက်ပြီးတော့ သတိထားရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
ထို့ပြင် ကိုဗစ်ရောဂါ အချိန်ကြာလာသည်နှင့်အမျှ ပြည်သူများ၏ ဘဝများ၊ အကျပ်အတည်းများ ရှိလာမည်ကို သဘောပေါက်ကြောင်း၊ ထို့ကြောင့် ပြည်သူများကို မည်ကဲ့သို့ ပံ့ပိုးရမည်နှင့် နောက်ထက်ပံ့ပိုးရန် အစီအစဉ်များကို ချမှတ်နေကြောင်း၊ အစီအစဉ်များ ချမှတ်ပြီးသည်နှင့် ပြည်သူများကို အသိပေးမည် ဖြစ်ကြောင်း၊ အဖက်ဖက်မှ ပြည့်ပြည့်စုံစုံ ရာနှုန်းပြည့် မလုပ်ပေးနိုင်သည်ကို စိတ်မကောင်း ဖြစ်မိကြောင်းနှင့် တတ်နိုင်သမျှ လုပ်ပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေး ဘက်ကလည်း အချို့နေရာများတွင် မပြေလည်မူရှိသည်ကို ကြားသိရကြောင်း၊ ဥပမာအားဖြင့် Quarantine ဝင်မည့်သူများကို Quarantine ဝင်နိုင်ရန်အတွက် အစီအစဉ်များ မလုပ်ပေးနိုင်ခြင်း၊ ဆေးရုံတက်ရန် မလုပ်ပေးနိုင်ခြင်း စသည့်ကိစ္စများ ဖြစ်ကြောင်း၊ ယင်းကိစ္စများအပေါ် စဉ်းစား၍ ပိုမိုမြန်ဆန်ပြီး ပြည်သူများ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ Quarantine ဝင်သင့်သူများကို မြန်မြန်ဆန်ဆန်ဝင်နိုင်ရန်၊ ဆေးရုံတက်သင့်သူများ မြန်မြန်ဆန်ဆန် တက်နိုင်ရန် အစီအစဉ်သစ်များ လုပ်ဆောင်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။