အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရွေးကောက်ပွဲ ကော်မရှင်သည် တိုက်ပွဲများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ကိုးမြို့နယ်ကို ရွေးကောက်ပွဲများပြုလုပ်ရန် မဖြစ်နိုင်တော့ကြောင်း ထုတ်ပြန်ခဲ့သည်။ ကျန် ၁၇ မြို့နယ်များသည် အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၏ အမာခံနယ်မြေများ ဖြစ်နေသည်။ ကိုးမြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိကြောင်း ကြေညာချက်သည် ပြည်နယ်တစ်ခုတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အသာရရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ကစားကွင်းတစ်ခုသဖွယ် လုပ်ဆောင်နေသလို မျိုးဖြစ်နေသည်။ အခြားသော ဒီမိုကရက်တစ် စံနှုန်းများ ချိုးဖောက်မှုထက် ယခုလို ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များ သတ်မှတ်လိုက်ခြင်း ပို၍ဆိုးရွားနေပြီး ရွေးကောက် ပွဲ၏ ယုံကြည်စိတ်ချရမှုကို လျော့ပါးစေသလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရေးကို အနိုင်ရရှိစေရန် လုပ်ဆောင်ခြင်း ဖြစ်နေသည်။ အရပ်သား ခေါင်းဆောင်လည်းဖြစ်၊ တစ်ချိန်တုန်းက ဒီမိုကရေစီအိုင်ကွန်လည်း ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ တွင် အာဏာရယူခဲ့ပြီး မြန်မာပြည်သူများက ယနေ့တိုင် တစ်ခဲနက်အားပေးမှုများ ရှိနေဆဲဖြစ်သည်။
နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီကာလတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဘင်္ဂါလီ (ရိုဟင်ဂျာ) မွတ်စလင်လူနည်းစုများကို မဲပေးခွင့်၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို လည်းကောင်း၊ အတိုက်အခံပါတီများ၏ ပြောကြားချက်များကို ဆင်ဆာဖြတ်တောက်မှု များကိုလည်းကောင်း၊ အစိုးရကို ဆန့်ကျင်ရေးသား ပြောဆိုနေသော ဝက်ဘ်ဆိုက်များကို လည်းကောင်း၊ မြန်မာနိုင်ငံတွင်းရှိ အကြီးမားဆုံးသော ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ကိုလည်းကောင်း ပိတ်ပစ်တားဆီးမှုများ ပြုလုပ်ခဲ့သည်။ COVID-19 ထပ်မံဖြစ်ပွားနေသော မြန်မာနိုင်ငံသည် နိုင်ငံအနှံ့တွင် မဲဆွယ်စည်းရုံးရေးများကို တားမြစ်ကန့်သတ်မှုတွေ ပြုလုပ်ခဲ့သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့တော်တို့တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ တားမြစ်မှုတွေ ပြုလုပ်ခဲ့သည်။ အတိုက်အခံ နိုင်ငံရေးပါတီများက ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းရန် တောင်းဆိုချက်များမှာ အရာမထင်ခဲ့ပေ။ တစ်ချိန်က ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သော ပါတီတစ်ခု၏ ဒီမိုကရေစီကို တိုက်ခိုက်နေမှုများအပေါ် အနောက်နိုင်ငံများက နှုတ်ဆိတ်နေကြသည်။
လွန်ခဲ့သော ငါးနှစ်က တောင်ပြိုကမ်းပြို အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရှိမှုသည် စစ်အာဏာရှင် စံနစ်အောက်တွင် နှစ်ပေါင်းများစွာ ကျရောက်ခဲ့သော မြန်မာနိုင်ငံသည် သိသိသာသာ ပြောင်းလဲမှု ဖြစ်လာလိမ့်မည်ဟု လေ့လာသူတွေက ယူဆထားခဲ့ကြသည်။ သို့သော် ယနေ့အချိန်တွင်မူ နိုင်ငံရေး စိတ်ဝင်စားမှုတွေ နည်းပါးလာသည်။ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE က ဖြေကြားသူ သုံးဆယ်ရာခိုင်နှုန်းသာ နိုင်ငံရေး စိတ်ဝင်စားမှုရှိကြောင်း၊ ၂၀၁၆ ခုနှစ်က နိုင်ငံရေးစိတ်ဝင်စားသူ ငါးဆယ့်ရှစ်ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ပြည်သူအများစု မဲပေးနိုင်ရေးအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့သည်။ သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် ဒီမိုကရေစီရေးအတွက် ဦးဆောင်နေသော ပါတီတစ်ခု ဖြစ်ကြောင်းကို ပြသဖို့အတွက် ပျက်ကွက်နေသည်။ ရွေးကောက်ပွဲသည် ဒီမိုကရက်တစ်စံနှုန်းနှင့် ကိုက်ညီမှု မရှိနိုင်သော အနေအထားရှိနေသည်။
ဗမာအများစုကြားတွင်မူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် လူကြိုက်များနေသည်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတွင် အနိုင်ရဖို့ရှိနေသည်။ သို့သော် အခက်အခဲများစွာနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီသည် လျော့ပါးနေသည်။ ဆယ်စုနှစ်များစွာကြာအောင် တိုက်ခိုက်ခဲ့ရသော စစ်အစိုးရ၏ လုပ်ရပ်များ ကဲ့သို့သော မူဝါဒများနှင့် ကြုံတွေ့နေရသည်။ နိုင်ငံရေး ကစားကွင်းသည် တစ်ပြေးညီမရှိ။ လွှတ်တော်တွင် တပ်မတော်သား နှစ်ဆယ့်ငါးရာခိုင်နှုန်း ပါဝင်နေသည်။ ပြည်ထဲရေး ကဲ့သို့သော အရေးပါသည့် ဝန်ကြီးဌာနသည် တပ်မတော် လက်အောက်တွင် ရှိနေသည်။ နိုင်ငံရေး အသွင်ကူးပြောင်းရေး အစိတ်အပိုင်း တစ်ခုဖြစ်သော ဒီမိုကရေစီအတွက် အရေးပါသော ဒီမိုကရက်တစ် စံနှုန်းများကို မိမိတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင် ကျူးလွန်နေသည်ကို တွေ့မြင်နိုင်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ဒီမိုကရက်တစ်စံနှုန်းများ ချိုးဖောက်နေမှုကို ဥရောပသမဂ္ဂက ပြစ်တင်ရှုတ်ချမှုတွေ ပြုလုပ်လေ့ရှိသည်။ ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမီအချိန်ကဆိုလျှင် တပ်မတော် ထောက်ခံမှုရထားသော ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဥရောပသမဂ္ဂက ရှုတ်ချပြစ်တင်မှုတွေ ပြုလုပ်ခဲ့သည်။ ဒီမိုကရက်တစ် စံနှုန်းများ ချိုးဖောက်မှုကို ပြစ်တင်ရှုတ်ချသော ဥရောပသမဂ္ဂသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရ၏ ဒီမိုကရက်တစ်စံနှုန်းနှင့် မညီသော လုပ်ဆောင်ချက်များကို မမြင်ဟန် ဆောင်နေကြသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ စံတင်လောက်သော ဒီမိုကရက်တစ်စံနှုန်းများ ချိုးဖောက်မှုမှာ ဘင်္ဂါလီ (ရိုဟင်ဂျာ) များကို ချန်လှပ်ထားခြင်းဖြစ်သည်။ ၂၀၁၇ တွင် ရခိုင်ပြည်နယ်ရှိ လူနည်းစု ဘင်္ဂါလီ (ရိုဟင်ဂျာ) များကို တိုက်ခိုက်ခြင်းသည် လူမျိုးတုံး သတ်ဖြတ်မှုဖြစ်ကြောင်း ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများက သတ်မှတ်ထားကြသည်။ ဤသို့သော တိုက်ခိုက်မှုများကြောင့် ဘင်္ဂါလီ (ရိုဟင်ဂျာ) ထောင်ပေါင်းများစွာသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ကျန်ခဲ့သော ဘင်္ဂါလီ (ရိုဟင်ဂျာ) များသည် ဒုက္ခသည်စခန်းများတွင် နေထိုင်ကြရသည်။ ယင်းဒုက္ခသည်များသည် လေဟာပြင် အကျဉ်းစခန်းများအဖြစ် ခေါ်ဆိုခြင်း ခံနေရသည်။ ဒုက္ခသည်များသည် မဲပေးခွင့်၊ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ဟူသော နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေရကြောင်း၊ လူမျိုးရေးဝါဒ ကိုင်ဆွဲပြီး တဖက်သတ် အနိုင်ကျင့်မှု ဖြစ်ကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့သည်။
အနောက်နိုင်ငံမှ တစ်ချို့သော အကဲခတ်ပုဂ္ဂိုလ်များက ယခုလို ဘင်္ဂါလီ (ရိုဟင်ဂျာ) များကို မဲပေးခွင့်၊ ရွေးကောက်ပွဲ ဝင်ရောက်ခွင့် ပိတ်ပင်ထားခြင်းသည် ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးအတွက် အမည်းစက် ဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။ ဘာမှထိရောက်မှု မရှိသော ထုတ်ပြန်ကြေညာချက် တစ်ရပ်ကို အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် အခြားခြောက်နိုင်ငံတို့မှ ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ရွေးကောက်ပွဲတွင် ဘင်္ဂါလီ (ရိုဟင်ဂျာ) များ မဲပေးရေးကို တောင်းဆိုခဲ့သည်။ သို့သော် ထုတ်ပြန်ချက်တွင် မည်ကဲ့သို့ အရေးယူမည် ဆိုသောအချက် မပါရှိခဲ့ပေ။
ဘင်္ဂါလီ (ရိုဟင်ဂျာ) များကို ဖယ်ရှားခြင်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဒီမိုကရက်တစ် တန်ဖိုးများကို ထိန်းသိမ်းရန် တွန့်ဆုတ်မှု၏ လက္ခဏာဖြစ်သည်။ ဘင်္ဂါလီ (ရိုဟင်ဂျာ) အမတ်လောင်း ဦးကျော်မင်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရက ခန့်အပ်ထားသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်လိုက်သည်။ သို့ဖြစ်ရာ ဥပဒေသည် လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကရှိသော ဥပဒေ ဖြစ်နေကြောင်း ဦးကျော်မင်းက ပြောကြားခဲ့သည်။ လက်ရှိအစိုးရသည် ယခင်စစ်အစိုးရများနည်းတူ အာဏာကိုလက် လွှတ်နိုင်ခြင်း မရှိကြောင်း ၎င်းကစွပ်စွဲခဲ့သည်။
“ကျွန်တော်တို့ဟာ နိုင်ငံခြားသားတွေ မဟုတ်ကြပါဘူး။ ကျွန်တော်တို့ရဲ့ မိဘတွေဟာ နိုင်ငံခြားသားတွေ မဟုတ်ကြပါဘူး။ ကျွန်တော်တို့ရဲ့ ဆွေစဉ်မျိုးဆက်တွေ ဒီမှာနေလာကြတာ ဖြစ်ပါတယ်” ဟု ဦးကျော်မင်းက စာရေးသူကို ပြောပြခဲ့သည်။ ထို့ပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နိုင်ငံရေး သမားများသည် စစ်တပ်မှနေ၍ အာဏာကိုရယူရန် ကြိုးပမ်းနေသူများဖြစ်ရာ သူတို့ကျင့်သုံးသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုသည်ကို မိမိအနေဖြင့် ဘယ်လိုနားလည်ရမလဲ မသိကြောင်း ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အစိုးရသည် ဒီမိုကရက်တစ် စံနှုန်းများ ချိုးဖောက်နေသည့် ကိစ္စရပ်များ အပေါ်တွင် ထောက်ခံခြင်းမပြု နှုတ်ဆိတ်နေသည်။ နိုင်ငံရေးပါတီ ကိုးခု (တိုင်းရင်းသားပါတီများ သို့မဟုတ် ဒီမိုကရေစီ လိုလားသော ပါတီများ) က အစိုးရပိုင်ရုပ်သံမှနေ၍ မဲဆွယ်စည်းရုံးရေး ဟောပြောချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆင်ဆာဖြတ်တောက်မှုများကို ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြသည်။ ရခိုင်ပြည်နယ် အခြေစိုက် ရခိုင်အမျိုးသားပါတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ စိတ်ဝင်စားမှု မရှိခြင်းတို့ ပါဝင်နေသဖြင့် ဆင်ဆာဖြတ်တောက်မှု ပြုလုပ်ခံခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အစိုးရက သတင်းအတုတွေ ရေးသားနေသည်ဟ စွပ်စွဲပြီး ဝက်ဘ်ဆိုက် ၁၀၀ ကျော်ကို ပိတ်ပစ်ခဲ့သည်။ ပိတ်ပင်ခံရသော ဝက်ဘ်ဆိုက်များထဲတွင် ခိုင်လုံစိတ်ချရသော မီဒီယာများနှင့် စစ်တပ်၏ အကျင့်ပျက်ခြစားမှုများကို ထုတ်ဖော်နေသော တက်ကြွလှုပ်ရှားသူများ၏ ဝက်ဘ်ဆိုက်များလည်း ပါဝင်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် AA နှင့် တိုက်ပွဲဖြစ်ပွားနေမှုများကို ကန့်ကွက်နေကြသော တက်ကြွလှုပ်ရှားမှုများသည် နိုင်ငံအနှံ့တွင် ဖမ်းဆီးခံနေရသည်။ ရခိုင်အမျိုးသားပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အကြီးအကျယ် အနိုင်ရခဲ့သည်။ သို့သော် ပြည်နယ်တွင်း အနိုင်ရမှုသည် အမျိုးသားလွှတ်တော်တွင်မူ နိုင်ငံရေးပါဝါ ရရှိနိုင်ခြင်း မရှိခဲ့မှုကြောင့် ရွေးကောက်ပွဲ နိုင်ငံရေးကို ယုံကြည်မှု နည်းပါးလာပြီး ပြည်နယ်ခွဲထွက်ရေး တောင်းဆိုနေသော AA တို့ကို ထောက်ခံလာခဲ့ကြသည်။ ယခုနှစ် အစောပိုင်းတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရက တိုင်းနှင့်ပြည်နယ်ရှိ အမတ်များက ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ခွင့်ရရှိရေး တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည်။ ပြည်နယ်လွှတ်တော် အမတ်များက ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ခွင့်ရရေးသည် ဖက်ဒရယ်စနစ် ဖော်ဆောင်ရေးကို ကြိုးပမ်းနေရာတွင် အရေးပါသော ခြေလှမ်းတစ်လှမ်း ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံတွင်း အကြီးမားဆုံးသော ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့ PACE ကို ပိတ်ပင်လိုက်သည်။ အကြောင်းပြချက်ကတော့ ယင်းအဖွဲ့သည် နိုင်ငံခြားမှ ငွေကြေးထောက်ပံ့မှုတွေ ရယူထားခြင်းကြောင့်ဟု ပြောကြားခဲ့သည်။ ဤသို့ တားမြစ်ချက်အပေါ်တွင် နိုင်ငံခြားမှ ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေး အဖွဲ့များက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြသည်။ COVID-19 ကန့်သတ်ချက်များကြောင့် အမေရိကန် အခြေစိုက် တာတာစင်တာနှင့် ဥရောပသမဂ္ဂမှ စောင့်ကြည့်လေ့လာရေး အဖွဲ့များလည်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ရတော့မည် မဟုတ်ပေ။ ရွေးကောက်ပွဲ ကော်မရှင်က နောက်ပိုင်းတွင် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ကို ပြန်ခွင့်ပြုလိုက်သည်။ သို့သော် မဲဆန္ဒရှင် စာရင်းများတွင် နာမည်မှားယွင်းမှု၊ သေဆုံးသူများ ပါဝင်နေမှု အစရှိသော မှားယွင်းမှုများ ရှိနေသည် ဆိုသော ဝေဖန်ချက်များ ထွက်ပေါ်နေသော မဲစာရင်းများကို ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့သည် လေ့လာစုံစမ်းမှုများပြုရန် အချိန်မရတော့မည့် အခြေအနေ ကြုံတွေ့ခဲ့သည်။
ဇူလိုင်လတွင် မဲမပေးရေး ကင်ပိန်းတွေ ထွက်ပေါ်လာသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် သဘောထား ကွဲလွဲခဲ့သော တက်ကြွလှုပ်ရှားသူများက ဤ မဲမပေးရေး ကမ်ပိန်းကို လှုံ့ဆော်ခဲ့ကြခြင်းဖြစ်သည်။ တက်ကြွလှုပ်ရှားသူများက စစ်တပ်က ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် စစ်မှန်သော ရွေးကောက်ပွဲ မဖြစ်နိုင်ဟု လက်ခံထားကြသည်။ မဲမပေးရေး ကြွေးကြော်သံသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်မှုကို စိတ်ကသိကအောက်ဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။ မဲမပေးရေး ကမ်ပိန်းကို တက်ကြွလှုပ်ရှားသူများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ ပါဝင်နေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် နိုင်ငံရေးသမားများသည် စစ်တပ်က ကြီးမှူးကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြဖူးသည်။ သို့သော် ယခုမဲမပေးရေး ကမ်ပိန်းသည် ဒီမိုကရေစီအတွက် သမိုင်းဝင်တိုက်ပွဲကို ထိခိုက်စေသော လုပ်ရပ်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ယူဆထားကြသည်။ ဤသို့ဖြင့် အစိုးရနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲမပေးရေး သပိတ်မှောက်မှုများကို ဖမ်းဆီးခြင်း၊ လှုပ်ရှားမှုကို အားနည်းအောင် ပြုလုပ်ခဲ့သည်။
အစိုးရနှင့် သဘောထား ကွဲလွဲသူများနှင့် စပ်လျဉ်း၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရက သတင်းစကား တစ်ရပ်ကို ပြောကြားလိုက်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသည် ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နေကြောင်း၊ သို့ဖြစ်ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရကို ဆန့်ကျင်သူသည် ဒီမိုကရေစီကို ဆန့်ကျင်နေသူတွေ ဖြစ်ကြောင်း သတင်းစကားပင် ဖြစ်သည်။ လွတ်လပ်စွာ ပြောဆိုခွင့် ကန့်သတ်နေမှုနှင့် စပ်လျဉ်းပြီး အနောက်နိုင်ငံများသည် နှုတ်ဆိတ်နေကြသည်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးနှင့် ပတ်သက်၍ ကုလအထူးကိုယ်စားလှယ် ကောမတ်စ်ဟင်ဒရူးသည် သတင်းဆင်ဆာပိတ်မှုများ အပေါ် ဝေဖန်မှုတွေ ပြုလုပ်နေသူထဲမှ တစ်ဦးပါဝင်သည်။ သူက “သတင်းအချက်အလက်များဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအတွက် နှလုံးခုန်သံဖြစ်တယ်။ အခုတော့ အဲဒီစံနှုန်းနဲ့ မကိုက်ညီပါဘူး” ဟု ရွေးကောက်ပွဲနှင့် ပတ်သက်၍ စက်တင်ဘာလက ကျင်းပခဲ့သော လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲတွင် ကောမတ်စ်ဟင်ဒရူးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ ကိုယ်စားလှယ်က Foreign Policy ကို ယခုလို ပြောပြခဲ့သည်။ မိမိတို့သည် ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကို ဟန်ချက်ညီသော ချဉ်းကပ်မှုဖြင့် လုပ်ဆောင်နေကြောင်း၊ တာဝန်ခံမှုကို အလေးထားနေကြောင်း၊ ဘင်္ဂါလီ (ရိုဟင်ဂျာ) တွေကို စနစ်တကျ ခွဲခြားဆက်ဆံမှုတွေကို ရှုတ်ချကြောင်း၊ သို့သော် ဥရောပသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဖြစ်စဉ်ကို ဆက်လက် ထောက်ခံသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အထက်ပါ ပြဿနာများသည် ရွေးကောက်ပွဲ၏ တရားဝင်မှုကို ထိခိုက်မှု ဖြစ်စေမည်လော အချက်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဖြေသွားခြင်း မရှိပေ။
အနောက်နိုင်ငံများ အနေဖြင့် နှုတ်ဆိတ်နေရခြင်းမှာ တပ်မတော်သည် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးအတွက် အန္တရာယ်ဖြစ်နေဆဲကြောင့် ဖြစ်ဖွယ်ရှိသည်။ တပ်မတော်နှင့် မိတ်ဖက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လွှတ်တော်မှ ရွေးကောက်တင်မြှောက်ထားခြင်း မခံရသော တပ်မတော်ကိုယ်စားလှယ်များ ဖယ်ရှားရေးအဆိုကို ကန့်ကွက်ခဲ့သည်။ တချို့ကလည်း မျှမျှတတ ထောက်ပြတာကတော့ ဖွံ့ဖြိုးစ မြန်မာ့ဒီမိုကရေစီသည် စိတ်ရှည်ဖို့လိုကြောင်း ထောက်ပြကြသည်။ သို့သော် တစ်ပါတီ အာဏာရှင်စနစ်များသည် ဤကဲ့သို့ စိတ်ရှည်ရန် ပြောကြားမှုတွေ ကြားထဲမှာ ပြန်ပေါ်လာနိုင်သည်။ ဥပမာ မြန်မာနိုင်ငံ အနီးအနားရှိ ကမ္ဘောဒီးယားနိုင်ငံမှ ဝန်ကြီးချုပ် ဟွန်ဆန်အပေါ် စိတ်ရှည်ကြပါဟု ပြောကြားနေသည်။ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးအတွက် စိတ်ရှည်ဖို့ ပြောကြားခဲ့ရင်းဖြင့် ဟွန်ဆန် အာဏာရခဲ့သည်မှာ ၃၆ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရေးသည် ရှောင်လွှဲ၍ မရနိုင်ဟူသော ကောက်ချက်ချရမည်ဖြစ်သည်။ ဒီမိုကရေစီသည် သူ့ဖြစ်စဉ်အတိုင်းမှာနေပြီး အဖြေရလဒ်သည် ယင်းအတိုင်းပင်ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီဖြစ်စဉ်ကို အလေးအနက်ထားမှုသည် အနည်းငယ်မျှသာ ရှိနေသည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ (ရိုဟင်ဂျာ) တွေကတော့ ရွေးကောက်ပွဲ ရလဒ်တွေကို စောင့်ကြည့်ဖို့ အချိန်ရှိနေမည် မဟုတ်ပေ။ မည်သည့်ရွေး ကောက်ပွဲမဆို ပါဝင်ပတ်သက်ခွင့် မရကြသူတွေသည် အပြင်လူတွေအဖြစ် ရပ်တည် နေကြမည်သာ ဖြစ်သည်။
၂၉ အောက်တိုဘာ ၂၀၂၀ - ၁၉:၃၆
News ID: 1082073
ရွေးကောက်ပွဲ ကော်မရှင်သည် တိုက်ပွဲများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ကိုးမြို့နယ်ကို ရွေးကောက်ပွဲများပြုလုပ်ရန် မဖြစ်နိုင်တော့ကြောင်း ထုတ်ပြန်ခဲ့သည်။ ကျန် ၁၇ မြို့နယ်များသည် အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၏ အမာခံနယ်မြေများ ဖြစ်နေသည်။